spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စားနပ်ရိက္ခာ၊ ဆေးဝါးများ ကြိုတင်စုဆောင်းထားရန် KNDF သတိပေး

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်များ ပိုမိုလှုပ်ရှားမှု များပြားလာတဲ့အတွက် စစ်ရေးများ ပိုမိုတင်းမာလာနိုင်တာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အခြားလိုအပ်တဲ့ အခြေခံ အသုံးအဆောင်ပစ္စည်းများကို ကြိုတင်စုဆောင်းထားဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က သတိပေးလိုက်ပါတယ်။

“ ပြည်သူလူထုတွေ ကြိုတင်ပြင်ဆင်လို့ ရအောင်ပေါ့လေ။ အဓိက အကြောင်းရင်းက ကျနော်တို့ ကယား(ကရင်နီ)ပြည်နယ်မှာ စကစ က စစ်ရေး လှုပ်ရှားမှုတွေ အရှိန်အဟုန်မြင့်စွာ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်တယ်။ နောက်ပြီးတော့ တပ်အပြောင်းအလဲတွေလည်း ရှိနေတယ်ပေ့ါ။ တပ်လှုပ်ရှားမှု အရှိန်အဟုတ် လုပ်ဆောင်နေတဲ့အပေါ်မှာက ပြည်နယ်အတွင်းမှာ ရှိတဲ့ ကရင်နီတပ်မတော်နဲ့သော်လည်းကောင်း၊ကရင်နီအမျိုးသားကာကွယ်ရေးတပ်နဲ့သော်လည်းကောင်းအချိန်မရွေး၊ နေရာမရွေးပေါ့လေ။ တိုက်ပွဲတွေ ဖြစ်ပွားနိုင်တယ်။ အကယ်၍ တိုက်ပွဲဖြစ်ပြီဆိုရင်တော့ ပြည်သူဖက်က တဖက်မှာလည်း ကိုဗစ် အကြပ်အတည်းဖြစ်နေသလို တဖက်မှာ စစ်ဖြစ်လာပြီဆိုရင်တော့ ဒီအတောအတွင်းမှာ ကြိုတင်ပြင်ဆင်လို့ရအောင်ဆိုပြီး ကျနော်တို့ အသိပေးရခြင်း ဖြစ်တယ်ပေါ့လေ။” လို့ KNDF ရဲ့ သတင်းနဲ့ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လူသားတစ်ဦးအတွက် အခြေခံ လိုအပ်မဲ့ ဆေးဝါးကို အဓိက ပြင်ဆင်ရမှာဖြစ်ပြီး ဒုတိယတချက် အနေနဲ့ မိုးရာသီမှာ မိုးလုံအောင် နေနိုင်ဖို့အတွက် အိမ်ထောင်စုတစ်စုကို အနည်းဆုံး မိုးကာ သုံးချပ် ဝယ်ယူထားသင့်တယ်လို့ ဆိုပါတယ်။ တောထဲမှာ နေထိုင်ရတဲ့အခါ သောက်သုံးရေတွေကို မိုးကာနဲ့သာ ခံပြီး စုဆောင်းထားရတဲ့အတွက် မိုးကာကို လုံလောက်စွာ ကြိုတင်ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ထပ်မံ အသိပေးထားပါတယ်။

ဒါ့အပြင် ဆန်တွေကိုလည်း ကျေးရွာတိုင်းက အဆင်သင့် ပြင်ဆင်ထားဖို့ လိုအပ်သလို အမျိုးသမီးအသုံးအဆောင် ပစ္စည်းများ၊ ကလေးငယ်တွေအတွက် လိုအပ်တဲ့ အသုံးအဆောင်များ၊ ရိက္ခာခြောက် ( အလွယ်တကူသယ်လို့ရမယ့် ပစ္စည်း)၊ ကြာရှည်ခံနိုင်မဲ့ ပစ္စည်း စတာတွေကို အဆင်သင့် ပြင်ဆင်ထားဖို့လည်း အသိပေးထားပါတယ်။

လက်ရှိမှာတော့ ကရင်နီပြည်နယ်တွင်း လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေး၊ ဘောလခဲမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီ တပ်များနဲ့ ကရင်နီ တပ်မတော် (KA) ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ပူးပေါင်း တပ်ဖွဲ့များကြား စစ်ရေး တင်းမာနေဆဲ ဖြစ်ပါတယ်။

ယမန်နေ့ ဩဂုတ်လ ၈ ရက်နေ့မှာ ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ အကြမ်းဖက်စစ်ကောင်စီ တပ်များနဲ့ ကရင်နီ တပ်မတော် (KA) ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ပူးပေါင်း တပ်ဖွဲ့များကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ဆယ်ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

spot_img
spot_img