spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဆင်တောင်ကျေးရွာမှာ နေအိမ်ထဲ မီးရှို့ခံရတဲ့ အလောင်း၃လောင်းတွေ့ရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မီးလောင်နေတဲ့ နေအိမ်ထဲမှာပဲ မီးရှို့ခံရတဲ့ အလောင်း၃လောင်းကို ဒီးမော့ဆိုမြို့နယ် ဆင်တောင်ကျေးရွာမှာ တွေ့ခဲ့တယ်လို့ KNDF (ဖယ်ခုံဇုံ) က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

မီးရှို့ခံရတဲ့ အလောင်း၃လောင်းမှာ အရပ်သားတွေဖြစ်ပြီး ပစ္စည်းပြန်ယူတာလို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုးခဲ့တဲ့ ဆင်တောင်ကျေးရွာမှာ နေအိမ်နှစ်လုံးလည်းမီးရှို့ခံခဲ့ရတာဖြစ်ပြီး နေအိမ်တစ်လုံးမှာ မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတွေကို မတ်လ ၂ရက်နေ့ နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် တွေ့ရှိရတာဖြစ်တယ်လို့ KNDF (ဖယ်ခုံဇုံ) က ပြောပါတယ်။

“အရင်ရက်တွေက စစ်ကောင်စီတွေ အဲ့ဘက်လမ်းကြောင်းကို တက်လာပါတယ်။ နန်းမယ်ခုံတို့ဘက်ကို ထိုးစစ်ဆင်လာတဲ့အချိန်ပေါ့။ အဲ့တုန်းက ရွာသားတွေ ရှောင်ပြေးကြတယ်။ သူတို့ ထွက်သွားလို့ ကျနော်တို့ နယ်မြေရှင်းလင်းရေးပြုလုပ်မှ ပြာပုံနဲ့အရိုးတွေ တွေ့ရတာပါ။ အလောင်းတွေ့တဲ့နေရာမှာ ကျည်ခွံတွေလည်း ကျန်တယ်ပေါ့နော။ သွေးတွေလည်း စိုနေတုန်း။ ပြာပုံထဲမှာ ကျည်ခွံတွေပါ တွေ့တယ်ဆိုတော့ အရင်သတ်ပြီးမှ အိမ်ကို မီးရှို့ထားတာလို့ ယူဆပါတယ်။“ လို့ KNDF (ဖယ်ခုံဇုံ) က ပြောပါတယ်။

သေဆုံးသွားသူမှာ မည်သူဖြစ်ကြောင်းကို ကန္တာရဝတီတိုင်း(မ်)အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ အသတ်ခံရတာနဲ့ ပတ်သက်ပြီး ကရင်နီပြည်ရဲဌာနကို တိုင်ကြားထားတာရှိပြီး KSPအနေနဲ့လည်း စုံစမ်းစစ်ဆေးနေဆဲလို့ ပြောပါတယ်။

“ ဟုတ်ကဲ့။ ကျနော်တို့လည်း အခုမှ စုံစမ်းနေဆဲပဲ။ ဘာဖြစ်လို့လဲဆိုတော့။ ဒီနေရာက သိတဲ့အတိုင်းပဲ။ အခုက စစ်တပ်က ရောက်နေတယ်ဆိုတော့။ ကျနော်တို့လည်း သွားဖို့ အဆင်မပြေဘူး။ “ လို့ ကရင်နီပြည် ရဲဌာန ( KSP ) ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ရက်နေ့မှာ မိုးဗြဲမြို့နယ် လွယ်ယင်းရွာမှာ စစ်ကောင်စီစစ်ကြောင်းထိုးရင်း အရပ်သားပြည်သူ ၄ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို တုံ့ပြန်သွားမှာဖြစ်ပြီး လူထုတွေကိုလည်း လုံခြုံအောင် ကာကွယ်သွားမယ်လို့ KNDF ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။

“ ယုတ်မာနိုင်သမျှ ယုတ်မာတဲ့ လမ်းကြောင်းတွေက ဒါစစ်ကောင်စီတစ်လျှောက်လုံးသုံးခဲ့တာ ဖြစ်တဲ့အတွက် ကျနော်တို့မှာ မှတ်ချက်ပြုစရာမရှိဘူး။ ကျနော်တို့ ထင်ပါတယ်။ ဒီဟာက ဘယ်လောက် အထိ ပေးဆပ်ရမယ်။ နောက် ဘယ်လောက်အထိ ရင်ဆိုင်နိုင်မလဲဆိုတာ။ ဒါပေမယ့် ကျနော်တို့က ဒီလမ်းကို အားလုံးရွေးချယ်ထားပြီ ဖြစ်တဲ့အတွက် ဒီလုပ်ရပ်အပေါ်မှာတော့ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားဖို့ ရှိတယ်။ ကျနော်တို့ လူထုတွေကိုလည်း လုံခြုံအောင် ကာကွယ်ဖို့ ကျနော်တို့ အဖွဲ့ဝင်တွေတိုင်းမှာတော့ တာဝန်ရှိပါတယ်ဗျ။ “ လို့ KNDF ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၅ရက်နေ့ကတည်းက မိုးဗြဲမြို့နယ်ကနေစပြီး စတင်ထိုးစစ်ဆင်လာခဲ့ပါတယ်။ ထိုးစစ်ဆင်လာတဲ့ ၁၇ရက်မြောက်အတွင်း လက်ရှိအချိန်ထိ ဒီးမော့ဆိုမြို့နယ် ပူဖားကျေးရွာအထိ ထိုးစစ်ဆင်လာနေသလို သေးဆူလဲကျေးရွာဖက်လည်း ဦးတည်ပြီး ထိုးစစ်ဆင်လာမယ့် အခြေအနေရှိနေတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတ်ဖြတ်ခံရတဲ့ အရပ်သား ၂၂၁ဦးရှိသွားပြီလို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) က မတ်လ ၂ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts