spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဆီဆိုင်မြို့မှာ နေအိမ်သန့်ရှင်းရေးပြန်လုပ်တဲ့ အသက် ၇၁ နှစ်အရွယ် အမျိုးသမီးမိုင်းနင်းမိပြီး ညာခြေတစ်ဖက် ဆုံးရှုံး

ကန္တာရဝတီတိုင်း ( မ် )

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် မြကန်သာရပ်ကွက်မှာ စစ်ရှောင်ကနေ နေရပ်ပြန်ပြီး နေအိမ် သန့်ရှင်းရေးပြန်လုပ်တဲ့ အမျိုးသမီးတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ညာခြေတစ်ဖက် ဆုံးရှုံးသွားခဲ့တယ်လို့ ဇွန်လ ၆ ရက်နေ့မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ထုတ်ပြန်ထားပါတယ်။

မိုင်းနင်းမိတဲ့အမျိုးသမီးဟာ အသက် ၇၁ နှစ်အရွယ် ဒေါ်စိုးစိုးလတ်ဖြစ်ပြီး ဇွန်လ ၆ ရက်နေ့၊ မနက် ၈ နာရီကျော်အချိန်မှာ နင်းမိတာဖြစ်တယ်လို့ ဆီဆိုင်ဒေသခံ အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ဟုတ်တယ် မကြာခဏပဲကြားရတာ။ မနေ့ကလည်း နင်းမိတာပေါ့။ ဆီဆိုင်မြို့ မြကန်သာရပ်ကွက်မှာပေါ့။ မနက် ၈နာရီကျော်‌လောက်က အဲ့ဒီနင်းမိသူက ဒေါ်စိုးစိုးလတ်၊ အသက် ၇၁ နှစ်ပေါ့။ စစ်ရှောင်ကနေ နေအိမ်ပြန်လာပြီး နေအိမ်ဝန်းအတွင်း သန့်ရှင်းရေးလုပ်နေစဥ်မှာပဲ မြေမြှုပ်မိုင်းနင်းမိပြီးတော့ ညာခြေဖက်က ဒူးအထက်ပိုင်းမှပြတ်ထွက်သွားတော့ အောင်ပန်းမြို့ ကုတင်၇၀၀ ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရတာပေါ့။”လို့ ဆီဆိုင် ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီဟာ ဆီဆိုင်မြို့ပေါ်အပြင် မြို့ပတ်ဝန်းကျင်အနီးမှာလည်း မြေမြှုပ်မိုင်းတွေကို ထောင်ထားတာကြောင့် နေရပ်ပြန်ပြည်သူတွေအနေနဲ့ အထူးသတိထားသွားလာကြဖို့ကိုလည်း PNLA က တိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ် နဲ့ လက်အောက်ခံ ပြည်သူ့စစ် (PNO)လည်း စစ်ရှောင်နေတဲ့ ပြည်သူတွေကို အချိန် တစ်ပတ်ပေးပြီး အတင်း အဓမ္မ နေရပ်ပြန်ခိုင်းကာ နေအိမ် မပြန်သူတွေကို လယ်မြေ၊ နေအိမ်တွေ သိမ်းယူမည့်အကြောင်း ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။ စစ်ဘေးရှောင်နေတဲ့ နောင်ကျောကျေးရွာအုပ်စု ပြည်သူတွေကို ကျေးရွာထဲ ပြန်လာမနေထိုင်လျှင် နေအိမ် မီးရှို့မည်လို့ ခြိမ်းခြောက်ပြောဆိုမှုလည်းရှိတယ်လို့ PNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေသခံတွေ ကျေးရွာအတွင်း ပြန်လာပါက တအိမ်တယောက် စစ်မှုထမ်းရမည်ဖြစ်ကာ စစ်လှုပ်ရှားမှုစရိတ်အဖြစ် တအိမ်လျှင် ကျပ် ၂ သိန်း လစဉ်ထည့်ရမည် ဆိုပြီး ခြိမ်းခြောက်တာတွေရှိတယ်လို့ PNLA ရဲ့ ဇွန်လ ၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

PNLA ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကန္တာရဝတီတိုင်း( မ် ) အနေနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

စစ်ကောင်စီက ဆီဆိုင်မြို့နယ်အတွင်းကို အုပ်ချုပ်ရေးယန္တရားပြန်လည်ပတ်နိုင်ဖို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိနေပြီး ပြန်လည်ဝင်ရောက်နေထိုင်တဲ့ ဒေသခံပြည်သူအတွက် လျှပ်စစ်မီးပေးတာ၊ ဌာနဆိုင်ရာရုံးတချို့ကို ပြန်လည်ပတ်တာတွေ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

spot_img
spot_img