spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲဆက်ဖြစ်၊ ကရင်နီစစ်ရှောင်တွေ ခြေဦးတည့်ရာ ထွက်ပြေးတိမ်းရှောင်နေရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကိုပါ ပြုလုပ်နေတာကြောင့် ဆီဆိုင်မြို့နယ်ထဲက ကရင်နီစစ်ရှောင်တွေဟာ ခြေဦးတည့်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်သူတွေထံကနေ သိရပါတယ်။

“သူတို့ကတော့ ခြေဦးတည့်ရာပဲ အသိရှိရာ ဆွေမျိုးရှိရာ။ အသိမရှိလဲ အဆင်ပြေတဲ့နေရာ ရှောင်ကြတာပဲ သွားကြတာပဲ။” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ မနက်ပိုင်းမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးကပြောပါတယ်။ ဆီဆိုင်မြို့နယ်ထဲမှာ ဆက်သွယ်ရေးလိုင်းတွေလည်း ပြတ်တောက်နေတယ်လို့လည်း ဆိုထားပါတယ်။

“စစ်ရှောင်တွေကတော့ မရှိသလောက်ဖြစ်တယ်။ အနည်းနဲ့အများတော့ ရှိအုံးမှာပဲ။ ဆက်လို့မရတဲ့ဟာ ပိတ်မိနေတဲ့ဟာတွေ ရှိမှာပဲ မနေ့ကတော့ ရသလောက်တော့ သွားထုတ်ပေးတယ်။ လူ လေး၊ ငါး ရာလောက်တော့ရတယ်။ ဒီနေ့တော့ ဝင်လို့မရတော့ဘူးလေ။”လို့ စစ်ရှောင်ကူညီသူတစ်ဦးက ဆက်ပြောပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ဆီဆိုင်မြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် ဆီဆိုင်၊ ဆိုက်ခေါင်၊ ဘန်းယဉ် လမ်းမကြီးတစ်လျှောက် ဆီဆိုင်ဒေသခံတွေနဲ့ ကရင်နီစစ်ဘေးရှောင် အားလုံးထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်ကြတဲ့ ဒေသခံတွေနဲ့ စစ်ရှောင်တွေဟာ တစ်ပတ်စာ စားနပ်ရိက္ခာကိုသာ ယူဆောင်သွားနိုင်တာကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားပါက လိုအပ်ချက်တွေ များပြားလာနိုင်တယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

“ကျနော်ထင်တယ် တစ်ပတ်လောက်ပဲ စစ်ရှောင်က တော်တော်များများမပါသွားကြဘူးလေ။ တစ်ပတ်စာလောက်ပဲပါသွားကြတာလေ။ တစ်ပတ်ထက်ပိုရင်တော့ စားနပ်ရိက္ခာကိစ္စက ဖြစ်မှာပဲ။ တိုက်ပွဲကြာမယ်ဆိုရင်တော့ ဒေသခံတွေကတော့ စစ်ရှောင်လိုပြန်ဖြစ်မယ်။ အခုက ဒေသခံတွေလည်း စစ်ရှောင်ဖြစ်နေတယ်ကော။ သူတို့လည်း သိပ်မသယ်သွားကြဘူးလေ။ တစ်ပတ်စာလောက်ပဲ အဲ့ဒါဆိုရင်တော့ ကုန်လောက်ပြီ။ ပုံမှန်လည်ပတ်မှုမရှိတော့ဘူးဆိုရင်တော့ တောင်ခံနိုင်တာက နှစ်ပတ်လောက်ပဲထင်တယ်။ နှစ်ပတ်ထက်ပိုရင်တော့ သူတို့ရိက္ခာကိစ္စတော့ ခက်ခဲမယ့်အနေအထားရှိတယ်။” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

လတ်တလောမှာတော့ ဒေသခံတွေဟာ နီးစပ်ရာ ဆွေမျိုး၊ အသိမိတ်ဆွေတွေထံ သွားရောက်ခိုလှုံနေထိုင်ကြရပြီး ကရင်နီစစ်ရှောင်အများစုကတော့ ခြေဦးတည့်ရာ ထပ်ဆင့် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

“ဆီဆိုင်မြို့ကနေ လွိုင်ကော်က ကျမတို့အသိတွေ တောင်ကြီးဖက်တို့ အေးသာယာဖက်တို့ ထပ်ရောက်လာတယ်လို့ သိရတယ်။ သူတို့ သုံးဆင့်လောက်ရှိနေပြီ ဒီတစ်ခေါက် စစ်ရှောင်ရတာနဲ့ဆိုရင်ပေါ့။ နေရာထိုင်ခင်း အဆင်ပြေဖို့ပဲ မျှော်လင့်ရတာပဲ ခုက အားလုံးက စစ်ရှောင်ဖြစ်နေကြတယ်။” လို့ တောင်ကြီးမှာရောက်ရှိနေတဲ့ လွိုင်ကော်ဒေသခံ အမျိုသမီးတစ်ဦးက ပြောပါတယ်။

ယမန်နေ့(ဇန်နဝါရီလ ၂၅ရက်)က ဆီဆိုင်မြို့ နဲ့ ကျေးရွာ ၄ ရွာကို စစ်ကောင်စီကနေ ဂျက်ဖိုက်တာ နဲ့ အကြိမ် ၂၀ နီးပါး လေကြောင်းပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) က ဒီကနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်အသိပေးထားပါတယ်။

ဆီဆိုင်မြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် လာရောက်ခိုလှုံနေတဲ့ ကရင်နီစစ်ဘေးရှောင် နှစ်သောင်းကျော်အပါအဝင် ဒေသခံ တစ်သိန်းကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်ကူညီသူတွေထံကနေ သိရှိရပါတယ်။

spot_img
spot_img

Recent posts