spot_img
Sunday, September 24, 2023
spot_imgspot_imgspot_imgspot_img

ဈေးနှုန်းမြှင့်တက်မှုကြောင့် ဆေးဝါးပုံမှန်မှီဝဲနေရတဲ့ စစ်ရှောင်တွေ အခက်အခဲနဲ့ ကြုံတွေ့နေရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကုန်ဈေးနှုန်းအပါအဝင် ဆေးဝါးဈေးနှုန်းတွေ အဆမတန် မြှင့်တက်လာတဲ့အတွက် သွေးတိုးကျဆေး၊ သွေးထိန်းဆေးနဲ့ အိမ်တွင်းဆေးဝါးတွေကို ပုံမှန်သောက်သုံးနေရတဲ့  စစ်ရှောင်တွေဟာ ဆေးဝါးပုံမှန်ဝယ်သောက်နိုင်ဖို့ အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ လွိုင်ကော်မြို့ပေါ် မှာ စစ်ရှောင်နေသူတွေက ပြောပါတယ်။

စစ်ကောင်စီမှ ကျပ်ငွေ ၂ သောင်းတန် ထုတ်ဝေမယ်လို့ သတင်းထွက်ပေါ်ပြီးတဲ့နောက်ပိုင်းနဲ့ ထုတ်ဝေပြီးတဲ့ နောက်ပိုင်းမှာ ဆေးဝါးကုမ္ပဏီတွေမှ ဆေးအမျိုးအစားပေါ် မူတည်ပြီး ၁၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်း အထိ ဈေးနှုန်းမြှင့်တက်သွားတယ်လို့ ဆေးဆိုင်နဲ့ နီးစပ်သူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ အရင်က ၂၀၀ တန် ဆေးတစ်ကဒ်ကို အခု ၅၀၀ အထိ ပေးဝယ်နေရတာပေါ့။ ဈေးအပေါဆုံးဟာပဲ ဝယ်သောက်တယ်လေ။ တခါဝယ်ရင် တဖာလောက် ဝယ်ထားရတယ်။ အိမ်မှာက ကျမနဲ့ အဖေက သွေးထိန်းဆေးကို အမြဲဝယ်ထားရတယ်။” လို့ သွေးထိန်းဆေးပုံမှန်သောက်နေတဲ့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

သွေးတိုးရှိတဲ့ သူတွေဟာ နေ့စဉ်သွေးထိန်းဆေးမသောက်ပေးနိုင်လျှင် သွေးအတက်အကျပေါ် မူတည်ပြီး ဦးနှောက်သွေးကြော ပြတ်ကာ သေဆုံးသွားတဲ့အထိ ဖြစ်ပေါ်နိုင်တယ်လို့ ဆေးဆရာမတဦးက ပြောပါ တယ်။

လွိုင်ကော်မြို့တွင်းမှာ သွေးထိန်းဆေးအပါအဝင် တခြားဆေးတချို့မှာ အကန့်အသတ်နဲ့ ရောင်းချပေးနေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါခံစားနေရတဲ့ စစ်ရှောင်ဇနှီးမောင်နှံ နှစ်ဦးဟာလည်း ဆေးရုံဆေးခန်း တွေမှာ ပြသပြီးကုသရမယ်ဆိုပေမယ့် ငွေကြေးမတတ်နိုင်တဲ့အတွက် အရင်သောက်နေကျဆေးတွေကိုပဲ ပုံမှန်စွဲသောက်နေရတယ်လို့ ဆိုပါတယ်။

“အခုက ဆေးကိုပုံမှန်ပဲ သောက်နေရတာပေါ့၊ အမှန်ဆို ဆေးပုံမှန်စစ်သင့်တာပေါ့ ဒါပေမယ့် ဆေးခန်းတခါတခါပြရင် တော်တော်ကုန်တာကိုး။ ဆေးခန်းကို မသွားတော့ဘဲနဲ့ ကိုယ့်ဟာကို ဆေးဝယ်လိုက်တာ အမှန်ကတော့ ဆရာဝန်နဲ့ ပြသင့်တယ်။ ဆေးတိုးရမလား ဆေးလျှော့ရမလား အဲလိုမျိုးတော့ ရှိတာပဲလေ။ ပိုက်ဆံအခြေအနေကြောင့် မသွားတော့ဘူးပေါ့။ “ လို့ မိသားစုဝင်တဦးက ပြောပါတယ်။

လက်ရှိလွိုင်ကော်မြို့ပေါ်မှာ ဆေးဝါးအပါအဝင်  သက်ကြီးရွယ်အိုတွေ မှီဝဲစားသုံးတဲ့ Ensure gold တို့လို ဖြည့်စွတ်စာတွေလည်း ဈေးနှုန်း နှစ်ဆ ကနေ သုံးဆအထိ ​မြှင့်တက်သွားတယ်လို့ သိရပါတယ်။

Recent posts