spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စိုးရိမ်ထိတ်လန့်ပူပန်စရာ တွင်းနက်ကြီးပေါ်က မော်ချီးဒေသ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တောင်စွယ်တောင်တန်း အထပ်ထပ်ပေါ်မှာ လူနေအိမ်တွေပူးကပ်နေတဲ့ မော်ချီး‌ဒေသဟာ ယခင်ကလို ပျော်စရာတွေအစား တွေးပူပြီး ရင်လေးစရာတွေနဲ့သာ ပြည့်နှက်နေပါတယ်။

အာဏာသိမ်းကာလ သုံးနှစ်နီးပါးအတွင်းမှာပဲ မော်ချီးဒေသခံတွေအတွက် ပထမဦးဆုံးအနေနဲ့ တွေးပူရင်လေးစရာကတော့ ကုန်ဈေးနှုန်းနဲ့ စီးပွားရေးအခြေအနေလို့ ဆိုရမှာဖြစ်ပါတယ်။

ခဲထွက်တဲ့ဒေသ သူဌေးတွေ‌ပေါတဲ့နေရာ၊ ငွေကို လေလိုရတယ် လို့သာ ဆိုပါတယ်။ ကုန်ဈေးနှုန်းတွေကတော့ မနားတမ်းတက်နေပါတယ်။ ခဲဈေးတွေကတော့ ဈေးလိုက်မတက်လာတဲ့အတွက် အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေဟာအခက်တွေ့ ပြီး စီးပွားရေးအရ အကြပ်ရိုက်နေရပါတယ်။

ကုန်ဈေးနှုန်းလို့ ပြောပြန်လျှင်လည်း မော်ချီးဒေသဟာ မြန်မာနိုင်ငံမှာ ကုန်စျေးနှုန်းအမြင့်ဆုံးနေရာ လို့ ပြောလို့ရနိုင်ပါတယ်။

” မော်ချီးမှာ ကုန်ဈေးနှုန်းတွေက မြန်မာနိုင်ငံမှာ ဘယ်နေရာမှာမှ မရှိနိုင်တဲ့ဈေးနှုန်းမျိုးတွေဖြစ်နေတယ်။ ဥပမာ လက်တွေ့ပြောရရင် အာလူး တပိဿာ ကို နှစ်သောင်း၊ နှစ်သောင်းခွဲ၊ ခရမ်းချဉ်သီး တပိဿာကို နှစ်သောင်း အဲလိုဖြစ်နေတယ်။ ဒီမှာ ပုံမှန်ရိုးရိုး နေ့စားခသမားတယောက်အနေနဲ့ ကျင်းဆင်းနေတဲ့လူတယောက် အသက်စွန့်ပြီး ကျင်းဆင်းနေတဲ့လူတယောက်တောင်မှ တရက်မှ နေစားခက တသောင်း တသောင်းခွဲ အဲ့ဝန်းကျင်လောက်ရတာပေါ့။ ပြောမယ်ဆိုတော့အများကြီးပဲဗျာ” လို့ မော်ချီးဒေသခံတဦးဖြစ်သူ ကိုစိုးရယ် ကပြောပါတယ်။

ဒါအတွက်ကြောင့် ဒေသခံတချို့အဖို့ တရက်နေ့စားခနဲ့ တရက်တာ စားဝတ်နေရေးအတွက် ဖူလုံဖို့ရန် ရုန်းကန်လုပ်ရှားနေရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ တရားဝင်နေဆဲ ငွေစက္ကူတွေဖြစ်တဲ့ ငါးဆယ်တန်၊ တရာတန်၊ နှစ်ရာတန် ငွေစက္ကူတွေရှိပေမဲ့၊ ထို ငါးဆယ်တန်၊ တရာတန်၊ နှစ်ရာတန် စားသောက်ကုန်မုန့်တွေမရှိတော့ပါဘူး။ မော်ချီးဒေသလို ကုန်စျေးနှုန်းမြင့်တဲ့နေရာတွေမှာပိုလို့တောင် အသုံးမတည့်တော့ပါဘူး။

