spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ညီနောင်မဟာမိတ် ၃ ဖွဲ့ကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲအတွက် ရှမ်းပြည်ရောက် ကရင်နီစစ်ရှောင်တွေကို လိမ်လည်ခေါ်ပြီး ပါဝင်ခိုင်း

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့က ရှမ်းပြည်၊ တောင်ကြီးမြို့မှာ ပြုလုပ်ခဲ့တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာ တောင်ကြီးရောက် ကရင်နီစစ်ရှောင်တွေကို လိမ်လည် ခေါ်ယူပြီး ပါဝင်ခိုင်းခဲ့တယ်လို့ ကရင်နီစစ်ရှောင်တွေဆီကနေ သိရပါတယ်။

“၂ သုတ်ခွဲပြီးခေါ်တယ်။ မနက်ပိုင်းက လူလတ်ပိုင်း။ ဆန္ဒပြပွဲလို့ ပြောပြီးခေါ်တာ မဟုတ်ဘူး။ စစ်ရှောင်တွေကို ထောက်ပံ့ဖို့ ပြောပြီးခေါ်တာ။ အုပ်ကြီးက ဧည့်စာရင်းတိုင်တဲ့အချိန် ဖုန်းနံပါတ်ယူထားတော့ ဖုန်းဆက်ခေါ်တာ။ ညနေပိုင်းကျတော့ အသက်အကြီးဆုံးနဲ့ အငယ်ဆုံး ၂ယောက်ရယ် အိမ်ထောင်ဦးစီးရယ်ခေါ်တာ။ ဆန္ဒပြတာက ရပ်ကွက်ထဲက လူတွေတော့ ပိုက်ဆံရကြတယ် ပြောတယ်။ ကိုယ်တွေကိုတော့ ဆန်/ဆီပေးမယ်ပြောပြီး မပေးပါဘူး “ လို့ ကရင်နီစစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

အဆိုပါ ဆန္ဒပြပွဲကို လိမ်လည်ခေါ်ခံရတဲ့ အသက် ၅၀ အရွယ်အမျိုးသမီးတစ်ဦးကတော့ ဆန္ဒပြပွဲမှာပါဝင်တဲ့ သူတချို့ကို ဒီကနေ့ (ဇန်နဝါရီလ ၁၅ ရက်နေ့) မှာ ရိက္ခာတချို့ထုတ်ဝေပေးနေတယ်လို့ ဆိုထားပါတယ်။

“ လိမ်ခေါ်ခံရတာရယ်၊ အဝေးကြီးလမ်းလျှောက်ရတာရယ်၊ အမောဆို့ပြီး ဒေါသတောင်ထွက်တယ်။ ၂သုတ်လာခိုင်းတာကော ညနေပိုင်းလာခိုင်းတဲ့ အသုတ်က ဆန်တပြည်၊ ဆီ၃၀သား၊ ကြက်ဥ၊ ကုလားပဲ ကို ဒီရက် လာထုတ်ခိုင်းတယ် ပြောတာပဲ” လို့ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)နဲ့ ရခိုင်တပ်တော်(AA)တို့ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒပြပွဲကို တောင်ကြီးမြို့ပေါ်၊ ဗိုလ်ချုပ်လမ်း တစ်လျှောက် လှည့်လည်ကြွေးကြော်ကာ ပြီးဆုံးခဲ့တယ်လို့ ဆန္ဒပြပွဲအတွင်း ပါဝင်တဲ့ ကရင်နီ စစ်ရှောင်တွေဆီကနေ သိရပါတယ်။

ရှမ်းပြည်၊ ဆီဆိုင်၊ ညောင်ရွှေ၊ ပင်လောင်း၊ တောင်ကြီး၊ ကလော စတဲ့မြို့နယ်အသီးသီးမှာ ကရင်နီပြည်တွင်းနဲ့ ရှမ်း-ကရင်နီနယ်စပ်က စစ်ရှောင်တွေလာရောက်ခိုလှုံကြပြီး လူဦးရေ ၅သောင်းဝန်းကျင်ရှိနိုင်တယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတွေက ခန့်မှန်းထားကြပါတယ်။

spot_img
spot_img