spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စိတ်ဒဏ်ရာဆိုတာဘာလဲ

ကိုဗစ်ကပ်ရောဂါ မြန်မာပြည်ရောက်တဲ့ ၂၀၂၀ခုနှစ်ဟာ ပြည်သူတွေအတွက် ခက်ခဲတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပြီး ကိုဗစ်ကပ်ကြောင့် လူအနည်းနဲ့ အများဟာ အထီးကျန်၊ စိတ်ဓာတ်ကျတာတွေ စတင်ကြုံတွေ့ခံစားလာရပါတယ်။

၂၀၂၁ခုနှစ်မှာတော့ ကိုဗစ်ကပ်ထဲမှာ ဘဝကို အသစ်တစ်ဖန် ပြန်တည်ဆောက်နိုင်လိမ့်မယ်လို့ လူတွေ မျှော်လင့်ခဲ့ကြပေမယ့်လည်း နှစ်ဆန်းပိုင်းမှာပဲ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုက ပေါ်ပေါက်လာခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး (၄) လတာအတွင်း စတင်ခဲ့တဲ့ စစ်ပွဲတွေကြောင့် စစ်ဘေးသင့်နေတဲ့ ကရင်နီပြည်တွင်း စစ်ရှောင်နေရတဲ့ ပြည်သူတွေဟာ လက်ရှိ ၂၀၂၂ခုနှစ်ကုန်ချိန်အထိ နှစ်ချီလရှည် ကြာလာနဲ့အမျှ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ စိုးရိမ်ပူပန်မှုဒဏ်တွေလည်း ရှည်ကြာနေပါပြီလို့ ဆိုရမှာပါပဲ။

ဒါကြောင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး မိမိမှာ စိတ်ပိုင်းဆိုင်ရာ အခြေအနေဘယ်လိုရှိနေသလဲ။ ဘယ်လိုအခြေအနေမှာ စိတ်ပိုင်း ဆိုင်ရာ အကူအညီတောင်းခံသင့်သလဲ ဆိုတာ အသုံးဝင်မယ့် စိတ်ဒဏ်ရာ (Trauma) အကြောင်းအရာတစ်ချို့ကို တင်ပြပေးမှာဖြစ်ပါတယ်။

စိတ်ဒဏ်ရာ(Trauma) ဆိုတာ

ကျွန်ုပ်တို့ လူသားအများစုဟာ ကြောက်စိတ်ပြင်းထန်တဲ့အခါ ၊ ခိုကိုးရာမဲ့ဖြစ်တဲ့အခါ နဲ့ တုန်လှုပ်ခြောက်ချားတဲ့ အခါတွေမှာဆိုရင် စိတ်နာကျင်တတ်ပါတယ်။ အဲဒီလို စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ အရာကို စိတ်ဒဏ်ရာ (Trauma) လို့ခေါ်ပါတယ်။

ဆိုးရွားသောအတွေ့အကြုံ၊ ကိုင်တွယ်ရန် ခက်ခဲတဲ့အခြေအနေ၊ ခံနိုင်ရည်စွမ်းအား ထက်ကျော်လွန်သွားတဲ့ အခြေအနေတွေမှာလည်း စိတ်ဒဏ်ရာ လို့ခေါ်တဲ့ အတွင်း ဒဏ်ရာ ဖြစ်ပေါ်လာတတ်ပါတယ်။
ဘဘာဝတရားကြောင့်ဖြစ်စေ၊ လူလုပ်သောဘေးကြောင့်ဖြစ်စေ၊ ထုံးတမ်းစဉ်လာ ကြောင့်ဖြစ်စေ၊ စိတ်ဒဏ်ရာ (Trauma ) ဖြစ်စေနိုင်ပါတယ်။

ဘယ်အချိန်မှာ စိတ်ဒဏ်ရာဖြစ်ပေါ်တတ်လဲ

လူတစ်ဦးတစ်ယောက်မှာ စိတ်ဖိစီးမှု၊ ဝမ်းနည်းကြေကွဲမှု၊ ဆုံးရှုံးမှုတွေ စတင် ကြုံတွေ့ရတဲ့ အချိန်မှာ ထိရောက်တဲ့ ကူညီပံ့ပိုးမှုမရခဲ့ရင် စိတ်ခံစားမှုဝေဒနာတွေ ပိုမိုရှုပ်ထွေးလာနိုင်ပါတယ်။
စိတ်ဖိစီးမှု၊ ဝမ်းနည်းကြေကွဲမှု၊ ဆုံးရှုံးမှုတွေကို တစ်ဦးတစ်ယောက်ထဲ ကြိတ်မှိတ် ခံစားရဖန်များလာတဲ့ အခါမှာ အချိန်အတိုင်းအတာ ကြာရှည်လာတာနဲ့အမျှ စိတ်ဒဏ်ရာ ဖြစ်လာစေနိုင်ပါတယ်။

ဘယ်လိုလူတွေမှာ စိတ်ဒဏ်ရာအများဆုံး ဖြစ်နိုင်လဲ

အစစအရာရာမပြည့်စုံသူတွေ၊ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေမှာ စိတ်ဒဏ်ရာ အများဆုံး ဖြစ်နိုင်တယ်လို့ စိတ်ပညာရှင်တွေက ပြောကြပါတယ်။
စိတ်ဒဏ်ရာရနေတဲ့ သူတွေထဲမှာမှ ကလေးသူငယ်တွေမှာ အဖြစ်များပြီး ဘယ်အသက်အရွယ် အပိုင်းခြားမဆို ဖြစ်နိုင်တယ်လို့ သိရပါတယ်။

ဘယ်အချိန်မှာ ကုသမှုခံယူရမလဲ

စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ခက်ခဲနေရင်၊ မသေချာ မရေရာမှုတွေကို ရင်ဆိုင်ကျော်ဖြတ်တဲ့အခါမှာ ခက်ခဲနေရင် စိတ်ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေး ရမှာဖြစ်ပါတယ်။
စိတ်ဒဏ်ရာနဲ့ ပတ်သက်ပြီး လိုအပ်နေလို့ အကူအညီ တောင်းခံတာဟာ ရှက်ရွံ့ သိမ်ငယ်စရာကိစ္စ မဟုတ်ပါဘူး။
သောကရောက် ခက်ခဲနေချိန်တွေမှာ နှစ်သိမ့်အားပေး ဖေးမမှုကို လက်လှမ်းမီသမျှ ရှာဖွေရယူရန်နဲ့ အချင်းချင်းကူညီကြရန် စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းများက တိုက်တွန်းနေကြပါတယ်။

အချိန်မှီမကုသနိုင်ရင် နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လဲ

စိတ်ဒဏ်ရာရတဲ့သူဟာ အချိန်မှီ မကုသနိုင်ခဲ့ရင် အနုတ်သဘောဆောင်တဲ့ စိတ်ပိုင်း ဆိုင်ရာခံစားချက်တွေနဲ့ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ကြုံတွေ့နိုင်ပါတယ်။

ဒါ့အပြင် အပေါင်းအသင်း အသိုင်းအဝိုင်းထဲမှာ မဝင်ဆံ့တော့ဘဲအပြင်သို့ ရောက်သွား နိုင်ပြီး အထီးကျန်ခြင်းနဲ့ မိမိကိုယ်ကိုယ်မိမိ လက်မခံနိုင်ခြင်းတွေကြောင့် နောက်ဆုံး အဆင့်အနေနဲ့ မိမိကိုယ်ကိုယ် သေကြောင်းကြံတဲ့အထိ ဖြစ်နိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာခံစားနေရသူကို ဘယ်လိုဆက်ဆံရမလဲ။

စိတ်ဒဏ်ရာဒဏ်ချက်ရှိတဲ့သူတွေ၊ စိတ်ပိုင်းဆိုင်ရာ ကူညီစောင့်ရှောက်မှု လိုအပ်တဲ့ သူတွေကို သူ့ပတ်ဝန်းကျင်မှာဖြစ်ဖြစ်၊ သူ့အသိုင်းအဝိုင်းမှာဖြစ်ဖြစ်၊ သူ့မိသားစုမှာ ဖြစ်ဖြစ် ကြင်နာနွေးထွေးစွာနှင့် လူသားဆန်စွာ ပြုမူဆက်ဆံရမှာဖြစ်ပါတယ်။

စိတ်ဖိစီးမှုကနေ စိတ်ဒဏ်ရာရရှိနေသူတွေနဲ့ သူ့ပတ်ဝန်းကျင်က လူထုတွေကိုလည်း လူထုပတ်၀န်းကျင်ကိုပညာပေးရမှာဖြစ်သလို အရာရာတိုင်းကိုနားလည်ပေးရမှာ ဖြစ်ပါတယ်။

သူတို့တွေနဲ့ လက်တွဲရမှာဖြစ်ပြီး သူတို့ တိုင်ပင်ဆွေးနွေးလိုတဲ့ အကြောင်း အရာ တွေကို နားထောင်တဲ့အခါမှာ နှလုံးသားပါတဲ့နားနဲ့ နားထောင်ပေးရမှာ ဖြစ်ပါတယ်။

သတိထားရမှာက သူတို့တွေကို မဝေဖန်သင့်ပါဘူး။ သူတို့ရဲ့ အားနည်းချက်တွေကို ထိုးနှက်ပြီး ခွဲခြားဆက်ဆံတာမျိုး မပြုလုပ်ဘဲ အပြုသဘောဆောင်တဲ့ အပြောအဆို တွေကိုသာ အသုံးပြု ပြောဆိုရမှာဖြစ်ပါတယ်။

သူတို့တွေကို လုံခြုံနဲ့ နေရာမှာထားပြီး သူတို့ရဲ့စိတ်ကို လူမှူပံ့ပိုးခြင်းတွေ ကောင်းကောင်းဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

စိတ်ဒဏ်ရာ မဖြစ်ဖို့ ဘယ်လိုနေထိုင်ရမလဲ

စိတ်ဒဏ်ရာရစေတဲ့ အကြောင်းအရာတွေ၊ စိတ်ဖိစီးမှုအခြေအနေတွေ၊ စိတ်ရောဂါ ရလာနိုင်တာမျိုးတွေ မဖြစ်နိုင်အောင် လူထုတွေကို ပညာပေးစနစ်နဲ့ ပြဿနာတွေကို ဖြေရှင်းတတ်ဖို့ လိုအပ်ပါတယ်။

အခက်အခဲတွေကိုခံနိုင်ရည်ရှိအောင် လေ့ကျင့်ပေးခြင်းနဲ့ ဖြစ်ပျက်နေတဲ့ အခြေအနေ တွေကို လက်ခံတတ်ဖို့လည်း လိုအပ်ပါတယ်။

ဉပမာအနေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို စိတ်ချို့တဲ့မှု အခြေအနေနဲ့ မသတ်မှတ်ဘဲ ဘဝရှေ့ရေးအတွက် အကောင်းဆုံး ဘယ်လိုဖြတ်သန်းရမလဲ ဆိုတာနဲ့ လက်ရှိအခြေအနေကို လက်ခံရမှာဖြစ်ပါတယ်။

လက်ရှိအချိန်ကာလဟာ လူတိုင်းလိုလိုစိတ်ဓာတ်မကျဖို့ စိတ်ပျော်အောင် ထားဖို့ ဆိုတာ ပြောလို့လွယ်ကူပေမယ့် တကယ်တမ်းလက်တွေ့ဘဝမှာ လိုက်နာဆောင်ရွက်ဖို့ ခက်ခဲကြမှာ အမှန်ပါပဲ။

ဘယ်လိုပဲဖြစ်နေပါစေ အခက်အခဲတွေကို ကျော်လွားဖို့ဆိုရင် ကိုယ်ခန္ဓာအပြင် စိတ်ပါကျန်းမာမှ အခြေအနေအားလုံးကို ကောင်းမွန်စွာကျော်လွှားနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်အပါအဝင်နဲ့ ကိုယ်ချစ်ခင်ရတဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာ တစ်ခုခုခံစားမှုတွေ ဖြစ်ပေါ်ကြုံတွေ့လာခဲ့ရင် ကျွမ်းကျင်ပညာရှင်တွေနဲ့ စကား ပြောဆိုပြီး အကူအညီရယူကြဖို့ အကြံပေးတိုက်တွန်းရင်း လက်ရှိကာလကို အကောင်းဆုံးကျော်ဖြတ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

ကိုးကား- စိတ်ပိုင်းဆိုင်ရာကူညီပေးသူ Phyu Phyu Ko(ထင်းရှုးတော) အင်တာဗျူး

spot_img
spot_img