spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စားဝတ်နေရေးအတွက် စစ်ရှောင်တချို့ ဖရဲသီးစိုက်ပျိုးကြ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်တချို့ဟာ မိသားစုရဲ့ စားဝတ်နေရေးအဆင်ပြေဖို့အတွက် တစ်ပိုင်တစ်နိုင် ဖရဲသီးစိုက်ပျိုးနေကြတယ်လို့ သိရပါတယ်။

စစ်ရှောင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလအတွင်းမှာ စတင်စိုက်ပျိုးကြတာဖြစ်ပြီး နေရာအသီးသီးမှာ ဧက ၂၀၀ ဝန်းကျင် စိုက်ပျိုးနေကြတယ်လို့ သိရပါတယ်။

အခုလို ဖရဲသီးစိုက်ရတာဟာ မိသားစု ဝမ်းရေးအတွက်ဖြစ်သလို အလုပ်အကိုင်ရှားပါးနေချိန်ဖြစ်တဲ့အတွက် စစ်ရှောင်ရင်း စိုက်ပျိုးတာဖြစ်တယ်လို့ ဦးဘော့စကိုက ပြောပါတယ်။

” ဖရဲသီးစိုက်ပျိုးရတဲ့ရည်ရွယ်ချက်က ကျနော်တို့ စစ်ရှောင်အနေနဲ့ စားဝတ်နေရေးတစ်ခုပေါ့နော်။ဘာမှ အလုပ်အကိုင်မရှိတော့လဲ ဒီမှာ ယောက္ခမနား ပြန်လာတော့ ဒီဖရဲသီးစိုက်တဲ့အလုပ် လုပ်ရတဲ့အခွင့်ရှိသေးတယ်ဆိုတော့ ကျနော်တို့ အဲ့ဒါလေးလုပ်ရတာပေါ့” လို့ ဦးဘော့စကို က ပြောပါတယ်။

ဖရဲပင် စပေါက်လာတဲ့အချိန် ပိုးကျတာနဲ့ ကြုံရသလို ပိုးသတ်ဆေးနဲ့ မြေဩဇာ ဝယ်ယူဖို့ ငွေကြေးအခက်အခဲရှိတာကြောင့် ဝယ်မသုံးနိုင်ဘူးဆိုပါတယ်။ ဖရဲသီးစိုက်ပျိုးတဲ့နည်းကို တခြားသူတွေစိုက်ပျိုးတာကို လေ့လာပြီး စိုက်ပျိုးရတာကြောင့် နည်းစနစ်ကျကျ စိုက်ပျိုးနိုင်တဲ့ သင်တန်းတွေလိုအပ်သေးတယ်လို့ စိုက်ပျိုးတဲ့ စစ်ရှောင်တွေက ပြောကြပါတယ်။

“အဲ့လိုဖရဲစိုက်တာက သင်တန်းမရှိဘူး။ သင်တန်းရှိရင် ပိုပြီးတော့တောင် စိုက်ပျိုးနိုင်ပြီး အထွက်ကောင်းမှာပေါ့နော်။ သူများဖရဲစိုက်တာ သူများဟာရလို့ အဒေါ်လဲ စိုက်ချင်တာပေါ့။ လူများဟာရသလို အဒေါ်လဲရချင်တာပေါ့ လူများစိုက်သလိုပဲအဒေါ်စိုက်တာ။ အဒေါ်အနေနဲ့ကတော့ သင်တန်းရှိမှ ပိုအဆင်ပြေတယ်ပေါ့။ သင်တန်းပို့ချမှ ပိုပြီးထိရောက်မှု ပိုရှိမယ်လို့ထင်တာပေါ့။ အကယ်၍ ဆရာတွေ၊ဆရာမတွေသင်တန်း လုပ်မယ်ဆိုရင် အဒေါ်လဲတက်ချင်တယ်” လို့ စစ်ရှောင်ရင်း ဖရဲသီးစိုက်ပျိုးတဲ့ ဒေါ်မူးမူ က ဆိုပါတယ်။

ဖရဲသီးမျိုးစေ့ကို ဝယ်ယူပြီး ကိုယ့်နည်းနဲ့ကိုယ်စိုက်ပျိုးကြတာကြောင့် အပင်မသန်မှာကိုလည်း စိုးရိမ်မှုရှိကြတယ်လို့ စစ်ရှောင်တွေက ဆိုကြပါတယ်။ စစ်ရှောင်ကာလအတွင်း အလှူရှင်က ထောက်ပံ့ပေးတဲ့ ဆန်ရိက္ခာ ရရှိမှု နည်းပါးလာတာကြောင့် စစ်ရှောင်တွေဟာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးကို ဦးတည် လုပ်ကိုင်လာကြတာဖြစ်တယ်လို့ ဆိုပါတယ်။ တခြား စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ အသိပညာ၊ သင်တန်းတွေ လာရောက်ပို့ချပေးဖို့ကိုလည်း တောင်းဆိုထားကြပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေက ဖရဲသီးအရွယ်အစားပေါ် မူတည်ကာ ဈေးနှုန်းအသီးသီးရှိကြတာဖြစ်ပြီး အနိမ့်ဆုံးဈေးမှာ တစ်လုံး တစ်ထောင်ကျပ်နဲ့ အမြင့်ဆုံးဈေးမှာ ၅၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိခဲ့ပါတယ်။ ဖရဲသီးစိုက်ပျိုးတဲ့ တောင်သူတွေဟာ အမြတ်အစွန်းရရှိကြတာကြောင့် ဒီနှစ်မှာတော့ စိုက်ပျိုးသူ ပိုများလာတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts