spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စိုက်ပျိုးမွေးမြူရေးအလုပ်ကိုစွန့်ပြီး တော်လှန်ရေးမှာပါဝင်လာရတဲ့လူငယ်နှစ်ဦး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်တွေကော အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေကော စစ်အာဏာရှင်ကို နည်းမျိုးစုံနဲ့တော်လှန်နေကြပါတယ်။

အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေစပြီး လူငယ်လူရွယ်တွေက အနာဂတ်တွေပျောက်သွားခဲ့ရပါတယ်။ လက်ရှိမှာဆိုရင် တစ်နှစ်တိတိပြည့်သွားပြီဖြစ်ပါတယ်။

စစ်ကောင်စီအာဏာသိမ်းတာကို လက်မခံတွေသူတွေက ကန့်ကွက်ဆန္ဒဖော်ထုတ်တာကို အကြမ်းဖက် ဖြိုခွင်းခံခဲ့ရတဲ့နောက် လူငယ်တွေဟာ လက်နက်စွဲကိုင်ပြီး စစ်ကောင်စီကိုတော်လှန်ဖို့ ဖြစ်လာခဲ့ကြရတယ်။

စစ်ကောင်စီကို ကန့်ကွက် ဆန္ဒပြဦးဆောင်ခဲ့သူထဲက ဒီးမော့ဆိုမြို့မှာ နေထိုင်တဲ့ ခွန်းပီတယ် တစ်ယောက်ဟာလည်း လက်နက်ကိုင်တော်လှန်တဲ့ လမ်းစဉ်ကို ရွေးချယ်လိုက်ရတယ်လို့ဆိုပါတယ်။

“စစ်ကောင်စီကိုအမြစ်ပြတ်တဲ့နေရာမှာကတော့ ကျနော်တို့လည်းအမျိုးမျိုးကြိုးစားခဲ့ပါတယ် လမ်းပေါ်ထွက်ဆန္ဒပြတာတို့ လက်၃ချောင်းထောင်ကမ်ပိန်းတွေလုပ်ခဲ့တယ်အမျိုးမျိုး ငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းဖို့တောင်းဆိုခဲ့တယ် ဒါပေမယ့် သူတို့တွေ(စစ်ကောင်စီ)က အကြမ်းဖက်လာတော့ မခံနိုင်တော့လို့ ဒီလက်နက်ကိုင်လမ်းစဉ်ကိုရွေးရတာဖြစ်တယ်။”

သူကအရင်ကဆိုရင် ကြက်ခြံနဲ့ ကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ လူငယ်တစ်ဦးဖြစ်ပါတယ်။
အခုချိန်မှာတော့ ကျန်တဲ့ မောင်နှမတွေ မိဘတွေ မိသားစုတွေနဲ့ တကွဲတပြားဖြစ်နေကြပြီး သူ့ရဲ့ ကြက်မွေးမြူရေးခြံကိုလည်း တိုက်ပွဲတွေကြားမှာ ဆုံးရှုံးလိုက်ရပါတယ်။

ခွန်းပီတယ်ဟာဆိုရင် သူ့အနာဂတ်မှာ ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရင်း ကိုယ်ပိုင်အိမ်ကလေးတစ်အိမ်ဆောက်ပြီး မိသားစုပျော်ပျော်ရွှင်ရွှင်နေထိုင်ဖို့ မျှော်လင့်ထားသူဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ မျှော်လင့်ချက်တွေအကုန်ပျက်စီးခဲ့ရပါပြီ။

“အာဏာမသိမ်းခဲ့ရင်တော့ အခုလောက်ဆိုရင်တော့ မိသားစုနဲ့ အိမ်အသစ်တလုံးနေလို့ရပြီပေါ့ ဒါပေမယ့် ဖြစ်မလာဘူးပေါ့နော တစ်ချို့သောဟာတွေလည်း ဆိုင်ကယ်ရှိတာလည်း ဆိုင်ကယ်တစ်စီးအကုန်လုံး ပျောက်သွားတယ်ပေါ့ တိုက်ပွဲကာလမှာပဲ။”

အခုတော့ သူဖြစ်ချင်တဲ့ မွေးမြူရေးလုပ်ငန်းမလုပ်နိုင်တော့ပဲ စစ်အာဏာရှင်ကိုတော်လှန်ဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲ့ တပ်ရင်း ၁ တပ်ခွဲ ၁ တပ်ခွဲမှူး အဖြစ် တာဝန်တွေ ထမ်းဆောင်နေရပါတော့တယ်။

ခွန်းပီတယ်လိုပဲ တခြား စိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်ရင်း သူ့မျှော်လင့်ချက်ကို စွန့်ခဲ့ရပြီး KNDF ရဲ့ ဦးဆောင်ကော်မတီမှာ ပါဝင်လာသူကတော့ ကိုသိုက်ဖြစ်ပါတယ်။

ကိုသိုက်ဟာဆိုရင်လည်း အရင်က လူမှုအကျိုးပြုစေတဲ့ သဘာဝ စိုက်ပျိုးရေးလုပ်ငန်းနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေကို လုပ်ကိုင်နေသူဖြစ်ပါတယ်။ အခုတော့သူလည်း သူ့ရဲ့ မျော်လင့်ချက်တွေကတော့ တော်လှန်ရေးအောင်တဲ့ တနေ့မှပဲ ပြန်လုပ်တော့မယ်လို့ဆိုပါတယ်။

“ကျနော်တို့က ရိုးရိုးသာမန်ပြည်သူလူထုတွေပဲဖြစ်တယ်။ ကျနော်တို့ ဖြစ်ချင်တဲ့ အိမ်မက်လေးတွေရှိပါတယ်။ ကျနော့်အတွက်ဆိုရင်တော့ စိုက်ပျိုးရေးခြံနဲ့ လူမှုအကျိုးပြု လုပ်ငန်းလေးတွေကို အေးအေးဆေးဆေးလုပ်ချင်တဲ့ ဆန္ဒပဲ အခုလဲဒီလိုပါပဲ တော်လှန်ရေးပြီးတဲ့အချိန်ကြရင် တကယ်လို့ ကျနော်တို့ လုပ်ဆောင်နေတဲ့အရာက တခြား တခြားသော သက်ဆိုင်ရာဝါသာနာပါတဲ့သူတွေ တကယ်လုပ်နိုင်တဲ့သူ ပေါ်ထွန်းလာလို့ရှိရင် ကိုယ့်ခြံကိုယ်မြေကို ပြန်ကြပြီးတော့မှ အရင်တုန်းက အိမ်မက်အတိုင်းပဲ အကောင်အထည်ဖော်ဖို့ရှိပါတယ်။”

ကိုသိုက်က မကြာခဏ ဆိုသလို စစ်ကောင်စီထောင်ထားတဲ့ မိုင်းတွေကိုလည်း လိုက်လံရှင်းလင်းနေသူ လည်းဖြစ်ပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်မှာတော့ ခွန်းပီတယ်နဲ့ ကိုသိုက်တို့ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေက ဘာတခုမှ ဖြစ်မလာတော့ပါဘူး။ သူတို့ရဲ့ မျှော်လင့်ချက်တွေကို စွန့်လွတ်လိုက်ရပြီးတော့ KNDF တပ်ဖွဲ့ဝင်တွေထဲမှာ တာဝန်ကိုယ်စီနဲ့ ထမ်းဆောင်နေကြပါတယ်။

KNDF က ကရင်နီတပ်တော် (KA) ရဲ့ စစ်ဦးစီးမှုအောက်မှာ တိုက်ပွဲဝင်နေတာဖြစ်ပြီး အခြားမိတ်ဖက် PDF/ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း ချိတ်ဆက်တိုက်ပွဲဝင်နေတဲ့အဖွဲ့ဖြစ်တယ်လို့ ဆိုထားပါတယ်။

KNDF က စစ်ကောင်စီအာဏာသိမ်းပြီး တစ်နှစ်အတွင်းမှာ တိုက်ပွဲပေါင်း (၁၀၀) ကျော်ဖော်ဆောင်ခဲ့ပြီး KNDF ဘက်က ရဲဘော်(၂၀)ဦး ထိခိုက်ကျဆုံးပြီး စစ်ကောင်စီတပ်ဘက်က (၄၄၀) ဦးကျော်သေဆုံးမှုရှိတယ်လို့ ဖေဖော်ဝါရီလ ၁ ရက်နေ့က KNDF ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုလို စစ်ကောင်စီကိုတိုက်နေတဲ့ လူငယ်တွေဟာ အနာဂတ်အတွက် ခွန်အားအရှိဆုံးသူတွေဖြစ်ကြတဲ့အတွက် ရဲဘော်ဖြစ်လာတဲ့ လူငယ်တွေကို လေးစားအသိအမှတ်ပြုတဲ့အကြောင်း တိုင်းပြည်နဲ့လူမျိုးအတွက် အားကိုးနေရတဲ့အကြောင်း ကို ကရင်နီတပ်မတော် ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က ပြီးခဲ့တဲ့ စစ်သင်တန်းအပတ်စဉ် ၇၁ တုန်းက ပြောကြားခဲ့ဖူးပါတယ်။

“ကျနော်တို့ သစ္စာရေသောက်ပြီးသွားပြီဆိုရင် ရိုးရိုးသားသားနဲ့ သစ္စာရှိရှိနေသွားကြပါ။ ရှေ့အနာဂတ်မှာ တိုးတက်လာလိမ့်မယ်။ ဒါကြောင့် လူငယ်တွေကို လေးစားပြီးတော့ အားကိုးပါတယ်။ လူငယ်တွေဟာ ခွန်အားရှိနေကြတဲ့အတွက် ကြီးပွားချမ်းသာမှုတွေ ရလာလိမ့်မယ်။ စာတတ်ပေတတ်တွေလည်း အများကြီးရှိတဲ့အတွက် ဘယ်သူမဆို ပြည်သူပြည်သားတွေကလည်း ငါတို့ကို အားကိုးလာလိမ့်မယ်။”

တိုင်းရင်းသားတွေရဲ့ဘဝတွေက နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်အောက်မှာ ခံလာခဲ့ရတဲ့အတွက် အခုချိန်မှာတော့ လူတိုင်းက ဆန့်ကျင်တော်လှန်နေဖို့လိုတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး (၁) ခူဒယ်နီယာ ကပြောပါတယ်။

“အာဏာသိမ်းမှုအောက်မှာမနေချင်တဲ့သူတွေအားလုံးလိုလိုပါပဲ။ လူကြီးလူငယ် တော်လှန်ဆန့်ကျင်နေကြတယ်။ သူတို့ကိုလုပ်ပါ မလုပ်နဲ့လို့ သူ့ကိုသွားပြောလို့မရဘူး။ လူတိုင်းကစိတ်ထဲမှာ ဒီစစ်အာဏာရှင်အောက်မှာ နှစ်ပေါင်းများစွာနေလာခဲ့ပြီးပြီး ဒီတစ်ခါတော့ မနေနိုင်တော့ဘူး ဆိုတာကတော့ လူတိုင်းပါဝင်လာကြပြီလေ သူတို့။ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို နည်းလမ်းကောင်းတစ်ခုခုအပေါ်မှာ အခြေခံပြီးတော့မှ လုပ်သွားသင့်တယ်ပေါ့ ဆက်လုပ်သင့်တယ်။ တကယ်လို့အခုသာ စိတ်လျော့လိုက်မယ် ဘားမှဆက်မလုပ်ဘူးဆိုရင်တော့ စစ်သေနတ်အောက်မှာပဲပြန်နေရမှာပဲပေါ့။ အဲ့ဒါတွေလည်း သူတို့ သိသင့်တယ် အားလုံးက သိဖို့သင့်တယ်ပေါ့နော လူငယ်တွေက။”

KNDF တပ်ဖွဲ့က အခုဆိုရင် တပ်ရင်းပေါင်း (၁၈)ရင်း တပ်ဖွဲ့ဝင် အင်အားပေါင်း(၆၂၇၇) ဦးရှိပြီဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်မှာတော့ ကရင်နီတပ်မတော်ကနေ စစ်သင်တန်း အပတ်စဉ် ၇၀၊ ၇၁၊ ၇၂ ဆိုပြီး ၃ ပတ်စဉ်ကို လူငယ်တွေအတွက် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ပါတယ်။

spot_img
spot_img

Recent posts