spot_imgspot_imgspot_imgspot_img
Friday, February 14, 2025
spot_imgspot_imgspot_imgspot_img

ဆီဆိုင်မြို့နယ်ထဲက စက်သုံးဆီဆိုင်တချို့မှာ ရပ်ကွက်ထောက်ခံစာနဲ့ ဆီဝယ်ယူနေရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းက စက်သုံးဆီဆိုင်တချို့မှာ ဆီတွေဝယ်ယူဖို့ ရပ်ကွက်ထောက်ခံစာယူပြီးမှ ဝယ်ယူနေရတယ်လို့ စစ်ရှောင်ကော်မတီနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

စက်သုံးဆီဆိုင်မှာ မိမိတို့စီးနေတဲ့ ဆိုင်ကယ်၊ ကား ဆီဖြည့်တဲ့အခါ ထောက်ခံစာပေးစရာမလိုပေမဲ့ ပုံးတွေနဲ့ ဝယ်ယူတဲ့အခါမှာတော့ ထောက်ခံစာပြပြီး ဝယ်ယူရတယ်လို့ ဆီဆိုင်မြို့နယ်မှာရှိတဲ့ စစ်ရှောင်ကော်မတီတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ထောက်ခံစာလုပ်တယ်ဆိုတာက ဘူးလိုက်သွားဝယ်တဲ့အခါပေါ့ ပုံးနဲ့ သွားဝယ်သွားထည့်တဲ့ အခါမှာပေါ့။ တချို့က ထောက်ခံစာလိုတယ်ပေါ့ ဘူးနဲ့ဝယ်တဲ့အခါပေါ့။ သူတို့အဲ့မှာ စက်မောင်းဖို့ ဘာညာ ဘူးနဲ့ ဝယ်မယ်ဆိုရင်တော့ တချို့‌တော့ ထောက်ခံစာလိုတယ် အဲ့လိုတော့ရှိတယ်။ တချို့နေရာတော့ မဟုတ်ဘူး ဒီတိုင်းပဲ လွတ်လွတ်လပ်လပ် ဝယ်လို့ရတယ်။” လို့ ဆီဆိုင်မြို့နယ်ထဲက စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

အဆိုပါထောက်ခံစာဟာ ဆီဆိုင်မြို့နယ်အတွင်းမှာ အမှန်တကယ် နေထိုင်တဲ့သူဖြစ်ကြောင်းနဲ့ အမှန်တကယ် လုပ်ငန်းလည်ပတ်နိုင်ဖို့ လိုအပ်ကြောင်း ပြသနိုင်ရမှာဖြစ်ပြီး ထောက်ခံစာကိုတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူးဆီမှာ သွားရောက်ယူရတယ်လို့ သိရပါတယ်။

ဆီဆိုင်မြို့နယ်အတွင်းမှာရှိတဲ့ စက်သုံးဆီဆိုင် တချို့ကတော့ ဆီပြတ်လပ်မှုကြောင့် ပိတ်ထားတာတွေ ရှိနေတယ်လို့ ဆီဆိုင်မြို့ခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။

လက်ရှိမှာ ဓါတ်ဆီ ၁လီတာကို ကျပ် ၃၅၀၀ နဲ့ ပေးဝယ်ရပြီး ဆိုင်ကယ်တစ်စီးကို တစ်လီတာနှုန်းနဲ့ သော်လည်းကောင်း၊ ကားတစ်စီးကို ကျပ်နှစ်သောင်းနှုန်းနဲ့သာလည်းကောင်း အကန့်အသတ် ရောင်းချပေးနေတယ်လို့ သိရပါတယ်။ သို့ပေမဲ့ ဝယ်ယူသူတွေဟာ စက်သုံးဆီဆိုင်က ရောင်းချပေးတဲ့ အချိန်မှသာ ဝယ်ယူနိုင်ပြီး အချိန်မီဝယ်ယူဖို့လည်း တန်းစီစနစ်နဲ့သာ စောင့်ဝယ်နေရတယ်လို့ ဆိုပါတယ်။

“ဆီဆိုင်တွေတောင် ပိတ်ထားတယ်ကော။ ဒီနေ့ဆီမထည့်ရသေးတော့ ဒီနေ့အခြေအနေ မသိရသေးဘူး။” လို့ ဆီဆိုင်မြို့အတွင်းမှာ စစ်ရှောင်နေတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

ကရင်နီပြည် လွိုင်ကော်မြို့ပေါ်မှာ ၁၁.၁၁ စစ်ဆင်ရေး စတင်ပြီးတဲ့နောက် ဆီဆိုင်မြို့အတွင်း ရောက်ရှိလာတဲ့ ကရင်နီစစ်ရှောင် တစ်သောင်းကျော်ထိရှိနေပါတယ်။ လက်ရှိမှာ စက်သုံးဆီပြတ်လပ်မှု၊ ဈေးမြင့်တက်မှု အပြင် စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့လည်း ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts