spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဆီဆိုင်မြို့မှာ လက်နက်ကြီးထိမှန်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျော ကျေးရွာအုပ်စုက ကျေးရွာတစ်ရွာမှာ စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်မှုကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီကနေ့ ဧပြီလ ၂၄ရက်နေ့မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) က အသိပေးထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့၊ မနက် ၇နာရီအချိန်မှာ ဖြစ်ပွားခဲ့ပြီး ပုခုံးနဲ့ ညာခြေထောက် လက်နက်ကြီးထိမှန်ခဲ့တယ်လို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ဒီလက်နက်ကြီးက တင့်ကားကနေ ပစ်တဲ့ လက်နက်ကြီးဖြစ်တယ်ပေါ့လေ။ တင့်ကားနဲ့ပစ်တာပေါ့နော်။ အဲ့ဒါအမျိုးသမီး က အသက်လည်းကြီးပြီဆိုတော့ ဒဏ်ရာက ပြင်းထန်တာပေါ့။ ပုခုံးထိသွားတယ် ခြေထောက်ထိတယ်ပေါ့နော်။”လို့ ခွန်ရိန်းယံက ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရရှိတဲ့ အမျိုးသမီးဟာ အသက် (၆၆) နှစ်အရွယ်ရှိတဲ့ ပအိုဝ်းအမျိုးသမီးဖြစ်ပြီး တောင်ယာခြံထဲသွားစဉ် စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီကနေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဒေသခံလူထုတွေဟာ မကြာခဏ ထိခိုက်ဒဏ်ရာရနေပြီး စစ်ကောင်စီဟာ ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား သွေးခွဲစေလိုတဲ့ရည်ရွယ်ချက်နဲ့ မကြာခဏ ပစ်ခတ်နေတယ်လို့ PNLA က ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ နဲ့ ဟိုပုံး စတဲ့မြို့နယ် လေးခုမှာ သုံးလအတွင်း အရပ်သားပြည်သူ ၆၆ ဦးသေဆုံးခဲ့ပြီး ၈၀ နီးပါး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ဧပြီလ ၂၂ ရက်နေ့ မှာ ထုတ်ပြန်ထားပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ လက်နက်ကြီးထိမှန်သူ ၂၆ဦး ရှိတယ်လို့ ဆိုထားပါတယ်။

spot_img
spot_img

Recent posts