spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဆီဆိုင်မြို့မှာ တိုက်ပွဲဖြစ်ပွားနေပြီး မြို့နေလူထုတွေနဲ့ လာရောက်ခိုလှုံနေကြတဲ့ ကရင်နီစစ်ဘေးရှောင်တွေ ပြောင်းရွေ့နေရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် မြို့နေဒေသခံလူထုတွေ တိမ်းရှောင်နေကြရပြီး ဆီဆိုင်မြို့အတွင်းမှာ လာရောက်ခိုလှုံနေကြတဲ့ ကရင်နီပြည်က စစ်ဘေးရှောင်လူထုတွေဟာလည်း ထပ်ဆင့်တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

“ဒီကနေ့ မြို့လူထု ထက်ဝက်နီးပါးလောက် တိမ်းရှောင်သွားကြတယ်။” လို့ ဆီဆိုင်မြို့နေ ဒေသခံတစ်ဦးက မနေ့က ဇန်နဝါရီလ ၂၄ ရက်နေ့အခြေအနေကို ပြောပြပါတယ်။

မနေ့က ( ဇန်နဝါရီလ ၂၄ ရက်နေ့ ) မှာ ဆီဆိုင်မြို့ကနေ လွိုင်ကော်ကို ပြန်တဲ့ လမ်းမကြီးမှာ တိုက်ပွဲဖြစ်နေတဲ့အသံတွေကို ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လေယာဉ်ပျံဝဲနေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

“သွားတဲ့သူတွေက သွားကြ၊ ကျန်တဲ့သူတွေတချို့လည်း ကျန်ခဲ့ကြတယ်။ ကျမတို့က ဟိုး…လွိုင်ကော်ကနေ လာပြီး ရှောင်တာလေ။ အခု ကျမတို့ ဘယ်ကို ဆက်ပြေးရမလဲ မသိတော့ဘူး။ တချို့ဆိုလည်း ကား၊ ဆိုင်ကယ် ဘားမှ မရှိကြဘူး။ လေယာဉ်လည်း သွားလိုက်၊ လာလိုက် လုပ်နေတာ။” လို့ လွိုင်ကော်ကနေ ဆီဆိုင်မြို့ကို တိမ်းရှောင်လာသူတစ်ဦးက ပြောပါတယ်။

မနေ့က ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ဆီဆိုင်မြို့တွင်းမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ယက်စာမျက်နှာမှာ ဖြန့်ဝေထားတာတွေလည်း ရှိပါတယ်။ ဆီဆိုင်မြို့မရဲစခန်းကိုလည်း ပူးပေါင်းတပ်တွေကနေ သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

PNLO/PNLA၊ PDF ပူးပေါင်းတပ်တွေကနေ စစ်ကောင်စီတပ်နဲ့ PNO ဂိတ်တွေကို ဝင်ရောက်တိုက်ခိုက်တာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ ကြားသိရပေမယ့် ကန္တာရဝတီတိုင်း(မ်) အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

တိုက်ပွဲဖြစ်ပွားခြင်းနဲ့ ပတ်သက်ပြီး ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ တာဝန်ရှိသူတစ်ဦးကို ကန္တာရဝတီတိုင်း(မ်) မှ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အခြေအနေ အသေးစိတ်ကို အတည်ပြုလို့ မရသေးဘူး ပြန်လည်ဖြေကြားခဲ့ပါတယ်။

“အချိန်ပိုင်းအတွင်းမှာ အပြောင်းအလဲ ဖြစ်တာများတော့ အချိန်ပိုင်းအတွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေ အသေးစိတ်ကို ကျနော် မသိနိုင်သေးဘူး။” လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။

“လက်ရှိအချိန် မြန်မာတစ်နိုင်ငံလုံးနဲ့ ပအိုဝ်းဒေသတစ်ခုလုံးအပါအဝင် စကစ အာဏာရှင် ကင်းစင်အမြစ်ပြတ်ဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA နှင့် မဟာမိတ်တပ်ပေါင်းစုတွေက စစ်ဆင်ရေးစတင်အကောင်အထည်ဖော်ဆောင်သွားတော့မယ် ဖြစ်တဲ့အတွက် ပအိုဝ်းပြည်သူများအနေဖြင့် စစ်ကောင်စီနဲ့အပေါင်းပါ နီးနီးနားနားကိုမနေပဲ ဘေကင်းရာအရပ်ကို ခနတစ်ဖြုတ် ရှောင်ဖယ်ကြဖို့ မှာကြားလိုပြီး ကိုယ့်လူမျိုး တပ်မတော်နဲ့လည်း နိုင်ရာဘက်ပူးပေါင်းပါကူညီကြဖို့ထပ်မံ မေတ္တာရပ်ခံမှာကြားလိုပါသည်။” လို့ ပအိုဝ်းစွိုခွို့ PNLO PNLA ဆိုတဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ဒီကနေ့ ( ဇန်နဝါရီလ ၂၅ ရက်နေ့ ) မှာ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ဆီဆိုင်မြို့နယ်ထဲက ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲခဲ့တာကြောင့် အဆိုပါကျေးရွာမှာ စစ်ရှောင်နေတဲ့ ကရင်နီစစ်ရှောင်တစ်ဦး ပွဲချင်းပြီးသေဆုံးသွားသလို ကျေးရွာဒေသခံ နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

spot_img
spot_img

Recent posts