spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စိတ်ဒဏ်ရာရနေတဲ့ ကလေးငယ်တွေကို အားပေးနှစ်သိမ့်မှုပြုလုပ်

ခွန်းကလိုင်းဖရီး (ကန္တာရဝတီတိုင်း(မ်))

ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေသရှိ စစ်ဘေးရှောင်စခန်းနေရာတခုမှာ ခိုလုံနေကြတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို အားပေးနှစ်သိမ့်ပေးတဲ့ အစီအစဉ်တခုကို  ကယန်းမျိုးဆက်သစ်လူငယ်(KNGY) အဖွဲ့က ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

“ကလေးတွေက စိတ်ဒဏ်ရာရတာပေါ့နော်။ စိတ်ဒဏ်ရာရတော့ ကျမတို့လည်း တတ်နိုင်တဲ့ဖက်မှာ ကလေးရဲ့ စိတ်ဒဏ်ရာတွေကို လာကုပေးချင်တာပေါ့နော်။ ကလေးက သေနတ်သံကြားရတာကြာတော့ သူတို့ရဲ့ စိတ်ထဲမှာ အရမ်းစိတ်ထိ ခိုက်သွားမှာစိုးလို့ အဲ့လိုမျိုးပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ အဲဒီအစား ပျော်ရွှင်မှုတွေ အစားထိုးနိုင်အောင် ကျမတို့က လာပြီးတော့မှ သူတို့ရဲ့ စိတ်ဒဏ်ရာတွေကို လာကုပေးတာတို့၊ ပျော်ရွှင်အောင် လာလုပ်ပေးတာတို့၊ ကစား ပေးတာတို့၊ ပြောပေးတာတို့ ရှိတာပေါ့နော်။”လို့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ရဲ့ သင်တန်းနည်းပြတစ်ဦးက ဆိုပါတယ်။

ဒီအားပေးနှစ်သိမ့်တဲ့ အစီအစဉ်မှာ ကလေးတွေကို ဂိမ်းကစားပေးတာတွေ၊ ကတာတွေ၊ ကယန်းရိုးရာပုံပြင်ပြောပေးတာတွေ၊ မုန့်ဝေတာတွေနဲ့ ဆုပေးတာတွေကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခြားတစ်ဖက်မှာလည်း ကလေး မိဘတွေကို ကလေးသူငယ်ဆိုင်ရာအခွင့်အရေးနဲ့ စိတ်ကျန်းမာရေးနဲ့ဆိုင်တဲ့ အသိပညာ ပေးတာတွေကို ပြုလုပ်ခဲ့တယ်လို့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ရဲ့ အခြားသင်တန်းနည်းပြ တစ်ဦးကလည်း ဆိုပါတယ်။

“အဲ့ဒီမှာ ကျမတို့က အဓိကက ကလေးအခွင့်အရေးနဲ့ ဆိုင်တဲ့ဟာတွေ မိဘတွေ သိလာအောင်ပေါ့နော်။ ပြီးတော့ နောက်တချက်ကျတော့ ကျမတို့ စစ်ရှောင်နေတဲ့ ကာလမှာ မိဘတွေရဲ့ စိတ်ဒဏ်ရာရယ်၊ စိတ်ကို ကုစားပေးဖို့ စိတ်ကျန်းမာခြင်းနဲ့ ဆိုင်တဲ့ ဟာတွေကို အသိအမြင်အနေနဲ့ ကျမတို့ လာပေးရခြင်းဖြစ်တယ်ပေါ့နော်။” လို့ သင်တန်းနည်းပြကပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေ စိတ်ကျန်းမာရေးနဲ့ ပတ်သက်လို့ နားလည်ဖို့နဲ့ လတ်တလောကြုံတွေ့နေရတဲ့ စိတ်ဒဏ်ရာတွေကို မိမိဘာသာဆန်းစစ်အဖြေရှာပြီး ကုစားတတ်ဖို့ လုပ်ဆောင်ရခြင်းဖြစ်တယ်လို့လည်း ဆိုပါ တယ်။

တစ်နေ့တာ ပြုလုပ်ခဲ့တဲ့ စစ်ဘေးရှောင်တွေကို အားပေးနှစ်သိမ့်တဲ့ အစီအစဉ်မှာ ကလေး ၁၀၀ နီးပါးနဲ့ ကလေးမိဘ ၄၀ ကျော် ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ခုလို အားပေးနှစ်သိမ့်တဲ့ အစီအစဉ်ကို လုပ်ဆောင်ပေးတဲ့အပေါ် စစ်ရှောင်ပြည်သူတစ်ဦးက “ကလေးအတွက် ပျော်ရွှင်မှုဖြစ်တယ်။ နောက်ကလေးအတွက်လည်း ထောက်ကူမှုတစ်ခုဖြစ်တာပေါ့နော်။ ကလေး ကစားပေးတာ သူတို့အတွက် ဉာဏ်ဖွံ့ဖြိုးမှုပါဝင်တာပေါ့နော်။ နောက်ပြီး မိဘမှာ လာလုပ်ပေးတဲ့ သင်တန်း အကျိုးရှိပါတယ်။ ပထမအချက်ကျနော်ပြောချင်တာက လူ့အခွင့်အရေး၊ ကလေးကာကွယ်စောင့်ရှောက်ရေးက အသိဉာဏ်တိုး လာတယ်။ နောက်တစ်ချက်က ပျော်ရွှင်ခြင်းနဲ့ မပျော်ရွှင်ခြင်း၊ စိတ်ကျန်းမာခြင်းပေါ့နော် အဲ့ဒီခေါင်းစဉ်လာ သင်ပေးလည်း ကျနော်အရမ်းကြီး ဝမ်းသာတယ်။ အားတက်တာပေါ့နော်။”လို့ ဆိုပါတယ်။

ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့က စစ်ဘေးရှောင်ပြည်သူတွေကို အားပေးနှစ်သိမ့်တဲ့ အစီအစဉ်ကို စစ်ဘေး ရှောင်စခန်းနေရာ ၁၀ ခုမှာ ပြုလုပ်ခဲ့ပြီးဖြစ်သလို ဆက်လက်လုပ်ဆောင်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

spot_img
spot_img