စားသုံးသူရေးရာ ဦးစီးဌာနက CDM ဝန်ထမ်းများ အလုပ်မှထုတ်ပယ်ခံရ

0
2757

ကယားပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှာ CDMလုပ်တဲ့ ဝန်ထမ်း (၁၁)ဦးကို ဧပြီလ ၂၄ ရက်ကနေစပြီး အလုပ်ကနေ ထုတ်ပစ် ( Dismissal) လိုက်ကြောင်း မေလ (၃)ရက်နေ့မှာ အကြောင်းကြားစာ ပေးပို့လာတယ်လို့ သိရပါတယ်။

CDMလုပ်တဲ့ သူတွေကို စစ်ကောင်စီလက်ထက်တာဝန်ထမ်းဆောင်နေတဲ့ ပြည်နယ်ဦးစီးမှူးတွေကနေပြီး နိုင်ငံ့ဝန်ထမ်း နည်းဥပဒေအရ ဝန်ထမ်း အဖြစ်မှ ထုတ်ပစ်လိုက်ပြီး နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၂၂၀အရ ခြောက်လအတွင်း အယူခံလွှာတင်သွင်း နိုင်တယ်လို့ ပါရှိပါတယ်။

အလုပ်မှ ထုတ်ပယ်ခံလိုက်ရတဲ့ ဝန်ထမ်းတစ်ဦးကတော့ အယူခံဝင်မှာမဟုတ်ဘဲ စစ်အာဏာကို အဆုံးထိတိုက်ထုတ်မယ်လို့ ဆိုပါတယ်။

” အမတို့အနေနဲ့ကတော့ အဆုံးထိ ပြည်သူ့အစိုးရ ပြန်လည် မတက်မချင်း အမတို့ကတော့ ဒီစစ်ကောင်စီအောက်မှာ လုံးဝအလုပ်လုပ်ဖို့မရှိဘူး အယူခံဝင်ဖို့လည်း မရှိဘူး။ အယူခံဝင်ကြမှာလည်း မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အစကတည်းက ဒီအာဏာသိမ်းမှုအပေါ်မှာ မကျေနပ်လို့ အမတို့က CDMလုပ်တာ ဆိုတော့လေ။ သူတို့ လက်အောက်မှာ လုံးဝအလုပ်ပြန်မဝင်ဘူး။ ပြည်သူ့အစိုးရ ပြန်တက်မှသာ ကိုယ့်လုပ်ငန်းခွင် ကိုယ်ပြန်ဝင်မှာပေါ့။ “

ကယားပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှာ (နေ့စားပါ) ဝန်ထမ်းအားလုံး (၂၆) ယောက်ရှိပြီး ဖေဖော်ဝါရီ (၈)ရက်နေ့တွင် ဝန်ထမ်း ၁၃ယောက်(နေ့စားပါ) CDM မှာ ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဧပြီ (၂၁)ရက်မှာ ဝန်ထမ်းတစ်ဦး CDMမပါဝင်တော့ဘဲ အလုပ်ပြန်ဝင်ခဲ့ပြီး ကျန်တဲ့ CDM ဝန်ထမ်းတွေကတော့(နေ့စားပါ) အလုပ်ကနေ ထုတ်ပစ်(Dismissal) ခဲ့တာ ဖြစ်ပါတယ်။

အခုလို ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ခံလိုက်ရတဲ့အတွက် အခက်အခဲတွေတော့ရှိတယ်လို့ CDM ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

” အခက်အခဲကတော့ ငွေရေး ကြေးရေးပေါ့။ ကျမတို့ စားသုံးသူက သူများတွေ သိပ်မသိတော့လေ ထောက်ပံ့ငွေတွေ ဘာတွေရတဲ့ အချိန်မှာ သိပ်မပါ ဖြစ်ဘူးပေါ့နော။ အစကတော့ တောင့်ခံတာပေါ့ တစ်ဖွဲ့လုံးက ဒီနောက်ပိုင်းရောက်လာတော့ ငွေရေးကြေးရေး ခက်ခဲတာတွေရှိလာတယ်။ အိမ်ထောင်သည်နဲ့ မိသားစုများတဲ့ သူလောက်ပဲ နေဖို့ထိုင်ဖို့ ခက်ခဲတာပါ။ “

အာဏာသိမ်းမှု ၃လကျော် ကြာလာပြီဖြစ်ပြီး ပြည်သူတွေကလည်း စစ်အာဏာလက်အောက် မနေလိုတဲ့အတွက် ဆက်လက် ဆန္ဒပြနေဆဲဖြစ်ပါတယ်။ အစိုးရဝန်ထမ်းတွေလည်း CDMပြုလုပ်ပြီး စစ်အာဏာကို ဆန့်ကျင်နေကြတာဖြစ်ပါတယ်။