spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဆီဆိုင်မြို့နယ်ထဲက ကျေးရွာတစ်ရွာကို စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲ၊ ရွာခံနှစ်ဦး ထိခိုက်ဒဏ်ရာရပြီး ကရင်နီစစ်ရှောင်တစ်ဦး ပွဲချင်းပြီးသေဆုံး

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ထဲက ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲခဲ့တာကြောင့် အဆိုပါကျေးရွာမှာ စစ်ရှောင်နေတဲ့ ကရင်နီစစ်ရှောင်တစ်ဦး ပွဲချင်းပြီးသေဆုံးသွားသလို ကျေးရွာဒေသခံ နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့ (ဇန်နဝါရီလ ၂၂) ညနေ ၆နာရီ ၄၅မိနစ်အချိန်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးသီး ၃ လုံးအပါအဝင်၊ ဒရုန်းဗုံးသီး ၄လုံး ကြဲချခဲ့တယ်လို့ သိရပါတယ်။

ဘုရားကျောင်းအပြင် ဘုန်းကြီးနေတဲ့ အဆောက်အဦး၊ နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ ကျေးရွာခံတစ်ဦးက ပြောပါတယ်။

“၆နာရီ ၄၅၊ ၅၀လောက် အချိန်ပေါ့၊ ပေါင်း ၅၀၀ ဗုံး ၃ လုံးလောက် ကြဲသွားတယ်။ နောက် ဒရုန်း ဗုံးက ၄ လုံး အိမ်ခြေပျက်စီးတာက ၄ လုံး၊ ဘုရားကျောင်း၊ ဘုန်းကြီးနေတဲ့အဆောင်၊ အဆောက်အဦး အကုန်လုံးတွက်ပြီးတော့ မီးဖိုဆောင်တို့ဘာတို့ တစ်အိမ်ထဲမှာသုံးလုံးရယ်၊ မြောက်ဘက်တစ်အိမ်ရယ်၊ တောင်ဘက် သုံးလုံး၊ လေးလုံး၊ ဘုရားကျောင်းရယ် အဆောင်ကြီးရယ် ဘုန်းကြီးနေတဲ့ အဆောင်တစ်ဆောင်ဆိုတော့ ၆ ဆောင်တော့ ပျက်သွားတာပေါ့ အဆောက်အဦး” လို့ ကျေးရွာခံတစ်ဦးက ပြောပါတယ်။

အဆိုပါကျေးရွာမှာ ကရင်နီပြည်ကနေ လာရောက်စစ်ရှောင်နေသူတွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီကြဲချတဲ့ ဗုံးတွေဟာ ရွာလယ်မှာကျရောက်ပေါက်ကွဲခဲ့ပြီး ရွာခံနှစ်ဦးရဲ့ ဦးခေါင်းနဲ့ ခြေထောက်တွေမှာ ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ သေဆုံးသွားတဲ့ ကရင်နီစစ်ရှောင်တစ်ဦးကတော့ ရင်ဘတ်နဲ့ တင်ပါး၊ ဦးခေါင်း အပြင် ခြေထောက်တွေမှာ ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။

“ ရွာလယ်ကောင်မှာ တည့်တည့်လာကျတော့ စစ်ရှောင်ထိသွားတာပေါ့။ ထိသွားတဲ့ လူတစ်ယောက်က ရွာခံတစ်ယောက်ရယ်၊ ရွာခံ ရပ်မိရပ်ဖတစ်ယောက်က ဦးခေါင်းရယ်၊ နောက်တစ်ယောက်က စစ်ရှောင်တွေပဲ ဦးခေါင်းထိတာ အဲ့ဒါက ညမှာ ပွဲချင်းပြီးဆုံးသွားတာ။” လို့ သူက ဆက်ပြောပါတယ်။

အဆိုပါကျေးရွာမှာ လာရောက်ခိုလှုံနေတဲ့ ကရင်နီစစ်ရှောင် အိမ်ထောင်စု (၁၈၀) ရှိနေသလို လူဦးရေ ၆၀၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။ စစ်ရှောင်တွေဟာ လွိုင်ကော်မြို့ကနေ တိမ်းရှောင်လာသူတွေ အများဆုံးဖြစ်ပြီး ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်တွေလည်းရှိတယ်လို့ သိရပါတယ်။

spot_img
spot_img