spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဆီးဘူးဒေသထွက် ငရုတ်တွေ ယခင်နှစ်လောက်ဈေးကောင်းမရ

Author

Date

Category

ခွန်းကလိုင်းဖရီး

ရှမ်း/ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ ဆီးဘူးဒေသဘက်ကထွက်ရှိတဲ့ ငရုတ်သီးတွေဟာ ယခင်နှစ်လောက် ဈေးကောင်းမရဘူးလို့ ငရုတ်သီးစိုက်ပျိုးတဲ့ တောင်သူတွေက ပြောပါတယ်။

ငရုတ်သီးစိုက်တောင်သူ စမူဖော့က “ဒီနှစ်ဈေးနှုန်းက အရင်နှစ်ထက် ကျတာပေါ့နော်။ အရင်နှစ်က ဈေးရနှုန်းပို ကောင်းတယ်။ ဒီနှစ်က ဈေးနှုန်းသိပ်မကောင်းဘူးပေါ့နော်။ အသီးကလည်း မကောင်းတာတစ်ဖက် ပြီးတော့ ဈေးနှုန်းကလည်း မကောင်းတော့ သိပ်မကောင်းဘူးပေါ့နော်။” လို့ ပြောပါတယ်။

ယခင်နှစ်က ငရုတ်သီးခြောက်တစ်ပိဿကို ၁၂၀၀၀ ကျပ်အထိရခဲ့ပေမယ့် ဒီနှစ်ဈေးနှုန်းအရ ကျပ် ၉၀၀၀ နဲ့ ဈေးနှုန်းတန့်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီနှစ်က ရာသီဥတုမမှန်တဲ့အတွက် အပင်ပေါက်ရောက်မှုနည်းတာ၊ အပင်ပိုးကျတာတွေနဲ့ ငရုတ်သီးအထွက်နှုန်းတွေ ထိခိုက်တာတွေရှိတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ လုပ်တဲ့ ငရုတ်သီးခါကျတော့လည်း ကိုယ့်မိသားစုစားဝတ်နေရေး၊ ကိုယ့်အတွက် ဆန်ဖိုးတို့ ဘာတို့ အဲလိုမျိုး ပြန်ဖာတာပေါ့နော်။ စပါးခင်းဆိုလည်း အဲ့လောက်ထိ အဆင်မပြေဘူးကော”လို့ ငရုတ်စိုက်တောင်သူ ခွန်းနိုင်ဦးက ပြောပါတယ်။

ဒီဒေသက ငရုတ်သီးစိုက်ပျိုးတဲ့လုပ်ငန်းဟာ ဘိုးဘွားစဉ်ဆက်လုပ်ကိုင်လာခဲ့တဲ့ လုပ်ငန်းဖြစ်ပြီးတော့ ငရုပ်ခင်း တွေကို မြေအနားပေး ရွှေ့ပြောင်းတောင်ယာတွေမှာ စိုက်ပျိုးလုပ်ကိုင်ကြတာဖြစ်ပါတယ်။

ဆီးဘူးဒေသဘက်က ထွက်တဲ့ငရုတ်သီးတွေဟာ ဒေသအခေါ်အရ “ကုလားအော်သီး” လို့ ခေါ်ဆိုကြပြီးတော့ ငရုတ်သီးပေါ်ချိန်ကစလို့ အဆိုပါစိုက်ခင်းကို သုံးပြန်အထိ ခူးဆွတ်ကြတာလဲဖြစ်ပါတယ်။

ငရုတ်သီးတွေကို တစ်ဆင့်ခံဝယ်ယူပေးတဲ့ ဦးမိုင်းစူက “ကိုယ်သွားလုပ်စားလည်း ကိုယ်ကျေးရွာကို ဘယ်လိုမျိုး၊ ပြည်သူလူထုကိုဘယ်လိုမျိုး ဈေးရိုက်မလဲ။ သူတို့လည်း ပင်ပင်ပန်းပန်းလုပ်ထားတဲ့ အရာဆိုတော့ သူ့အပေါ်မှာ ပိုပိုသာသာအများသွားစားရင်လည်း မကောင်းဘူးလေ အဲ့မျိုးဖြစ်နေတာပေါ့။”လို့ ဆိုပါတယ်။

ခုလိုဝယ်ယူလိုက်တဲ့ ငရုတ်သီးတွေကို ပွဲစားတွေဆီ ပြန်သွင်းတဲ့အခါမှာ ပတ်ခအဖြစ် ပွဲစားတွေက တစ်ပိဿကို ၁၀၀ ကျပ် ဟထားပေးတဲ့အတွက် အဆင်ပြေတယ်လို့ ဆိုပါတယ်။

ငရုတ်သီးဈေးနှုန်းဟာ နှစ်အလိုက်ကွာခြားမှုရှိပြီး ဈေးအကောင်းဆုံး ကျပ် ၃၀၀၀၀ အထိ ရဖူးတာရှိသလို ဈေးအနည်းဆုံး ကျပ် ၄၀၀၀ အထိ ထိုးကျသွားတဲ့ နှစ်တွေလည်း ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts