spot_imgspot_imgspot_imgspot_img
Saturday, March 22, 2025
spot_imgspot_imgspot_imgspot_img

ဇွန်လအတွင်း ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား (၅၀) ကျော် သေဆုံးကြောင်း KNDF ထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဇွန်လအတွင်း ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီနယ်စပ်ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က တပ်သား (၅၀)ကျော် သေဆုံးခဲ့ပြီး ၎င်းတို့ရဲ့ လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဇွန်လအတွင်းမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တာက မိုးဗြဲမြို့၊ မယ်စဲ့၊ ရွာသစ်ပေါ့နော။ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားတယ်။ ဒီတိုက်ပွဲအတွင်းမှာပဲ စစ်ကောင်စီက အကုန်လုံးပေါင်းလိုက်ရင် (၅၀) လောက် ကျသွားတယ်ပေါ့နော။ ကြားထဲမှာလည်း နေရာအနှံ့တိုက်ပွဲအငယ်လေးတွေဖြစ်တယ်။” လို့ KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဇွန်လအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲမှာ လွိုင်ကော်မြို့နယ်မှာ ၇ ကြိမ်၊ ရှားတောမြို့နယ်မှာ တစ်ကြိမ်၊ ဖရူဆိုမြို့နယ်မှာ ၄ ကြိမ်၊ ဒီးမော့ဆိုမြို့နယ်မှာ ၅ကြိမ် စုစုပေါင်း (၁၇)ကြိမ်ခန့်ရှိခဲ့ပြီး မိုးဗြဲမြို့၊ မယ်စဲ့ နဲ့ ရွာသစ်မြို့နယ်မှာတော့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဖက်က သေဆုံးမှုရှိသလို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဘက်ကတော့ ၃ဦးကျဆုံးခဲ့ပါတယ်။

ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေ၊ လက်နက်ကြီးပစ်ခတ်မှု လုပ်ဆောင်ခဲ့သလို တိုက်ပွဲမဖြစ်ပွားတဲ့ အချိန်တွေမှာလည်း စစ်ရှောင်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့ပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ အင်အားဖြည့်တင်းခြင်း၊ လက်နက်ခဲယမ်းပို့ဆောင်ခြင်းကို ပြုလုပ်နေပြီး ကရင်နီပြည်ရဲ့နေရာအနှံ့အပြားမှာ တိုက်ပွဲဆက်လက် ဖြစ်ပွားနိုင်တဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ သတိထားပြီးသွားလာကြဖို့၊ စစ်ရေးသတိရှိကြဖို့ KNDF သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

“စစ်ကောင်စီအနေနဲ့က ထပ်ပြီးတော့မှ အင်အားဖြည့်တာမျိုးတွေ တောက်လျှောက်လုပ်နေတယ်။ ရဟတ်ယာဉ်နဲ့ ခဲယမ်း၊ရိက္ခာပို့တာမျိုးတွေ အင်အားဖြည့်နေတာမျိုး တောက်လျှောက်လုပ်နေတဲ့အတွက် နေရာအနှံ့မှာ ဘယ်နေရာမဆို တိုက်ပွဲဖြစ်နိုင်တယ်။ ပြည်သူလူထုအနေနဲ့ စစ်ရေးအသိရှိပြီးတော့မှ ခရီးဝေးသွားလာတာကို သတိထားသွားလာကြဖို့ စစ်ရေးသတင်းကို မပြတ် နားစွန့်ထားဖို့လိုတယ်။ တိုက်ပွဲက အချိန်မရွေး နေရာမရွေးဖြစ်ပွားနိုင်တယ်။ ဒါကြောင့်မလို့ တိုက်ပွဲနဲ့ အရဲစွန့်ပြီးတော့ အနီးအနားကို ဖြတ်သန်းသွားတာမျိုးတွေ စစ်ကောင်စီတပ်စွဲထားတဲ့အနီးကို လုံးဝမသွားဖို့ မေတ္တာရပ်ခံချင်တယ်။” လို့ သူက ပြောပါတယ်။

ဇွန်လအတွင်း ကရင်နီပြည်နယ်ရဲ့ နေရာအနှံ့အပြားမှာ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် စစ်ဘေးရှောင်လူဦးရေ ၂သိန်းခွဲကျော်အထိ ရှိလာပြီလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ထံကနေ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts