spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှု” နဲ့ ပတ်သက်ပြီး ဒေါက်တာပြည့်ဖြိုးကျော်နှင့် ဆက်သွယ်မေးမြန်းခြင်း။

ကန္တာရဝတီတိုင်း(မ်)

စစ်အာဏာသိမ်းပြီး ၂နှစ်ကျော် အတွင်း တိုက်ပွဲတွေကြောင့် အိုးအိမ်ပျက်စီးတာ၊ ချစ်ခင်ရသူတွေကို ဆုံးရှုံးသွားတာ၊ စစ်ဘေးရှောင်နေရတာကြောင့် လူတိုင်းနီးပါး စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်ခံစားနေကြရပါတယ်။

စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရတဲ့လက္ခာဏာကဘယ်လိုပုံစံလဲ၊ ဘာကြောင့်ဖြစ်လာရတာလဲ၊ ဘယ်လိုကုစားမှုတွေ ဆောင်ရွက်သင့်လဲ၊ အကျိုးသက်ရောက်မှုတွေဘယ်လိုရှိနိုင်လဲ စတဲ့အခြေအနေနဲ့ပတ်သက်ပြီး ဒေါက်တာပြည့်ဖြိုးကျော်ကို ကန္တာရဝတီတိုင်း(မ်)က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ဒဏ်ရာက ဘယ်လိုဆက်စပ်မှုရှိလဲ။ စိတ်ပိုင်းဆိုင်ရာခံစားရပြီဆိုရင် ဘယ်လိုလက္ခာဏာကြုံတွေ့ရနိုင်လဲ။

ဖြေ။ ။ စိတ်ပိုင်းဆိုင်ရာက စိတ်ဆိုတာကတော့ လူတိုင်းကအတက်အကျရှိတယ်လေ။ အခက်အခဲပင်ပန်းတာကြုံရင် စိတ်ဓာတ်ကျတာမျိုးရှိမယ်ပေါ့နော။ စိတ်ဒဏ်ရာဆိုတာမျိုးကျတော့ ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်ရသွားရင် အမာရွတ်ကျန်ခဲ့သလိုပဲ စိတ်မှာလည်းဒဏ်ရာရသွားတယ်ပေါ့နော။ ဆိုလို့ရှိရင် နောက်ပိုင်းမှာ ဘာတွေဖြစ်တတ်လဲဆိုရင် အခါအခွင့်ကြုံတိုင်း ကိုယ်ကြုံထားတဲ့ပြဿနာမပြေလည်မချင်း အဖြစ်ဆိုးတွေက ပြန်ပေါ်နေတာ ပြန်ဖြစ်နေတာ။ ရေရှည်ကျရင် ရိုးရိုးစိတ်ဓာတ်ကျတာကနေ Depressive ဖြစ်သွားတာခေါ်တာပေါ့နော စိတ်ကျရောဂါဖြစ်သွားနိုင်တယ်။ တချို့ကျလည်း စိတ်ဒဏ်ရာရသွားတဲ့အတွက်ကြောင့်မလို့ ဂဏာမငြိမ်ဖြစ်တာ အခြားသူထက်အလွန်အမင်းစိုးရိမ်ပူပန်တာ အ့လိုမျိုးတွေဖြစ်တတ်ပါတယ်။

မေး။ ။ စိတ်ပိုင်းဆိုင်ရာဝေဒနာခံစားရပြီဆိုရင် ဘယ်လိုပုံစံမျိုးတွေ့ရနိုင်လဲ။

ဖြေ။ ။ ပုံစံကတော့ တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ဘူး။ ဒါပေမယ့် တစ်ခုရှိတာက စောစောနကလိုမျိုး စိတ်ဖိစီးမှုတွေအရမ်းများသွားပြီးတော့ လုံးဝ Depress ဖြစ်သွားတာမျိုး စိတ်ကျရောဂါဝင်သွားတာမျိုးရှိတတ်တယ်။ တချို့ကျတော့လည်း တစ်ခုခုဆိုတာနဲ့ အထိတ်တလန့်ဖြစ်သွားတာ ဂဏာမငြိမ်တာ သူများထက်ကိုပိုပြီးတော့ ကြောက်လန့်တာ အ့လိုပုံစံမျိုးတော့ဖြစ်တတ်တယ်။

မေး။ ။ အထူးသဖြင့် ဒီလိုပုံစံတွေက ဘယ်လိုလူတွေ အဖြစ်များကြလဲ။

ဖြေ။ ။ ဒီလိုစိတ်ဓာတ်ကျတယ် Trauma (စိတ်ဒဏ်ရာ) ရတယ် ဆိုတာတော့ ဘယ်လိုနေရာမျိုးမဆို ဖြစ်နိုင်ချေရှိတယ်။ ဒါပေမယ့် ဆင်းရဲဒုက္ခတွေ မပြေလည်တဲ့ ပတ်ဝန်းကျင်မှာ နှစ်ရှည်၊လရှည်ခံလာရတဲ့သူတွေ ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်လာတဲ့အချိန်မှာ စိတ်မလုံမခြုံခံစားရတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့သူတွေမှာဆိုရင် ဖြစ်နိုင်ချေပိုများပါတယ်။

မေး။ ။ စစ်ဘေးဒဏ်ခံစားနေကြရတဲ့သူတွေကို ကြည့်လိုက်တဲ့အခါ စိတ်ဒဏ်ရာ၊ စိတ်ပိုင်းဆိုင်ရာခံစားနေရပြီလို့ ပြောလို့ရလား။ အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ။ ။ ရှိပါတယ်။ ကျနော့်ဆေးခန်းမှာလာပြတဲ့လူနာတွေထဲမှာတောင်ရှိတယ်။ သူကျတော့ မေးကြည့်လိုက်တဲ့အခါ ဘာဖြစ်တာလဲဆို သူ့ ကွန်ပလိန်းက စိတ်မပျော်ဘူး ဆရာလို့ သူကပြောတာ။ သူ့မှာ တခြားမယ်မယ်ရရတော့ ဘားမှ မရှိဘူး။ အဓိက သူဆေးခန်းလာပြတဲ့အကြောင်းရင်းက သူမပျော်တော့လို့ သူပျော်ချင်လို့လာပြတာပေါ့။ စဉ်းစားကြည့်လို့ရှိရင် ထူးဆန်းသလိုဖြစ်တယ်။ သူပြောတဲ့ သူမပျော်တော့ဘူးဆိုတာက ခါတိုင်းသူပျော်တဲ့ကိစ္စ ဂစ်တာတီးတယ် သီချင်းဆိုတယ် သူပျော်တယ်။ နောက်တော့ သူမပျော်တော့ဘူး တနေကုန်လုံးကို သူစိတ်ညစ်လာတယ်။ နေရတာ နှစ်ရှည်ကြာလာတော့ လုံးဝအဆင်မပြေဘူးပေါ့နော။ ဒါဆိုလို့ရှိရင် Depression ရဲ့လက္ခာဏာကိုသူခံစားရတယ်။ ဒါကိုသူမပြောတတ်ဘူးပေါ့ သူပြောတတ်သလိုပြောတော့ မပျော်ဘူးဆိုပြီး လာပြတာပေါ့နော။

မေး။ ။ စိတ်ပိုင်းဆိုင်ရာခံစားရတာက ဘာကြောင့်လဲ။ ဘယ်လိုထိန်းချုပ်သင့်လဲ။

ဖြေ။ ။ ဒီဟာကျတော့ အကြောင်းရင်းရှိတာကိုး စိတ်ထိခိုက်ရတဲ့အကြောင်းရင်းကလေ။ အာဏာသိမ်းထားလို့ မတရားထိုးစစ်ဆင်တာတို့ ဒီအကြောင်းရင်းကိုမဖယ်နိုင်ဘဲနဲ့တော့ ဒီစိတ်ဓာတ်ကျတာကို ပျောက်အောင်လုပ်လို့တော့ မရဘူး။ ဒါပေမယ့် စိတ်ဓာတ်ကျတာကို သက်သာအောင် ရင်ဆိုင်လို့တော့ ရတယ်ပေါ့နော။ အထူးသဖြင့် ဒီလိုစိတ်ဓာတ်ကျခြင်းက တစ်ယောက်ထဲနေရင် ပိုဆိုးလေပဲ။

အဲ့တော့ စိတ်ဓာတ်ကျတဲ့ စစ်ရှောင်တွေအနေနဲ့ စကားများများပြောပေးဖို့လိုတယ်။ ကိုယ့်နဲ့ရင်းနှီးတဲ့ မိသားစု၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွေနဲ့ နွေးနွေးထွေးထွေး စကားပြောပေးဖို့လိုတယ်။ စိတ်ဓာတ်ကျတဲ့ လက္ခာဏာ အရမ်းဆိုးတယ် ဆိုလို့ရှိရင် ဖြစ်နိုင်လို့ရှိရင် တစ်ပတ်ကိုတစ်ခါလောက်ပေါ့နော၊ ကိုယ့်လိုခံစားရတဲ့ သူအချင်းချင်းစုပြီးတော့ စကားပြောတာမျိုး။ အ့လိုစကားဝိုင်းမှာ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ဗဟုသုတရှိတဲ့သူ အကောင်းပိုမြင်ပေးတတ်တဲ့သူပေါ့နော အ့လိုသူတွေက ဦးဆောင်ပြီး စကားပြောပေးရင် ပိုကောင်းတယ်။ နောက်တစ်ချက်က စစ်ရှောင်ရတဲ့သူ ဆိုပေမယ့်လည်း ဆိုရှယ်မီဒီယာ အသုံးပြုနေကြတာပဲ။ သုံးတဲ့သူရှိတယ် မသုံးတဲ့သူရှိတယ်ပေါ့နော။ ဆိုရှယ်မီဒီယာသုံးတာကို ကန့်သတ်သင့်တယ်။ ဆိုရှယ်မီဒီယာကို သတင်းအချက်အလက်ရရှိဖို့ရယ် တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်နိုင်ဖို့ပဲ သုံးသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆိုရှယ်မီဒီယာပေါ်မှာ သူများတွေအဆင်ပြေနေ ပျော်သွားသွားလာနေလေ ကိုယ်က စိတ်ဓာတ်ပိုကျလေပဲပေါ့နော။ အဲ့ဒီစိတ်ဓာတ်ကျတာက ပိုဆိုးတတ်တယ်။ အဲ့ဒါကိုရှောင်မယ်။

မေး။ ။ စိတ်ပိုင်းဆိုင်ရာခံစားရတာ၊ စိတ်ဓာတ်ကျတာတွေ ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ။
နောက်ဆက်တွဲမှာ ဘယ်လိုအကျိုးသက်ရောက်မှု ရှိနေနိုင်လဲ။

ဖြေ။ ။ မိသားစုဝင်တွေထဲမှာ အထူးသဖြင့် ဦးစီးဦးဆောင်လုပ်ရတဲ့သူက Pressure (ဖိအား) ပိုများတယ်။ စိတ်ဓာတ်ကျတာပိုဖြစ်တတ်တယ်။ သူတို့ဖြစ်ပြီဆိုရင် တစ်မိသားစုလုံးပါ အကျိုးသက်ရောက်မှုရှိတာ။ အထူးသဖြင့် ကလေးတွေမှာ အကျိုးသက်ရောက်မှု ရှိမှာစိုးရိမ်တယ်။ ဘာလို့လဲဆို ကလေးတွေက ကိုယ့်မိဘနဲ့ ကိုယ့်ဆရာတွေကိုပဲ အားကိုးပြီး ယုံကြည်တာလေ။ ကိုယ်အားကိုးရတဲ့ လူကြီးကိုယ်၌က စိတ်ဓာတ်မခိုင်မာနေတော့ဘူး သူတို့ကိုယ်တိုင် Depression ဝင်ပြီး ခံစားနေရပြီဆိုရင် ဒီကလေးတွေမှာ ရေရှည်မကောင်းနိုင်ဘူး။

မေး။ ။ ပုံမှန်အားဖြင့် လူဘယ်နဦးမှာ ဖြစ်နိုင်တယ်လို့ပြောလို့ရလဲ။

ဖြေ။ ။ စစ်ရှောင်တွေ ကရင်နီပြည်မှာတော့ Result မရှိဘူးပေါ့နော။ ဒါပေမယ့် တစ်ကမ္ဘာလုံးအနေနဲ့ ပြောမယ်ဆိုရင်တောင်မှ လူ၆ယောက်မှာ တစ်ယောက်လောက်က စိတ်ကျဝေဒနာကို လူတိုင်းခံစားဖူးတယ်။
ဒီစစ်ရှောင်မှာကျတော့ လူတိုင်းနီးပါးပဲလို့ ပြောပါရစေပေါ့နော။ ဆေးခန်းလာပြတဲ့အထဲမှာ လူ ၁၀ယောက်မှာ ၈ယောက်လောက်က လာပြတဲ့အချိန် လက္ခာမယ်မယ်ရရက မရှိဘူး။ အိပ်မပျော်လို့ ခေါင်းကိုက်လို့ ကိုယ်လက်ကိုက်လို့။ သွေးတိုးတယ်ထင်တယ် နှလုံးရောဂါရှိတယ်ထင်တယ်။ တကယ့်တကယ် စစ်ဆေးကြည့်လိုက်ရင် အဲ့ဒါတွေကရှိတာမဟုတ်ဘူး။ ဖြစ်ပေါ်နေတဲ့လက္ခာတွေ အကုန်လုံးရဲ့ လက်သည်က ဒီစိတ်ဖိစီးမှုပဲ။ Stress များလို့ ဒီလက္ခာဏာ ပေါ်လာတာပေါ့နော။ အဲ့လိုမျိုးကတော့ လာပြတဲ့လူနာ ၁၀ယောက်မှာ ၈ယောက်လောက်က ဒီ Stress ဒဏ်ခံရတာကို တွေ့ရပါတယ်။

မေး။ ။ စိတ်ဓာတ်ကျတဲ့သူတွေ ကိုယ့်ကိုအဆုံးစီရင်မှု (Suicide) လုပ်နိုင်လား။ ဘာကြောင့်လဲ။

ဖြေ။ ။ စိတ်ဓတ်ကျတာနဲ့ ပတ်သက်လို့ရှိရင်တော့ အကြောက်ဆုံးက Suicide ပေါ့။ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားမှာ အကြောက်ဆုံးပဲ။ အဲ့ဒါမျိုးက အခြားရောဂါဖြစ်တာက ကြိုသိနိုင်သေးတယ် ကုလို့ရနိုင်သေးတယ်ပေါ့နော။ စိတ်ဓာတ်အရမ်းကျတာကတော့ ကိုယ့်ကိုအဆုံးစီရင်တာမျိုးက ဘယ်သူမှမသိဘဲ ရုတ်တရက် ဖြစ်သွားနိုင်တယ်ပေါ့နော။

မေး။ ။ စိတ်ပိုင်းဆိုင်ရာကုစားမှုတွေကို ဘယ်လိုပုံစံနဲ့ ဆောင်ရွက်နိုင်လဲ။

ဖြေ။ ။ ပျော်စရာ activities (လုပ်ရှားမှု) ဆိုတာက ငွေးကြေးကျ အရမ်းများတဲ့ ပွဲကြီးတွေ မဟုတ်ဘူး။ ဥပမာဆိုလို့ရှိရင် ကိုယ့်နဲ့ ရင်းနှီးတဲ့လူ လေးငါး ဆယ်ဦးပေါ့နော် စုပြီးတော့မှ တစ်ပတ်မှာ တစ်ခါလောက်တော့ အတူတူ ဘုရားရှိခိုးတာ၊ ဟင်းတွေ အတူတူ ချက်စားတာ ပြီးသွားလို့ရှိရင် ရွာထဲက ကလေးတွေကို စုပြီးတော့ တစ်လမှာ တခါလောက်တော့ ပျော်ပွဲရွင်ပွဲ လုပ်တာ ၊ ကလေးတွေ အချင်းချင်း ကစားတာ၊ ကိုယ့်ဘာသာ ကိုယ်ရင်နှီးတဲ့ သူတွေနဲ့ စုပြီးတော့ သီချင်းဆိုကြတာ မကြာခဏ လုပ်ပေးသင့်ပါတယ်။ ဒါပေမယ့် မသက်သာဘူး ဆိုရင်တော့‌ ဆေးဝါးအကူအညီယူဖို့ လိုကောင်း လိုနိုင်တယ်ပေါ့နော်။

တစ်ခုရှိတာက စိတ်နဲ့ပတ်သက်တဲ့ဆေးတွေက သောက်ပြီဆိုလို့ရှိရင် နှစ်ပတ်ကနေ လေးပတ်မှ အာနိသင်စပြတာ။ ပြီးသွားလို့ရှိရင် ဆေးတွေက ဖြတ်ချင်တိုင်း ဖြတ်လို့မရဘူးပေါ့နော်။ ပြီးတော့ ဒီဆေးဝါးနဲ့ ပတ်သက်တဲ့ အကူအညီတွေ ရဖို့က ခက်ခဲလိမ့်မယ်။ ရသွားတယ်ဆိုရင်တောင် ဆက်တိုက်သောက်သွားနိုင်ဖို့က ခက်ခဲတယ်။ အဲဒါကြောင့် အဲဒါထက်စာရင် စောစောက ကျနော်ပြောသလိုပဲ စကားပြောတာ၊ ကိုယ်ဝါဿနာ ပါတာလုပ်တာမျိုးနဲ့ပဲ ကြိုးစားကြည့်ဖိုပဲ ပြောချင်တယ်။ အကယ်၍ လုံးဝအဆင်မပြေဘူး ကိုယ်အရမ်းကို စိတ်ဓာတ်ကျတာ အရမ်းဆိုးဝါးနေပြီ ကိုယ့်မှာအန္တာရယ်ရှိတယ် အဲလိုခံစားရတယ်ဆိုရင်တော့ အွန်လိုင်းရတဲ့နေရာ သွားပြီးတော့ အွန်လိုင်းကနေ ဆွေးနွေးပေးတဲ့သူဆီမှာ ရင်ဖွင့်လို့ရပါတယ်။ ကျနော်တို့နဲ့အဆက်သွယ်ရှိတယ်ဆိုရင်လည်း ရင်ဖွင့်လို့ရပါတယ်။

spot_img
spot_img