spot_imgspot_imgspot_imgspot_img
Thursday, July 25, 2024
spot_imgspot_imgspot_imgspot_img

ဆယ်စုနှစ် ၃ ခုနီးပါးအထိ ဒုက္ခသည်စခန်းကနေ အိမ်ပြန်ဖို့ မျှော်လင့်နေကြဆဲ ကရင်နီဒုက္ခသည်များ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

“ပြန်မယ်ဆိုရင်လည်း ဗမာတွေ(မြန်မာစစ်တပ်) က လူတွေကို မပစ်ခတ်တော့ဘူးလို့ လက်မှတ်တွေထိုးပြီးမှ ပြန်ရမယ်ဆိုရင် ကျမတို့လည်း ပြန်ချင်တယ်။”

ဒါကတော့ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ကရင်နီအမှတ် ( ၁ ) ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ အသက် ၄၃ နှစ်အရွယ် မော်စိုးမယ်က ပြောပြလာတာပါ။ သူမ အဲဒီဒုက္ခသည်စခန်းမှာ ဝါးတဲအိမ်တလုံးနဲ့ နေထိုင်လာတာ ၂၈ နှစ်ရှိပြီဖြစ်ပါတယ်။

သူမလိုပဲ အဲဒီဒုက္ခသည်စခန်းမှာ လက်ရှိနေထိုင်သူ ၈‌ ထောင်ရှိနေပါသေးတယ်။ အဲဒီ ဒုက္ခသည်စခန်းဟာ ကရင်နီပြည်က တောင်ပေါ်ဒေသတွေမှာ နေထိုင်ခဲ့တဲ့လူထုတွေ စစ်ပွဲဒဏ်ကိုထွက်ပြေးတိမ်းရှောင်ရင်း လာရောက်နေထိုင်ကြသူတွေ ဖြစ်ပါတယ်။

ရှားတောမြို့နယ် ပရယ်စိုးလဲ လို့ခေါ်တဲ့ တောင်ပေါ်ရွာလေးမှာ တောင်ယာလုပ်ကိုင်ပြီး ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေရင်းက ၁၉၉၆ ခုနှစ်အရောက်မှာတော့ စစ်ကောင်စီတပ်က ကျေးရွာကနေ အတင်းဖိအားပေး ပြောင်း‌ရွေ့ခိုင်းတာ ခံခဲ့ရတယ်လို့ မော်စိုးမယ်က ပြောပါတယ်။

“သေချာမသိဘူး ကိုယ့်ဘာသာကိုယ်နေတာကို မောင်းထုတ်တယ်။ သူတို့ကိုလည်း ဘာအမှားမှ မလုပ်မိဘူး။ ဒီတိုင်းမောင်းထုတ်တာ မထွက်သွားဘူးဆိုရင် ရွာကိုမီးရှို့မယ်၊ သတ်မယ်ပြောတော့ ကြောက်တာကြောင့် ရှားတောမြို့ဘက်ကို ပြေးကြတယ်။ အဲမှာသွားနေတော့ စားစရာမရှိဘူး။အဲကြောင့် ပြန်ပြီး ဒီဖက်ကို ( ထိုင်း-ကရင်နီနယ်စပ် ) ထွက်ပြေးလာတာပေါ့နော။” လို့ မော်စိုးမယ်က ယခင်က အကြောင်းတွေကို ပြန်ပြောင်းပြောပြပါတယ်။

ဒုက္ခသည်စခန်းမှာ မုန့်ဆိုင်ရောင်းပြီး စားဝတ်နေရေးအတွက် ရုန်းကန်နေတဲ့ မော်စိုးမယ်။

အဲဒီတုန်းက သူမဟာ အသက် ၁၆ နှစ်မျှသာရှိနေပါသေးတယ်။ ရွာကို စွန့်ခွာပြီး နှစ်လအကြာမှာ ရွာလုံးကျွတ်မီးရှို့ခံခဲ့ရတယ်လို့ သူမက ဆက်ပြောပါတယ်။ ခိုလှုံဖို့နေရာရှာဖွေရင်း ထိုင်းနယ်စပ်ကို ရောက်ရှိလာတာဖြစ်ပါတယ်။

၁၉၉၅-၉၆ ခုနှစ်တွေမှာ မြန်မာစစ်တပ်တွေနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရှားတောမြို့နယ်က ရွာအများစုကို မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရှားတောဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

အ၀တ်တထည် ကိုယ်တခုနဲ့ နယ်စပ်ဒေသကို ရောက်ရှိလာခဲ့ပေမယ့် ဘာအထောက်အပံ့မှ မရရှိခဲ့တဲ့အတွက် အစားအစာငတ်ပြတ်ခဲ့တဲ့ အချိန်တွေလည်း ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ နယ်စပ်ဒေသကိုရောက်ရှိပြီး လပိုင်းအကြာမှာ အတူပါလာတဲ့ သူ့ရဲ့ညီမ ဖြစ်သူက သေဆုံးသွားခဲ့တယ်လို့ မော်စိုးမယ်က ပြန်ပြောင်းပြောပြပါတယ်။

ဒါပေမဲ့ စျာပနပွဲကို ခမ်းခမ်းနားနားမပြုလုပ်ပေးနိုင်ခဲ့ပါဘူး။ နှစ်တွေ တဖြည်းဖြည်း ကြာညောင်းလာချိန်မှာတော့ မော်စိုးမယ်ဟာ မိသားစုဘဝလေးကို သားနှစ်ယောက်နဲ့အတူ အဲဒီဒုက္ခသည်စခန်းမှာ မိသားစုလိုက် ဒုက္ခသည်အဖြစ် နေထိုင်ဖြတ်သန်းနေပါတယ်။

တတ်တဲ့ပညာနဲ့ ယက်ကန်းယက်တာတွေ၊ နေ့စားအငှားလိုက်တာမျိုးတွေအပြင် နေအိမ်မှာ မုန့်ဆိုင်ရောင်းတာတွေအထိ အလုပ်မျိုးစုံလုပ်ပြီး စားဝတ်နေရေးအတွက် ဖြေရှင်းခဲ့ပါတယ်။

၂၀၁၂ ခုနှစ်နောက်ပိုင်း ကရင်နီပြည်ရှိ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ် တို့ အပစ်ရပ်လက်မှတ်တွေထိုးပြီး ပွင့်လင်းမြင်သာမှု ပိုမိုရှိလာတဲ့အချိန်မှာတော့ ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေအတွက် နေရပ်ပြန်နိုင်ရေးအစီအစဥ်တွေကို NLD အစိုးရလက်ထက်က ပြုလုပ်ခဲ့ပါတယ်။

မော်စိုးမယ် တို့နေထိုင်တဲ့ ကရင်နီအမှတ် ( ၁ ) ဒုက္ခသည်စခန်းမှာနေထိုင်တဲ့သူ အယောက် ၁၀၀ ကျော်ကလည်း ရှားတောမြို့ကို နေရပ်ပြန်တဲ့ အစီအစဥ်ကို ပြုလုပ်ခဲ့ပါတယ်။

သို့ပေမဲ့ နေရပ်ပြန်တဲ့အစီအစဥ်ဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနဲ့အတူ ရပ်ဆိုင်းခဲ့ပါတယ်။

ကရင်နီအမှတ် ( ၁ ) ဒုက္ခသည်စခန်း မြင်ကွင်း။

အဲဒီအစား စစ်ပဋိပက္ခတွေကြောင့် ပြည်တွင်းစစ်ဘေးရှောင်နေထိုင်သူတွေ ၃ နှစ်ကျော်အတွင်း ၂ သိန်း ၈ သောင်း ကျော် အထိရှိလာတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ယက် ( KCSN ) က ၂၀၂၄ ခုနှစ် ဇွန်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာရင်း ထိုင်း-ကရင်နီနယ်စပ်ကို ‌ရောက်ရှိလာတဲ့သူတွေလည်း ထပ်ရှိလာပါတယ်။

ထိုင်းနယ်စပ်မှာနေထိုင်ရတာဟာ ကိုယ့်နိုင်ငံမှာနေထိုင်ရတာနဲ့မတူဘဲ စည်းကမ်းတင်းကြပ်မှုတွေများတဲ့အတွက် စိတ်ကျဥ်းကျပ်မှုတွေ ရှိတယ်လို့ ဒုက္ခသည်စခန်းမှာ နေထိုင်နေသူ ကျော်၀င်းထွန်းက ပြောပါတယ်။

“ ထိုင်းနယ်စပ်မို့လည်း ထိုင်းတွေက သူတို့ ရဲ့ စည်းမျဉ်းစည်းကမ်းတွေက အရမ်းကိုကျပ်တည်းတာပေါ့နော်။ ဥပမာ ဟို မသွားရ သည်မသွားရ တောထဲမသွားရတို့၊ သစ်ပင်မခုတ်ရဆိုပြီး သူတို့ စည်းကမ်း တအားကြပ်တာပေါ့နော်။ မွန်းကြပ်တာပေါ့‌ နေရတာ၊ ဒါပေမဲ့ မွန်းကြပ်ပေမဲ့လည်း ကျနော်တို့ နေမယ့်နေရာ မရှိတဲ့ အတွက်ကြောင့်မို့ နေထိုင်ရတာပေါ့နော်။” လို့ သူက ပြောပါတယ်။

ကျော်ဝင်းထွန်းဟာ အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ တိုက်ပွဲတွေစတင်ဖြစ်ပွားပြီးနောက် ထိုင်း-ကရင်နီနယ်စပ်ကို ရောက်ရှိလာတာ ၃ နှစ်နီးပါးရှိလာပြီဖြစ်ပါတယ်။ အဲဒီဒုက္ခသည်စခန်းမှာနေထိုင်ရင်း အထက်တန်းကျောင်းသားတွေကို မြန်မာစာသင်ပေးတဲ့ ဆရာအဖြစ် လုပ်ကိုင်နေတာပါ။

စစ်ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း ကျော်ဝင်းထွန်းဟာ ဒုက္ခသည်စခန်းမှာ နေထိုင်နေပေမဲ့ လက်ရှိမှာတော့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်းမရပဲ ယာယီခိုလှုံသူအဖြစ်သာ သတ်မှတ်ခံရတာပါ။

၂၀၂၃ခုနှစ်အထိ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ( UNHCR ) ရဲ့ အချက်အလက်အရ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာနေရသူပေါင်း ကမ္ဘာအနှံ့မှာ ၁၁၇ သန်းကျော်ရှိနေပါတယ်။ အဲဒီထဲက ဒုက္ခသည်အဖြစ်ခံယူထားသူက ၃၁ ဒဿမ ၆ သန်း၊ ပြည်တွင်းရွေ့ပြောင်းနေထိုင်ရသူက ၆၈ ဒဿမ ၃ သန်း၊ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူက ၆ ဒဿမ ၉ သန်းနဲ့ နိုင်ငံတကာရဲ့ အကူအညီလိုအပ်နေသူပေါင်းက ၅ ဒဿမ ၈ သန်းရှိနေပါတယ်။

ဒုက္ခသည်စခန်းမှာ မုန့်ဆိုင်ရောင်းပြီး စားဝတ်နေရေးအတွက် ရုန်းကန်နေတဲ့ မော်စိုးမယ်။

ဒီလိုများပြားလှတဲ့ ဒုက္ခသည်တွေအရေးအတွက် အလေးထားဆောင်ရွက်နိုင်ရေး တိုက်တွန်းတဲ့အနေနဲ့ ၂၀၀၁ ခုနှစ်ကနေစပြီး နှစ်စဥ် ဇွန်လ ၂၀ ရက်နေ့ကို ကမ္ဘာ့ဒုက္ခသည်များနေ့ အဖြစ် ကမ္ဘာ့ကုလသမဂ္ဂက သတ်မှတ်ခဲ့ကြပါတယ်။

ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ကရင်နီဒုက္ခသည်စခန်း အမှတ် ( ၁ ) ကတော့ တည်ရှိနေတာ ၂၈ နှစ်ထဲရောက်ရှိလာပြီး၊ နှစ်စဥ် ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားကျင်းပကာ တောင်းဆိုမှုတွေကို ပြုလုပ်ခဲ့ပါတယ်။

ဒုက္ခသည်အဖြစ် အသိအမှတ်ပြုကဒ် တွေဟာ မိမိနိုင်ငံအတွင်းမှ ရွေ့ပြောင်းခံရပြီး တခြားနိုင်ငံမှာ ခိုလှုံနေရသူတွေ ကိုင်ဆောင်ရတဲ့ကဒ်ကို ဆိုလိုတာ ဖြစ်ပါတယ်လို့ ကရင်နီအမှတ် ( ၁ ) ဒုက္ခသည်စခန်းကော်မတီ အတွင်းရေးမှူး ( ၁ ) ခူးဦးရယ်က ပြောပါတယ်။

“ကျနော်တို့ ဒီမှာနေလည်း ပြည့်စုံတာမျိုးတော့မရှိပါဘူး။ ဒါပေမဲ့ နိုင်ငံတကာက တွေ့ပြီး ထောက်ပံ့မှုနည်းနည်းလုပ်လာတယ်ပေါ့နော။ ဒီလိုမျိုး လုပ်လာလို့ အထောက်အပံ့နည်းနည်းရလာတယ်ပေါ့နော။ သို့ပေမဲ့ နေရတော့ မသွားဖို့ ကန့်သတ်ထားတဲ့နေရာဆိုရင် မသွားရဘူးပေါ့နော။ အခွင့်အရေးရအောင် ဘယ်လိုလုပ်ရမလဲဆိုတော့ UNHCR ကနေပြီးတော့ ကဒ် လုပ်ပေးတယ်ပေါ့နော။” လို့ ခူးဦးရယ်က ရှင်းပြပါတယ်။

UN ကဒ် ရရှိထားသူတွေဟာ တတိယနိုင်ငံတွေဖြစ်တဲ့ သြစတေးလျ၊ ကနေဒါ၊ ဖင်လန်၊ နယူးဇီလန်၊ အမေရိကန် နိုင်ငံတွေမှာ နေထိုင်ခွင့်လျှောက်ထားနိုင်တယ်လို့လည်း သိရပါတယ်။ ဒုက္ခသည်စခန်းမှာ နေထိုင်ပါက သတ်မှတ်ထားတဲ့ ရိက္ခာအထောက်အပံ့အနည်းအကျဥ်းကို အဲဒီ ကဒ်ကနေတဆင့် လစဥ်ထုတ်ယူခွင့်ရှိမှာဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်တကြောမှာ ဒုက္ခသည်စခန်း ( ၉ ) ခုအထိရှိနေတာဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံမှာ နေထိုင်ခွင့်လျှောက်ထားပြီး သွားရောက်နေထိုင်နေသူ ခူးစူးရယ်ကတော့ သူ့ရဲ့ အတွေ့အကြုံတွေကို အခုလိုပြောပြပါတယ်။

“အစကတော့ အရမ်းခက်တယ် သက်ကြီးပိုင်းတွေအတွက်ဆိုရင်လည်း အရမ်းခက်တယ်။ ဘာလို့ဆိုသူတို့က စကားတလုံးမှ မပြောတတ်ဘူး၊ အလုပ် တခုခုလုပ်ရင်လည်း မှားမှားမှန်မှန် သူများဆူပြီးဆိုရင် အမှားလုပ်မိတယ်လို့ပဲ သူတို့ခံယူတော့ သူတို့ကို တအားသနားတယ်။” လို့ သူကပြောပါတယ်။

သူဟာလက်ရှိမှာ အသက် ၃၃ နှစ်ရှိပြီဖြစ်ပြီး ငယ်စဥ်က ထိုင်း-ကရင်နီဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့သူဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ကန္တာရဝတီတိုင်း( မ် ) က လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ စာရင်းအရ ကရင်နီပြည်ကနေ တတိယနိုင်ငံကို သွားရောက်ခိုလှုံသူ ၆ သောင်းကျော်ရှိနေပြီဖြစ်ပါတယ်။

မော်စိုးမယ်ကတော့ UN ကဒ် ရှိနေခဲ့ပေမယ့် တနေ့ နေရပ်ပြန်ရမယ်ဆိုတဲ့ စိတ် နဲ့ တတိယနိုင်ငံကို မသွားဖြစ်ခဲ့ပါဘူး။

မော်စိုးမယ်ရဲ့ တခုတည်းသောအိပ်မက်ကတော့ ကိုယ်ပိုင်အိမ်ယာနဲ့ နေထိုင်ခွင့်ရပြီး စိုက်ပျိုးရေး၊ မွေးမြူရေးတွေကို လုပ်ကိုင်စားသောက်ဖို့ ဖြစ်ပါတယ်။

သို့ပေမဲ့ သူမရှင်သန်နေတဲ့ သက်တမ်းထက်ဝက်ကျော်လောက်ဟာ အကန့်အသတ်တွေကြားကဖြစ်ပြီး သက်သေခံကဒ်အနေနဲ့ UN က ထုတ်ပေးထားတဲ့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုကဒ် တခုသာ ရှိနေပါတော့တယ်။

“ လက်မှတ်တွေက မရှိဘူး။ မြန်မာပြည်မှာလည်း မရှိဘူး။ ဒုက္ခသည်မှာလည်း မရှိဘူး။ ဒုက္ခသည်ကဒ်တခုပဲ ရှိတယ်။ ဆန်သွားထုတ်ဖို့အတွက်ပဲပေါ့။ ”

spot_img
spot_img

Recent posts