spot_imgspot_imgspot_imgspot_img
Wednesday, October 23, 2024
spot_imgspot_imgspot_imgspot_img

ဆယ်ကျော်သက်တွေအတွက် “ဆယ်ကျော်သက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အစီအစဉ်” ၃လတာ သင်တန်းကို ပထမအကြိမ် ဖွင့်လှစ်နိုင်ခဲ့

ထွေးရယ် / ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆို အရှေ့ဖက်ခြမ်း တစ်နေရာမှာ ဆယ်ကျော်သက်လူငယ်တွေအတွက် ရည်ရွယ်ပြီး ကယားလီဖူး အဖွဲ့ကနေပြီးတော့ “ဆယ်ကျော်သက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အစီအစဉ်” ၃လတာ သင်တန်းကို ပထမဆုံးအကြိမ် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
ဖေဖော်ဝါရီ (၁)ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဧပြီ(၂၄)ရက်နေ့မှာ သင်တန်းဆင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

သင်တန်းဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကို ကျောင်းအုပ်ဆရာမ က “ ကျမတို့ရဲ့ Adolescence Engagement Program ကို ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော့ ခက်ခဲတဲ့ ကာလမှာ လူငယ်တွေက ကိုယ့်ရဲ့ ရပ်ရွာမှာ ကိုယ်ရထားတဲ့ စွမ်းဆောင်ရည်သင်တန်းကနေပြီးတော့ ရရှိတဲ့ ဘာသာရပ်တွေကို ပြန်ပြီးတော့ အသုံးချနိုင်ဖို့ ပေါ့နော။ ပြီးတော့ သင်တန်းတွေဆီကနေ ရရှိလာတဲ့ ဗဟုသုတတွေကို ဒီမှာပဲရထားတာ မဟုတ်ဘဲ ကိုယ့်ရဲ့ ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက် ပြန်လည်ပြီးတော့ ဝေမျှနိုင်ဖို့ရန်အတွက်ပေါ့နော။ ပြီးတော့ ဆယ်ကျော်သက်လူငယ်တွေ အခုကာလမှာဆိုလို့ရှိရင် ဖုန်းသုံးကြတယ်။ တချို့အရာတွေက အိမ်မှာပဲ အချိန်ဖြုန်းတာမျိုးတွေရှိတယ်ပေါ့နော။ ဒီကာလမှာ လူငယ်တွေ အချိန်မဖြုန်းဘဲနဲ့ ခက်ခဲတဲ့ ကာလမှာ သူတို့အတွက် ဗဟုသုတတစ်ခု ရရှိဖို့ရန်အတွက် ကျမတို့ မျှော်မှန်းပြီးတော့ ဒီသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်တယ်ပေါ့နော။ “ လို့ ပြောပါတယ်။

သင်တန်းသူ၊ သား ၅၀ ဦး ခေါ်ယူခဲ့ပြီး အဆုံးထိ (၄၇) ဦး တက်ရောက်နိုင်ခဲ့တယ်လို့သိရပါတယ်။ သင်တန်းမှာ ကရင်နီစာပေ၊ ကရင်နီသမိုင်း၊ ခေါင်းဆောင်မှု ပညာ၊ ဂီတ၊ စတာတွေကို သင်ကြားပေးတာဖြစ်ပါတယ်။

သင်တန်းတက်ရောက်ပြီးတဲ့ လူငယ်တွေအနေနဲ့လည်း တတ်မြောက်ထားတဲ့ ပညာရပ်တွေကို ပြန်လည်ဝေမျှတာတွေ၊ လူမှုအသင်းအဖွဲ့တွေမှာ ပါဝင် ဆောင်ရွက်တာတွေ လုပ်ဆောင်သွားဖို့ရှိတယ်လို့ ဆိုကြပါတယ်။

“ ကျမဒီသင်တန်းစစ တက်ကတည်းက ရည်ရွယ်ချက်တစ်ခုထားထားတယ်။ ကျမသင်ကြားခဲ့တဲ့ အရာတွေကို ကျမရပ်ရွာထဲက သူငယ်ချင်းတွေကို ပြန်ဝေမျှချင်တယ်။ ပြီးတော့ ကျမတွေးထားတာက ရွာထဲမှာဆိုရင် ကလေးတွေက ကျောင်းမတက်ကြရတော့ဘူး။ ပြန်ပြီးတော့ သင်ပေးချင်တယ်။ ကျမ ဒီသင်တန်းကနေ ရလိုက်တဲ့ပညာတွေကို ပြန်သင်ကြားပေးချင်တယ်ပေါ့။ အစကတည်း ရည်ရွယ်ချက်ထားထားတယ်ပေါ့။ “လို့ ကျောင်းသူ တစ်ဦးက ပြောပါတယ်။

ပထမအသုတ် ပြီး ဒုတိယအသုတ် ဆက်လက်ဖွင့်လှစ်သွားဖို့ရှိပြီး ကွန်ပျူတာဘာသာရပ်ကို ထည့်သွင်းသင်ကြားပေးချင်ပြီး လက်ရှိမှာတော့ ကိရိယာ အခက်အခဲ ရှိနေသေးတယ်လို့ သိရပါတယ်။

“ သင်တန်းပြီးသွားတော့ ကျနော့် စိတ်ထဲမှာဆိုလို့ရှိရင် စေတနာ့ဝန်ထမ်းလုပ်ချင်တယ်။ သင်တန်းပြီးရင် Batch -2 ပြန်ဖွင့်ရင် အဲ့မှာ Volunteerပြန်လုပ်ကူမယ်။ မဟုတ်ရင် ကျနော် စစ်ရှောင်မှာလိုအပ်တဲ့ ထောက်ပို့ဆိုတော့ အဖွဲ့အစည်းတစ်ခုခုနဲ့ ဝင် Joinမယ်။ ပြီးတော့ ကျနော် လိုက်လုပ်မယ်။ အဲ့လို စိတ်ကူးရှိတယ်။ “လို့ ပထမအသုတ် တက်ရောက်ပြီးတဲ့ ကျောင်းသားတစ်ဦးက ပြောပါတယ်။

ဆက်လက်ဖွင့်လှစ်မယ့် ဒုတိယအသုတ်မှာလည်း သင်တန်းပြီးတဲ့ သင်တန်းသားတွေအနေနဲ့ သင်ကြားရေးမှာ ပြန်လည်ကူညီနိုင်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။ နောက်ထပ်ဖွင့်လှစ်မယ့် သင်တန်းမှာလည်း လာရောက်တက်ရောက်နိုင်သလို ကူညီထောက်ပံ့မှုတွေမှာလည်း ပါဝင်နိုင်တယ်လို့ သိရပါတယ်။

spot_img
spot_img