လမ်းပန်းဆက်သွယ်ရေးအနေနဲ့ကလည်း မော်ချီးဒေသရဲ့ အကောင်းဆုံးသောလမ်းတွေတောင်မှ မုန့်လင်မယားကိုထည့်ကြော်တဲ့ ပုံစံခွက်ဒယ်အိုးအလား ချိုင့်ခွက်တွေအပြည့်ဖြစ်နေပါတယ်။ ယခင်ကလမ်းတွေ ဒီလောက်ဆိုးဆိုးရွားရွား မဖြစ်ပေမဲ့ အာဏာသိမ်းကာလနောက်ပိုင်း ပိုမိုဆိုးရွားလာတာပါ။
…..
ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေလည်း မရှိတော့တာ အာဏာသိမ်းကာလ အစကတည်းက ဆိုတော့ ခုဆိုရင် သုံးနှစ်နီးပါးရှိပြီဖြစ်ပါတယ်။ ယခုအချိန်မှာ‌တော့ဖြင့် ဖုန်းလိုင်းအနေနဲ့ကတော့ စစ်တပ်ပိုင် CDMA 800 ဆင်းမ်ကတ်ကိုသာအသုံးပြုကြရပြီး အင်တာနက်လိုင်းအနေနဲ့ကတော့ starlink (စတားလင့်) wifi ကိုသာအသုံးပြုနေကြရတာဖြစ်ပါတယ်။

ကျန်းမာရေးအပိုင်းကိုကြည့်ပြန်တော့လည်း လမ်းပန်းဆက်သွယ်ရေး ခရီးလမ်းအခြေ‌အနေတွေကြောင့် မော်ချီးဒေသမှာ ဆေးဝါးပြတ်လပ်မှုတွေရှိနေတဲ့အပြင် ဆေးရုံသာရှိပြီး ဆရာဝန်၊ ဆရာမတွေက မရှိတာ၊ မလုံလောက်တာတွေကတကြောင်း၊ ဆေးတွေမရှိတာကတမျိုးတဖုံနဲ့ ဆေးသိုလှောင်ခန်းက အခန်းလွတ်တွေသာ ရှိနေပါတယ်။

အဲ့လိုကျန်းမာရေးပိုင်းအားနည်းတာတွေကြောင့် အချိန်မီကုသမှုခံယူလျှင် အသက်ကယ်လို့ရနိုင်ပါလျက်နဲ့ အချိန်မီ မကုသနိုင်ဘဲ အသက်ဆုံးရှုံးခဲ့ရတဲ့‌သူတွေကလည်း ဒုနဲ့ဒေး ရှိနေပါတယ်။

“ဆေးဝါးအခက်ခဲကတော့ လမ်းပန်းဆက်သွယ်ရေးမကောင်းဘူး။ မှာယူလို့မရတာတွေရှိတယ်။ အများအားဖြင့် မှာယူလို့ကိုမရတော့ဘူး။ ဆေးဝါးတွေပြတ်တယ်။ အရေးနဲ့အကြောင်းဆိုရင် တိုက်နယ်ဆေးရုံလွှတ်ရတယ်။ လွှတ်လို့မရရင် ဖားဆောင်းဆေးရုံလွှတ်ရတယ်။ ဒါပေမဲ့ အဲ့မှာလည်းဆေးတွေမရှိဘူးလို့လဲ ကြားတယ်။ တချို့ကျတော့ ဆေးမရှိတော့လည်း အချိန်မီမကုနိုင်ဘူးပေါ့” လို့ မော်ချီးဒေသက ကျန်းမာရေးလုပ်သားတဦးက ပြောပြတာပါ။

မော်ချီး‌ ဒေသနဲ့ အနီး ဖားဆောင်းမြို့နယ်အရှေ့ဖက်ကမ်းမှာတော့ မကြာခဏ တိုက်ပွဲဖြစ်ပွားတာတွေရှိပြီး၊ ရံဖန်ရံခါ အသံများကိုလည်း မော်ချီးဒေသထိတိုင် ကြားရလေ့ရှိပါတယ်။

တိုက်ပွဲ‌ဖြစ်ပွားခြင်း‌တွေ မရှိ‌သေးပေမဲ့ တိုက်ပွဲများဖြစ်ပွားခဲ့ရင်၊ ကူးစက်လာခဲ့ရင်ဆိုတဲ့ စိုးရိန်ပူပန်စိတ်တွေက မော်ချီးဒေသခံတွေရဲ့ရင်ထဲမှာ ကျယ်လောင်စွာ အော်ဟစ်ဆူပူလို့ရယ်ပါ။

ဒါကြောင့် မော်ချီးဒေသဟာ ရုပ်ပိုင်းဆိုင်ရာဖက်ကြည့်ရင် ကလိုင်အပေါက်ကြီးတွေဖြစ်နေတဲ့ တောင်ပေါ်ဒေသက အန္တရာယ်ဇုံတွေအတွင်း နေကြတာဖြစ်သလို၊ စိတ်ပိုင်းဆိုင်ရာ ပူပန်စရာ စိုးရိမ်စရာတပွေ့တပိုက်နဲ့ တွင်းနက်ကြီးပေါ်မှာလဲ ငုတ်တုတ်ကလေးနေထိုင်နေကြရတဲ့ ဒေသငယ်လေးတခု ဖြစ်ရှာပါတော့တယ်။

spot_img
spot_img

Recent posts