ကန္တာရဝတီတိုင်း(မ်)
မိုးကာနဲ့ မိုးထားတဲ့ ဝါးတဲအိမ်ငယ်လေးထဲ လင်မယားနှစ်ယောက်ထိုင်ရင်း စကားတွေ ဖောင်ဖွဲ့နေကြပါတယ်။ ခဏအကြာမှာ သုံးနှစ်အရွယ်သားငယ်လေးဟာ သူငယ်ချင်းတွေနဲ့ဆော့နေရင်း လင်မယားနှစ်ယောက်ထဲက မိခင်ဖြစ်သူဆီကို အပြေးလာပြီး အချိုရည်သောက်ချင်ကြောင်း ပူဆာပြီးငိုပါတော့တယ်။
ကလေးငယ် အငိုတိတ်ဖို့ နည်းမျိုးစုံနဲ့ ချော့ပေမဲ့လည်း မအောင်မြင်တဲ့အဆုံး မိခင်ဖြစ်သူဟာ အဖြူရောင်ဆေးဘူးခွံထဲ ထည့်သိမ်းထားတဲ့ ထိုင်းငွေ ၁၀ ဘတ်တန် ( မြန်မာကျပ်ငွေ တထောင်ကျော်တန်ဖိုးရှိ ) အကြွေစေ့ကို ဖခင်ဖြစ်သူကို လှမ်းပေးလိုက်ပါတယ်။ သားအဖနှစ်ယောက် စစ်ရှောင်စခန်းက ဆိုင်ငယ်လေးဆီကို ဈေးဝယ်ထွက်လာကြပြီး၊ ၅ ဘတ်တန်အချိုရည်ဘူးလေး ရရှိသွားတဲ့ကလေးငယ်လေးကတော့ ပြုံးလို့ ရွှင်လို့ နေပါတော့တယ်။
စစ်ရှောင်စခန်းမှာ ၀င်ငွေမရှိသေးတဲ့အတွက် နောက်ထပ် အချိုရည်ထပ်ပူဆာလာမယ့် သားလေးအတွက် ကျန်တဲ့ ငါးဘတ်( ကျပ် ၅၀၀ )ကို အဖေဖြစ်သူက သေချာသိမ်းထားလိုက်ပါတယ်။
နေ့စဥ်နေ့တိုင်း မုန့်တွေတောင်းစားနေပေမဲ့ တပတ်မှာ တကြိမ်နှစ်ကြိမ်သာ အများဆုံးဝယ်ကျွေးဖြစ်တယ်လို့ ကလေးရဲ့မိခင်ဖြစ်တဲ့ မော်ဘူးမယ်က ပြောပါတယ်။
“ကလေးတွေငိုရင် ဒီအတိုင်းပဲ တမျိုးပြီးတမျိုး ပုံစံပြောင်းချော့ယူရတယ်။ သင်္ဘောသဖန်းသီးတွေလိုက်ခူးစားပေးတာမျိုးတွေ၊ သူများဆိုင်ကယ်တွေနဲ့ သူ့အာရုံပြောင်းအောင်လုပ်တာမျိုးတွေ ရှိတယ်။ သူ့ကိုရိုက်ရင်တောင် ကလေးအခွင့်အရေးတွေလည်းရှိတယ်။ ကျမအဲဒီလိုမျိုးတွေးတော့ သူ့ကို တနေရာပြီးတနေရာ ချော့ခေါ်သွားတာမျိုး ၊ သူများ ကားပုံတွေနဲ့ ပြပေးတာမျိုးတို့လုပ်ပြီး သူတိတ်အောင်လုပ်တယ်။ တခါတလေဆိုရင် မရတော့ဘူး။ ဒီအတိုင်းပဲ ငိုနေလိုက်တာမျိုးတွေရှိတယ်။” လို့ မော်ဘူးမယ်က ပြောပါတယ်။
နေ့စဥ်ချက်ပြုတ်ဖို့အတွက် ဟင်းစားတွေလည်းဝယ်ယူရပြီး အနည်းဆုံး ၂၀ ဘတ်(ကျပ်နှစ်ထောင်ကျော်)ကနေ စတင်ပေးဝယ်ရတဲ့အတွက် ကလေးမုန့်ဖိုးကို ဦးစားမပေးနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ မော်ဘူးမယ်ဟာ ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ စစ်ရှောင်စခန်းတခုမှာ ခင်ပွန်းနဲ့ သုံးနှစ်အရွယ်သားတဦးတို့ အတူနေထိုင်နေလာတာ တနှစ်ကျော်ရှိလာပြီဖြစ်ပါတယ်။ သူတို့ဟာ ရှားတောမြို့နယ် မြောက်ပိုင်းစုစည်းရပ်ကွက်ကဖြစ်ပြီး တိုက်ပွဲတွေကြောင့် စစ်ရှောင်ရင်း ထိုင်း-ကရင်နီနယ်စပ်က စစ်ရှောင်စခန်းကို ရောက်ရှိလာတာဖြစ်ပါတယ်။
အဲဒီစစ်ရှောင်စခန်း စစ်ရှောင်တွေဟာ ကရင်နီပြည်တွင်းနေရာအနှံ့ကနေ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေဖြစ်ပြီး လက်ရှိ စစ်ရှောင်လူဦးရေ ၃ ထောင်ဝန်းကျင်ရှိနေပါတယ်။
စားဝတ်နေရေးအတွက် အလှူရှင်တွေရဲ့ လစဥ်အထောက်အပံ့ကိုသာ အဓိကမှီခိုနေရပြီး ဖူလုံမှုမရှိဘူးလို့ဆိုပါတယ်။
“ပြီးခဲ့တဲ့ တရက်ဆိုရင် ကျမတို့ ဆန်နှစ်ခွက်ပဲချက်တယ်။ နေ့လယ်တော့ ကျမကလေးက ထမင်းဆာလို့ငိုတာ။ ကျမထပ်ချက်မယ်ဆိုရင်လည်း အိမ်မှာက ဆန်တွေကုန်နေပြီ။ အဲဒီတော့ ဆန်တွေသွားထုတ်တာကိုပဲ ကျမစောင့်ပြီး ပြန်လာချက်ပေးလိုက်တယ်။” လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
အဲဒီလို ဆန်တွေပြတ်တဲ့ အချိန်မျိုးမှာ အတူနေထိုင်တဲ့ အနီးအနားက စစ်ရှောင်မိသားစုဆီက ဆန်တွေ ခဏတာချေးယူမယ်ဆိုရင်တောင် ဘဝတူစစ်ရှောင်တွေ ဖြစ်နေတဲ့အတွက် ချေးယူဖို့ ဆန်ရှိမနေပါဘူး။ ဒါ့အပြင် အဆာပြေအစာတွေ ဝယ်ယူမစားသုံးနိုင်တဲ့အတွက် ထမင်းဟာ သူတို့ရဲ့ နေ့စဥ်ရှင်သန်ဖို့နဲ့ အာဟာရ ရရှိဖို့ အစားအစာဖြစ်နေပါတယ်။
အရင်နှစ်တွေက စစ်ရှောင်တွေအတွက် ဆန်တယောက်တပုံး( ၁၅ ကီလို )နဲ့ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ငါးသေတ္တာဗူး စတဲ့ ရိက္ခာခြောက်တချို့အထိ ရရှိခဲ့ပေမဲ့၊ ၂၀၂၃ ခုနှစ်ပိုင်းကစပြီး ဆန်တခုသာ ပုံမှန်ရရှိတော့တယ်လို့ သိရပါတယ်။
ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ အဲဒီစစ်ရှောင်စခန်းမှာ ရိက္ခာအကူအညီရရှိတဲ့ ပမာဏဟာ ၂၀၂၃ ခုနှစ် နှစ်လယ်နောက်ပိုင်း တဖြည်းဖြည်းလျော့နည်းလာတယ်လို့ စစ်ရှောင်စခန်းကော်မတီ အတွင်းရေးမှူး ၁ ခွန်းရောဘတ်က ပြောပါတယ်။
“အရင်တုန်းကဆိုရင် ဒီ ၂၀၂၂ တုန်းကဆိုရင် တလဆိုရင် လတိုင်းလိုလို ဆီကလာတယ်။ ပြီးတော့ တအိမ်ထောင်ဆိုလို့ရှိရင်လည်း တခါရရင် နှစ်လိ ( နှစ်လီတာ ) ရတယ်ပေါ့နော။ ဒါပေမယ့် ၂၀၂၃ နှစ်ဝက်ကနေစပြီးတော့မှ ဆီတွေဆိုလို့ရှိရင်လည်း နှစ်လတခါတို့ သုံးလတခါတို့ပြီးရင် တခါရရင်လည်း တအိမ်ထောင်ကို တလိ(တလီတာ) အောက်ပဲ ရတာတို့ ရှိလာတယ်ပေါ့နော။” လို့ စစ်ရှောင်စခန်းကော်မတီ အတွင်းရေးမှူး ၁ ခွန်းရောဘတ်က ပြောပါတယ်။
လက်ရှိမှာ စစ်ရှောင်အတွက် ရိက္ခာကို လူကြီးတယောက်အတွက် ဆန် ၁၄ ကီလို ထုတ်ပေးပြီး တလကို သုံးကြိမ်ခွဲထုတ်ပေးတာဖြစ်ပါတယ်။
အသက် ၆၀ နှစ်ရှိပြီးဖြစ်တဲ့ မော်မယ်ကလည်း သားတယောက်၊ သမီးတယောက်နဲ့အတူ အဲဒီစစ်ရှောင်စခန်းမှာ နေထိုင်နေပါတယ်။ နေ့စဥ် နေထိုင်စားသောက်ဖို့အတွက် မုန့်ဆိုင်ငယ်လေးဖွင့်ပြီး ရုန်းကန်နေကြရတယ်။
“သူများထုတ်ပေးတဲ့ ဆန်တွေကတော့ လောက်တယ်၊ ဒါပေမဲ့ ဟင်းတွေကတော့ မလောက်ဘူး။ နည်းနည်းပဲထုတ်တယ်၊ တခါတလေတော့ ပါတယ်၊ တခါတလေတော့ မပါဘူး မလောက်ဘူး၊ ကုလားပဲလည်း အချိန်တိုင်း မပါဘူး ဆီကောပဲ၊ တခါတလေကတော့ ဆန်တွေပဲ၊ ဟင်းတွေကတော့ ကိုယ့်ကို သွားရှာစားတာပေါ့။” လို့ အသက် ၆၀ နှစ်ရှိပြီးဖြစ်တဲ့ မော်မယ်ကပြောပါတယ်။
သူမဟာ ဒီးမော့ဆိုမြို့ ဒေါညေးခူကျေးရွာဇာတိဖြစ်ပြီး တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်လာခဲ့တာပါ။ အဲဒီစစ်ရှောင်စခန်းကို ရောက်ရှိနေတာ နှစ်နှစ်နီးပါးရှိနေပါပြီ။ ဒေါညေးခူကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားတာတွေ နည်းလာပေမဲ့ နေရပ်ပြန်ဖို့ အတွက် မြေမြုပ်မိုင်းဆိုတဲ့ စိန်ခေါ်မှုကြီးတခုဖြစ်နေပါသေးတယ်။
ဒါ့အပြင် စစ်ရှောင်တွေအတွက် နိုင်ငံတကာအလှူတွေနဲ့ ဒေသတွင်း အလှူတွေပိုနည်းလာပြီး ကရင်နီမှာ တိုက်ပွဲပိုမိုကျယ်ပြန့် လာတဲ့အတွက် စိုက်ပျိုးထုတ်လုပ်နိုင်တဲ့ ရိက္ခာပမာဏလည်း လျော့လာနိုင်တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) ကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲဧရိယာတွေ ပိုမိုကျယ်ပြန့်လာခဲ့တဲ့အတွက် ဒေသခံတွေဟာ တောင်ယာတွေ မစိုက်ပျိုးနိုင်တော့သလို စိုက်ပျိုးထားတဲ့ ဧရိယာတွေလည်း လက်လွှတ်လိုက်ရတဲ့အတွက် အခုနှစ် ရိက္ခာတွေ ပိုမိုနည်းပါးလာနေတယ်လို့ IEC ရဲ့ အတွင်းရေးမှူး ၂ ဖြစ်တဲ့ ဦးဗညားက ပြောပါတယ်။
“ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်စေ၊ လူသားချင်းစာနာထောက်ထားမှုအဖွဲ့တွေဖြစ်စေ၊ အလှူငွေတွေက ကျသွားတာပေါ့နော။ အဲဒီအတွက်ကြောင့်မလို့ ကျနော်တို့ ဒီ၂၀၂၄ မှာ စိုးရိမ်စရာနှစ်တနှစ်အဖြစ် ကျနော်တို့ သတ်မှတ်လိုက်တယ်။ အခြေခံကျနော်တို့စိုးရိမ်တာက ဒီနှစ် သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ အထိပေါ့နော။ အဲဒီသုံးလအတွင်းမှာ ကျနော်တို့ စားနပ်ရိက္ခာနဲ့ပတ်သက်ပြီး စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ကျနော်တို့က သုံးသပ်လို့ရတယ်။” လို့ IEC ရဲ့ အတွင်းရေးမှူး ၂ ဖြစ်တဲ့ ဦးဗညားက ပြောပါတယ်။
စစ်ရှောင်စခန်းမှာ ရိက္ခာတွေတဖြည်းဖြည်း လျော့လာတဲ့အတွက် နေ့စဥ်စားသုံးနိုင်ဖို့ဟင်းတွေကို တောတောင်တွေထဲ ရှာဖွေစားသောက်ချင်ပေမဲ့ ကိုယ်ကျွမ်းကျင်တဲ့ နယ်မြေမဟုတ်တဲ့အတွက် မသွားရဲဘူးလို့ မော်မယ်က ပြောပါတယ်။
“ရွာမှာနေတုန်းက နှမ်းတွေ မြေပဲတွေလုပ်တော့ ဆီက ကိုယ့်ကို ကြိတ်စားတယ်။ ဟင်းတွေကတော့ ဆိုင်ထဲမှာပဲ ဝယ်စားတာပေါ့။ သဘာဝထဲ ကိုယ့်ကို ရှာစားနိုင်တဲ့ဟာတွေ ကိုယ့်ကိုရှာစားနိုင်တယ်။ ဒီမှာလည်း ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ ကိုယ့်ရွာမဟုတ်တော့ မသွားရဲဘူး။ ကုလားပဲထုတ်ပေးရင်တော့ ကုလားပဲစားတယ်။ မထုတ်ပေးရင်တော့ ကြက်သွန်ဝယ်ပြီး ကြက်သွန်တွေ ချက်စားတယ်၊ အာလူးတို့ ခရမ်းချဉ်သီးတို့လာရောင်းရင်တော့ ဝယ်စားတာပေါ့။ ပိုက်ဆံမရှိရင်တော့ ငတ်တာပေါ့။ မဟုတ်ရင်လည်း ဘယ်မှာသွားရှာစားရမလဲမသိတာ။” လို့ မော်မယ်ကပြောပါတယ်။
အဲဒီစစ်ရှောင်စခန်းမှာလည်း တောင်ယာတွေ စိုက်ပျိုးလုပ်ကိုင်လို့မရသလို ဝင်ငွေရအလုပ်အကိုင်အနေနဲ့ ဆပ်ပြာဖျော်၊ ယက်ကန်းယက် စတဲ့ အိမ်တွင်းမှုပညာ အနည်းအကျဥ်းသာရှိနေပါတယ်။ သို့ပေမဲ့ စစ်ရှောင်တွေကတော့ ကုန်ကြမ်းထည်တွေမဝယ်ယူနိုင်တဲ့အတွက် အဲဒီအလုပ်တွေလုပ်ပြီး ဝင်ငွေရှာဖို့ ခက်ခဲနေကြတာပါ။
မော်ဘူးမယ်ရဲ့ ခင်ပွန်းဖြစ်သူကတော့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ တောင်ယာသွားရင်း ဆိုင်ကယ်နဲ့အပြန်လမ်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲတာနဲ့တိုးပြီး ခြေတောက်တဖက် ဒဏ်ရာရခဲ့ပါတယ်။
လုံလောက်တဲ့ ဆေးဝါးကုသမှုမရတဲ့အတွက် ဒဏ်ရာသက်သာပေမဲ့ အရင်ကလို အလုပ်ကြမ်းတွေလုပ်ကိုင်နိုင်ဖို့ ခက်ခဲနေပါတယ်။
စစ်ရှောင်စခန်းမှာ ကိုယ်တတ်တဲ့ပညာရပ်နဲ့ ဝန်ထမ်းပြန်လုပ်ဖို့လည်း သူမကိုယ်တိုင် ငယ်စဥ်ကတည်းက ကျောင်းမတက်ခဲ့ရတဲ့အတွက် မြန်မာစာမဖတ်တတ်သလို၊ ပြောတတ်ဖို့နဲ့ နားလည်ဖို့တောင် မော်ဘူးမယ်အတွက် ခက်ခဲနေပါတယ်။
ကုလသမဂ္ဂရဲ့ မေလ ၃ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လူဦးရေ ၁၈.၆ သန်းဟာ လူသားချင်းစာနာမှုအကူအညီလိုအပ်နေပြီး၊ လူဦးရေရဲ့ ၁၂.၉ သန်းဟာ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ကရင်နီပြည်မှာတော့ အာဏာသိမ်းပြီးသုံးနှစ်အထိ စစ်ဘေးရှောင် နှစ်သိန်းရှစ်သောင်းကျော်ရှိနေတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) ရဲ့ ၂၀၂၄ခုနှစ် မေလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တောင်ယာလုပ်ငန်းကို အဓိကအားကိုးပြီး အသက်မွေးဝမ်းကြောင်းပြုကြတဲ့ ကရင်နီပြည်မှာတော့ တိုက်ပွဲဖြစ်ပွားပြီးဒေသတွေကို အလွယ်တကူပြန်နေဖို့ ခက်ခဲသလို မြေမြှပ်မိုင်းအန္တရာယ်လည်းရှိနေပါတယ်။
ကရင်နီပြည်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ကျေးရွာမှာ တော်လှန်ရေးတပ်ဖွဲ့ဘက်ကရော စစ်ကောင်စီဘက်ကပါ ထိရောက်တဲ့ နယ်မြေရှင်းလင်းရေးတွေ မပြုလုပ်နိုင်သေးပါဘူး။
ကန္တာရဝတီတိုင်း( မ် ) ရဲ့ လက်လှမ်းမီသလောက် ပြုစုထားတဲ့စာရင်းအရ အာဏာသိမ်းပြီး သုံးနှစ်အတွင်း နေရပ်ပြန်တဲ့ စစ်ရှောင် ၃၄ ဦး မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရခဲ့ပြီး ၁၅ ဦးဟာ သေဆုံးခဲ့ရပါတယ်။
နေရပ်ကိုပြန်ချင်ပေမဲ့ စိန်ခေါ်မှုကြီးမားနေသေးတဲ့အတွက် မပြန်ရဲသေးတဲ့ မော်မယ်ကတော့ စစ်ရှောင်စခန်းမှာ ကြိုးစားနေထိုင်ရတယ်လို့ ပြောပါတယ်။
“နိုင်ငံရေးအခြေအနေ စောင့်ကြည့်ရမှာပေါ့၊ ကိုယ့်ရပ်ရွာကိုယ်တော့ ပြန်ချင်တာပေါ့၊ ဒီမှာတော့ အတည်မနေချင်ပါဘူး၊ သူများကျွေးတာနဲ့စားတဲ့ဟာတွေက မလုံလောက်ဘူး၊ ပြန်ချင်တာပေါ့၊ ဒီမှာကြိုးစားပြီးနေရတာ။” လို့ မော်မယ်ကပြောပါတယ်။
ကျေးရွာမှာ နေထိုင်ခဲ့သလိုမျိုး ပင်ပင်ပန်းပန်းအလုပ်မလုပ်ရဘဲ ပိုနားနေရပေမဲ့ ကိုယ့်ကျေးရွာတွေမှာလို စိတ်မပျော်ရွှင်ဘူးလို့ သူကဆက်ပြောပါတယ်။ ကျန်ခဲ့တဲ့ အိုးအိမ်တွေဟာလည်း ပျက်စီးယိုယွင်းသွားတဲ့အပြင် ဖောက်ထွင်းခိုးယူခံထားရတယ်လို့ ရွာမှာကျန်ခဲ့တဲ့ သူမရဲ့ ဆွေမျိုးတွေက ပြန်ပြောပြလာပါတယ်။
ကလေးငယ်တဖက်နဲ့ လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတခုမှာနေထိုင်တဲ့ စီစီးလျာကတော့ အဲဒီစစ်ရှောင်စခန်းမှာ ဖျားနာရင်တောင် ကုသဖို့လုံလောက်တဲ့ဆေးဝါးမရှိဘူးလို့ ပြောပါတယ်။
“နှာစေးပြီး အဖျားဖြစ်နေတယ်။ ဆေးခန်းသွားပြပေမဲ့ ဆေးခန်းက ပါရာပဲ ပေးတယ်။ ဒါပေမဲ့ မထူးတော့ဘူး။ ပါရာ တမျိုးပဲ ပေးတယ်ကော။ တလနီးပါးဖြစ်တယ်။ ကယားရိုးရာတွေကို သွားမေးကြည့်တယ်။ ကြက်ဥတွေနဲ့လည်း တိုက်ကြည့်သေးတယ်။ အဲဒီလို လျောက်လုပ်ကြည့်ရင်းနဲ့ နည်းနည်းသက်သာလာတယ်။” လို့ စီစီးလျာက ပြောပါတယ်။
ယခုနှစ်တွေမှာလည်း တိုက်ပွဲဖြစ်တဲ့ဧရိယာပိုကျယ်ပြန့်လာတဲ့အတွက် ဆေးဝါးသယ်ယူဖို့ ပိုမိုခက်ခဲလာပြီး ဖျားနာလာပါက စစ်ရှောင်ဆေးခန်းမှာ ရှိတဲ့ဆေး( ပါရာ ) ကိုပဲ အသုံးပြုရတယ်လို့ ဆိုပါတယ်။
ရောဂါပြင်းထန်တဲ့လူနာတွေကိုတော့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းအထိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ကြားက သွားကုသရတယ်လို့ ဆိုပါတယ်။
နေရပ်ပြန်ဖို့ကလည်း ကျန်ရစ်ခဲ့တဲ့နေအိမ်ဟာ ပြာကျသွားခဲ့ပြီး အစကနေ ပြန်လည်တည်ဆောက် ယူရမယ့်အခြေအနေဖြစ်နေပါတယ်။ လက်ရှိမှာတော့ အဲဒီစစ်ရှောင်စခန်းမှာ မူလတန်းကို စာသင်ပေးနေရပါတယ်။
၂၀၂၄ မတ်လ ၂၃ ရက်နေ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေရဲ့ ထုတ်ပြန်ချက်အရ ကရင်နီပြည်မှာ တော်လှန်ရေးသုံးနှစ်အတွင်း နယ်မြေဧရိယာရဲ့ ၉၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိန်းချုပ်ထားနိုင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) ကလည်း နေရပ်ပြန်လို့ရတဲ့ ဒေသတချို့အတွက် ပြင်ဆင်မှုတွေပြုလုပ်နေပြီလို့ ကန္တာရဝတီတိုင်း( မ် ) ကို ဖြေကြားခဲ့ပါတယ်။
စစ်ကောင်စီကတော့ စစ်ရှောင်စခန်းတွေအထိပါ လက်နက်ကြီးလေကြောင်းပစ်ကူတွေနဲ့ ပစ်ခတ်လာတဲ့အတွက် စစ်ရှောင်တွေဟာ နေ့စဥ်နေထိုင်စားသောက်ရေးအပြင် အသက်ရှင်သန်ဖို့လည်း စိန်ခေါ်မှုတခုဖြစ်နေပါသေးတယ်။
“အမြဲပြန်ချင်တယ်။ ပြန်လို့မရသေးတော့ ကြိုးစားပြီးနေနေတယ်။ ဒီမှာနေတာက ပျော်တယ်လို့ တခါမှ မခံစားမိဘူး။ ရွာမှာက ဘယ်လောက်ပဲခက်ခဲခက်ခဲ ပျော်တယ်။” လို့ မော်မယ်က ပြောဆိုလိုက်ပါတယ်။