spot_img
Tuesday, March 5, 2024
spot_imgspot_img

စားဝတ်နေရေးအခက်အခဲကြောင့် ဘိန်းစိုက်ပျိုးလာကြတဲ့ စစ်ရှောင်များ

ကန္တာရဝတီတိုင်း(မ်)

“အရင်က စစ်မရှောင်ခင်က လယ်ယာစိုက်စားတယ်ပေါ့၊ အခုစစ်ရှောင်တော့ စိုက်စရာလယ်ကွက်လဲမရှိ၊ ခြံသေးသေးလေးထဲမှာ ပြောင်းဖူးတွေ ပဲပင်တွေစိုက်တော့လည်း မသန် မစားရဘူးလေ၊ အဲ့တာကြောင့် သူများတွေစိုက်တဲ့ ဒီဆေးခင်းကို လိုက်စိုက်ကြည့်တာပေါ့၊ နည်းနည်းလေးစားဝတ်နေရေးအတွက်ပိုအဆင်ပြေမလားလို့.. စိုက်ကြည့်တာပေါ့နော်။”

ဒါကတော့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းတနေရာမှာ စစ်ရှောင်နေတဲ့ ဒေါ်နန်းမူ ပြောတဲ့စကားပါ။
ဒေါ်နန်းမူတို့ရဲ့ ဆေးခင်းတွေရှိရာနေရာဟာ တောင်ကုန်းတောင်တန်းတွေများပြီး အဖြူအနီ တွေနဲ့ ရောင်စုံပွင့်နေတဲ့ ဘိန်းပန်းတွေနဲ့မို့ မြင်သူအဖို့ ငေးမောရလောက်အောင် လှပနေပါတယ်။

ဒါပေမဲ့လည်း ဒေါ်နန်းမူပြောတဲ့ ဆေးခင်းဆိုတာက ဘိန်းခင်း၊ ဘိန်းပင်စိုက်ခင်းကို ဆိုလိုတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ မေလ ကစလို့ ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားတာခဲ့တာ လက်ရှိအချိန်ထိပါ။ ဒေသခံပြည်သူတွေဟာလည်း စစ်ဘေးရှောင်လာခဲ့တာ တိုက်ပွဲစတဲ့ချိန်ကနေ ဒီနေ့ချိန်ထိပဲဖြစ်ပါတယ်။ နှစ်နှစ်ကျော် အချိန်ကာလဟာ တိုတောင်းတယ်လို့ ထင်ရပေမဲ့လည်း အခက်အခဲပေါင်းများစွာနဲ့ ဖြတ်သန်းနေရတဲ့ စစ်ရှောင်တွေအတွက်ကတော့ ကြာရှည်လှတဲ့ အချိန်ကာလတခုဖြစ်ပါတယ်။

ဒီလို အချိန်ကာလကြာမြင့်လာတာကြောင့် စားဝတ်နေရေး၊ လုံခြုံရေး၊ ကျန်းမာရေး စတဲ့အခြေခံ လိုအပ်ချက်တွေဟာ စစ်ရှောင်တွေအတွက် ကြီးမားတဲ့ အခက်အခဲတွေဖြစ်လာတာပါ။

အရင်တုန်းကတော့ တိုက်ပွဲတွေဟာ တပတ်၊ တလ၊ တနှစ် လောက်ပဲကြာမယ်လို့ တွေးထင်ထားခဲ့ပေမဲ့လည်း အခုအချိန်ထိ မပြီးဆုံးနိုင်သေးပါဘူး။ အစပိုင်းစစ်ရှောင်ကာလတွေမှာ စစ်ဘေးရှောင်တွေအတွက် အလှူရှင်အများအပြားရှိပြီး အပြိုင်အဆိုင်လာရောက်လှူဒါန်းနိုင်ခဲ့ပေမဲ့လည်း အချိန်ကာလကြာလာတာနဲ့အမျှ တိုက်ပွဲတွေပိုမိုပြင်းထန်လာပြီး စစ်ရှောင်အရေအတွက် တိုးလာသလို ၊ လမ်းတွေပိတ်၊ကုန်စျေးနှုန်းတွေတက်၊ လုံခြုံမှုနည်းပါးလာတာတွေကြောင့် အလှူရှင်တွေဟာလည်း တဖြည်းဖြည်းနည်းပါးလာပါတယ်။

