spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဆန္ဒပြလူငယ် ၅ ဦးအား လိုက်ပါဝန်းရံရာတွင် ဦးဆောင်ခဲ့သူ ၃ ဦး ငြိမ်း၊ စု၊ စီ ဥပဒေဖြင့် ထပ်မံတရားစွဲဆိုခံရ

Author

Date

Category

ထပ်မံတရားစွဲဆိုခံရသော လူငယ်သုံးဦး ဓါတ်ပုံ – ဦးမြာ (ကန္တာရဝတီတိုင်း(မ်))

 

 

ကန္တာရဝတီတိုင်း(မ်)

ငြိမ်း စု စီ ဥပဒေဖြင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ်ရက် ၂ဝ ကျခဲ့တဲ့ လူငယ်ငါးဦးကို ဇန်နဝါရီလ (၅) ရက်နေ့မှာ ကယား( ကရင်နီ) ပြည်နယ်မှ ပြည်သူ ၁ ထောင်က လွိုင်ကော်တရားရုံးသို့ လိုက်ပါဝန်းရံပို့ဆောင်ခဲ့ကြရာမှာ ဦးဆောင်သူ သုံးဦးဖြစ်တဲ့ လူ ၃ ဦးကို ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ (၁၉)နဲ့ ထပ်မံတရားစွဲဆိုလိုက်ပါတယ်။

လူစုလူဝေးကို ဦးဆောင်ခဲ့သူတွေဖြစ်တဲ့ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ခူးတူရယ်၊ ကယန်းမျိုးဆက်သစ်လူငယ် ဗဟိုကော်မတီဝင် ခွန်းအသန်းနဲ့ ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီထူးတို့ကို ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုမယ်လို့ မနေ့ည ဇန်နဝါရီလ ၁ရ ရက်နေ့မှာ လွိုင်ကော်မြို့မရဲစခန်းမှူးက အသိပေးထားတယ်လို့ ဆိုပါတယ်။

တရားစွဲဆိုခံရတဲ့ အဲ့ဒီလူငယ် ၃ ဦးကို မနက်ဖြန် ဇန်နဝါရီလ ၁၉ ရက်နေ့မှာ လွိုင်ကော်မြို့နယ် တရားရုံးမှာ ချိန်းဆိုထားပါတယ်။

KNPP ရဲဘော် သုံးဦးနဲ့ အရပ်သားတစ်ဦး သေဆုံးမှုအပေါ် အမှန်တရားဖော်ထုတ်ပေးဖို့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ လွိုင်ကော်မြို့တွင်း လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ လူငယ်ငါးဦးကို ဇန်နဝါရီလ ၁၂ ရက်နေ့မှာ တရားရုံးက ဒဏ်ငွေ ၃ သောင်းချမှတ်ပေမယ့် တရားစွဲဆိုခံရသူတွေက ငွေဒဏ်လက်မခံတဲ့အတွက် ထောင်ဒဏ် ရက် ၂ဝ ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။

ထပ်မံတရားစွဲဆိုခံရတဲ့ သုံးဦးထဲမှ ခူးတူရယ်က “သူတို့က ခေါ်တာကို ကျတော်တို့က စာတင်စရာလိုသေးလား သူတို့ကို တရားရုံးကို လိုက်ပို့တယ်ဆိုတော့ သူတို့ဘက်ကတော့ ကျတော် တို့က လူအုပ်နဲ့ဆိုတော့ ငြိမ်း/စု/စီ နဲ့ ညှိတယ်ဆိုပြီးတော့ ကျနော်တို့ကို ဆွဲလိုက်တာပေါ့။”လို့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၉ သည် မည်သူမဆို သက်ဆိုင်ရာသို့ အသိပေးတင်ပြခြင်းမရှိဘဲ စုဝေးခြင်း (သို့မဟုတ်) စီတန်းလှည့်လည်ခြင်း ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ၃ လထက် မပိုသော ထောင်ဒဏ် သို့မဟုတ် ၃ သောင်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။

spot_img
spot_img

Recent posts