spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဆီဆိုင်မြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၇ ဦးထိမှန်သေဆုံး

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့မှာ ပစ္စည်းပြန်လာသယ်တဲ့ ဒေသခံတွေ စီးနှင်လာတဲ့ကားကို စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်ခဲ့ပြီး အရပ်သား ၇ ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒီကနေ့  ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က အသိပေးထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက် ၆ နာရီကျော်အချိန်မှာ ပစ္စည်းသယ်ယူဖို့ ပြန်လာတဲ့  ဒေသခံတွေရဲ့ ကားယာဉ်တန်းကို  ဆီဆိုင်မြို့နဲ့  တဆက်တည်း ရှိတဲ့ ဝါးတောရွာအနီးအရောက်မှာ  စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ ပစ်ခတ်မှုကြောင့် အရပ်သား ၇ ဦးသေဆုံးမှုအပြင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရသူလည်း ရှိတယ်လို့ သိရပါတယ်။

လူမှုကွန်ယက်စာမျက်နှာမှာ ဆီဆိုင်မြို့နယ်အတွင်း ပစ္စည်းသယ်ယူဖို့ ပြန်လာလို့ရကြောင်း ဖြန့်ဝေမှုတွေရှိနေပြီး သတင်းတု၊ သတင်းမှားတွေသာဖြစ်ကြောင်း ပြည်သူတွေ ထိခိုက်နစ်နာမှုမရှိအောင် PNLA က ထုတ်ပြန်တဲ့ သတင်းတွေကိုသာ စောင့်ကြည့်ကြဖို့ကိုလည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) က တိုက်တွန်းထားပါတယ်။

“ကျနော်တို့အနေနဲ့က  လက်နက်ကြီးလို့ကြားတယ်။ ဒါပေမဲ့ တချို့လူတွေပြောတာကြားတာတော့ ဒရုန်းနဲ့ ချတယ်လို့လည်းကြားတယ်။  ဒါပေမဲ့လည်း လောလောဆယ် ဆီဆိုင်မှာ ကျနော်တို့ ပေးမဝင်ပါဘူး။ လောလောဆယ် ပေးမဝင်တဲ့ကြားက သူတို့ ဝင်လာတာသူတို့က လက်နက်ကြီးပစ်တဲ့အချိန်မှာ ထိသွားတယ် ပြောရမှာပေါ့။” လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ရန်သူအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ PNLA က ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ တစ်ရက်တည်းမှာပဲ   စစ်ကောင်စီဟာ ဆိုက်ခေါင်အရှေ့ဘက်မှာရှိတဲ့နေရာတွေကို  လေယာဉ်သုံးစီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသကိုလည်း လက်နက်ကြီးနဲ့ အကြိမ် ၆၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညပိုင်းမှာလည်း ဆီဆိုင်မြို့နယ်အတွင်းက ထမ်းယံ နဲ့ ထီတမ်ကျေးရွာမှာ လက်နက်ကြီးကျရောက်မှုကြောင့် တစ်နှစ်ကျော် ကလေးငယ်အပါအဝင် ၂ဦး ထိမှန်သေဆုံးခဲ့ရပါတယ်။

ဆီဆိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီ၊ ပြည်သူ့စစ် (PNO) ပူးပေါင်းတပ် နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်တာကြောင့် ပြည်သူလူထုတွေအနေနဲ့ နေရပ်ပြန် ပစ္စည်းပြန်မသယ်ကြသေးဖို့ အသိပေးထားတာလည်းရှိပါတယ်။

spot_img
spot_img