ဒီအခက်အခဲစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်တွေဟာ ဘိန်းစိုက်ပျိုးမှုကိုဦးတည် လုပ်ကိုင်လာကြပါတယ်။

“ လယ်လုပ်လည်းအဆင်မပြေ ယာလုပ်လည်းအဆင်မပြေတော့ လုပ်စမ်းကြည့်တာပါ။ တခါမှလည်း မလုပ်ဖူးပါဘူး ဆန်ဖိုးတို့ ဆီဖိုးတို့နည်းနည်းလေးရမလားပေါ့” လို့ ဒီးမော့ဆိုမြို့ နယ်အနောက်ဘက်ခြမ်းမှာ စစ်ရှောင်နေတဲ့ ဦးနု (အမည်လွှဲ) ကပြောပါတယ်။

ဦးနု (အမည်လွှဲ) ကတော့ တခြားဒေသတခုကနေ ဒီးမော့ဆိုအနောက်ဘက်ခြမ်းကိုလာရောက်စစ်ရှောင်နေတာပါ။ ဦးနု(အမည်လွှဲ) တို့ နေထိုင်တဲ့ ဒေသမှာတော့ တိုက်ပွဲတွေရှိနေဆဲဖြစ်တာကြောင့် နေရပ်ပြန်လို့မရသေးတဲ့အပြင် ၊ ကျန်နေခဲ့တဲ့ လယ်ယာစိုက်ခင်းတွေဆီကို ပြန်သွားစိုက်ပျိုးလုပ်ကိုင်လို့မရသေးပါဘူး။ လက်ရှိကတော့ စိုက်ပျိုးမြေမရွေးတဲ့ ဘိန်းပင်တွေကို စိုက်ပျိုးပြီး စားဝတ်နေရေးကိုဖြေရှင်းနိုင်ဖို့ ဦးနု(အမည်လွှဲ) က မျှော်လင့်နေပါတယ်။

ဦးနုတို့ရဲ့ ဆေးစိုက်ခင်း(ခေါ်) ဘိန်းစိုက်ခင်း ရှိနေတဲ့ တောင်ယာအနီးမှာလည်း ဘိန်းစိုက်ပျိုးသူတွေ အများအပြားရှိနေပြီး အများစုက စစ်ရှောင်တွေဖြစ်ကြတယ်လို့ သိရပါတယ်။ ဒေသခံရွာသား လည်းပါဝင်ကြပါတယ်။ ဦးနုတို့နေထိုင်တဲ့ စစ်ရှောင်စခန်းမှာဆိုရင် လူဦးရေတဝက်ကျော်ဟာ ဘိန်းကိုဘဲစိုက်ပျိုးနေကြတယ်လို့ဆိုပါတယ်။

စစ်ရှောင်တွေကတော့ ကိုယ်ပိုင်မြေယာတွေမရှိတာကြောင့် ဒေသခံတွေရဲ့ တောင်ယာခင်းတွေကို ငှားပြီးစိုက်ပျိုးကြရတာပါ။ တဧကကို တသိန်းခွဲပေးပြီး ငှားရမ်းရပါတယ်။ ဒေါ်နန်းမူဟာအရင်နှစ်တွေတုန်းက အခြားသီးနှံတွေကိုစိုက်ပျိုးခဲ့ပေမဲ့လည်း အထွက်နည်းတာတွေ၊ စျေးနည်းတာတွေကြောင့် မစိုက်ပျိုးတော့ဘဲ ဘိန်းကိုသာရွေးချယ် စိုက်ပျိုးခဲ့တာ ၂နှစ်ရှိပါပြီ။

“အခက်အခဲတွေလည်းအများကြီးရှိပါတယ်။ စပေါက်တဲ့ချိန်ကနေ ဟို ယူတဲ့ထိဆို မလွယ်ဘူး။ ဘိန်းစိုက်ရတာ လမ်းသွားရတာလည်းအဆင်မပြေဘူး။ စွန့်စားရတယ်။ ရိက္ခာတွေလည်းသယ်သွားရတယ် ဆိုတော့ တအားပင်ပန်းတယ်။” လို့ ဒေါ်နန်းမူ ကဆိုပါတယ်။

ဒေါ်နန်းမူကတော့ အခြားသီးနှံတွေကို စိုက်ပျိုးတဲ့နေရာမှာ အထောက်အပံ့တွေကို ရရှိခဲ့မယ်ဆိုရင်တော့ ဘိန်းအစားထိုး ရေရှည်သီးနှံတွေကို စိုက်ပျိုးချင်တယ်လို့ ပြောပါတယ်။

“အဖွဲ့အစည်းတွေဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် အခြားအစားထိုးအသီးအနှံတွေ၊ မြေတွေ အဲ့လိုပေးမယ်ဆိုရင် အခြားအစားထိုးအသီးအနှံဘဲ ပိုစိုက်ချင်ပါတယ်။ ဥပမာ သစ်တော်သီးတို့ လိမ္မော်သီးတို့ အဲ့လိုမျိုးပေါ့။” လို့ ပြောပါတယ်။

ဒေါ်နန်းမူနဲ့ ဦးနုတို့နေထိုင်တဲ့ စစ်ရှောင်စခန်းနဲ့ သွားရောက်စိုက်ပျိုးလုပ်ကိုင်နေတဲ့ ဘိန်းစိုက်ခင်းရှိရာနေရာဟာ အလွန်ဝေးလံပြီး လမ်းခရီးဟာလည်း ခက်ခဲကြမ်းတမ်းတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘိန်းစိုက်ပျိုးတဲ့အခါမှာလည်း ကုန်ကျစရိတ်များပြားပြီး ခက်ခဲပေမဲ့လည်း အခြားသီးနှံတွေထက်ပိုမို စျေးကောင်းရတယ်လို့ ဆိုပါတယ်။ အရင် ၂၀၂၂ ခုနှစ်မှာဆိုလျှင် ဘိန်း ၁လုံး(၁ပိဿာ) ဆိုလျှင် အနည်းဆုံး ၈ သိန်းထိပေါက်စျေးရှိခဲ့ပြီး ဘိန်းခင်းတဧကမှာ ဘိန်းကောင်းရင်ကောင်းသလို ၄လုံး (ပိဿာ)ကနေ ၆လုံး(ပိဿာ) အထိထွက်နိုင်တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်ဟာ အာဏာမသိမ်းခင်ကာလမှာ ဘိန်းစိုက်ပျိုးသူတွေ အနည်းငယ်သာတွေ့မြင်ခဲ့ရပေမဲ့၊ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဘိန်းစိုက်ပျိုးသူ ပိုမိုများပြားလာပြီး ပေါ်ပေါ်ထင်ထင်စိုက်ပျိုးလာကြတာကိုလည်း တွေ့မြင်နေရပါတယ်။

လက်ရှိ စားဝတ်နေရေးအတွက် ဘိန်းစိုက်နေကြတဲ့ ဒေါ်နန်းမူနဲ့ ဦးနုတို့ကတော့ နိုင်ငံရေးပြန်ကောင်းလို့ နေရပ်ကိုပြန်နိုင်တဲ့တနေ့မှာ ဘိန်းခင်းကိုစွန့်ပစ်ပြီး လယ်ယာပြန်လုပ်ဖို့သာ စိတ်ကူးထားတယ်လို့ ဆိုပါတယ်။

spot_img
spot_img