spot_imgspot_imgspot_imgspot_img
Sunday, May 19, 2024
spot_imgspot_imgspot_imgspot_img

တစ်နေ့ကျရင် ရွာမှာ မိသားစုစုံစုံလင်လင်နဲ့ ပြန်နေချင်တယ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

“ ရွာမှာနေတုန်းကဆို မိသားစုစုံစုံလင်လင်နဲ့ ပျော်စရာ ကောင်းခဲ့တယ်။ ဒီကိုရောက်တာတော့ အိပ်မက်လိုပဲလေ။ ”

ဒီစကားကိုတော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရောက်ရှိနေတဲ့ အသက် (၅၃) နှစ်အရွယ် ဒေါ်ဘူးမြာက ပြောနေတာပဲဖြစ်ပါတယ်။

သူမဟာ ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ နေထိုင်ခဲ့သူပါ။ အာဏာမသိမ်းခင်အချိန်ထိ ဒေါ်ဘူးမြာဟာ မိသားစုဝင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နိုင်ခဲ့ပေမယ့်၊ အာဏာသိမ်းပြီးနောက်ပိုင်း အိမ်အပါအဝင် မိသားစုအသိုက်အမြုံဘဝတွေကိုပါ ဆုံးရှုံးလိုက်ရတာပါ။

ထိုင်းနိုင်ငံကို မရောက်ခင် မိသားစုနဲ့အတူ လွိုင်ကော် နဲ့ ပင်လောင်းဖက်မှာ စစ်ရှောင်ရင်း စားဝတ်နေရေးကြပ်တည်းလာတာကြောင့် တိုင်းတစ်ပါးကို ထွက်လာဖို့ ခက်ခဲစွာနဲ့ ဆုံးဖြတ်လိုက်ရတယ်လို့ ဆိုပါတယ်။

“ ဒီနွေဦးတော်လှန်ရေးမှာ ပေးဆပ်ရတာကတော့ အိမ်ဆိုလည်း မရှိတော့ဘူး ။ ရှိတဲ့ပစ္စည်းတွေလည်း မီးထဲအကုန်ပါသွားတယ်။ ဘာဆိုဘာမှ မရှိတော့ဘူး။ ဘယ်လိုပြန်လုပ်ရမလဲဆိုတော့  တစ်နေရာပြီး တစ်နေရာစစ်ရှောင်ရင်းနဲ့ ဒီဖက်ရောက်သွားတယ်ပေါ့။ ” လို့ သူမရဲ့ ဆုံးရှုံးမှုကို ပြောပြပါတယ်။

ဒေါ်ဘူးမြာဟာ ဒီလိုတခြားတိုင်းတစ်ပါးမှာ သွားရောက်လုပ်ကိုင်ရလိမ့်မယ်လို့ တခါမှတောင် အိပ်မက်မမက်ဖူးပေမယ့်၊ သူမရဲ့ လက်ရှိဘဝဟာ တခြားတိုင်းတစ်ပါးမှာ ဒုက္ခပေါင်းများစွာနဲ့ အလုပ်အကိုင် နှစ်ခုကို ပြောင်းပြီး လုပ်ကိုင်ခဲ့ပြီးဖြစ်ပါတယ်။

အာဏာသိမ်းမှု နောက်ဆက်တွဲတွေကြောင့် ဒေါ်ဘူးမြာလိုပဲ တခြားသောကရင်နီ စစ်ရှောင်တွေဟာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို တရားဝင်ဖြစ်စေ ၊တရားမဝင်ဖြစ်စေ ရောက်လာကြပါတယ်။

တရားမဝင်ရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအာဏာပိုင်တွေက နေ့စဉ်ဆိုသလို ဖမ်းမိနေပါတယ်။

“ အာဏာသိမ်းပြီးနောက်ပိုင်းမှာ နယ်စပ်ဒေသအသီးသီးမှာ ကျနော်တို့ ဒီမြန်မာ ရွေ့ပြောင်းအလုပ် သမားတွေက တရားမဝင် ဝင်ထားတာတွေ့ရတယ်။ နေ့စဥ်နဲ့ အမျှလည်း ကျနော်တို့အဖမ်းခံထိတယ်။ နောက် ကျနော်တို့ ရွေ့ပြောင်းအလုပ်သမားရေး ဆောင်ရွက်နေတဲ့ နှစ်ပေါင်း ၂၀ကျော်ကာလမှာ ပထမဦးဆုံး ထောင်သောင်းချီပြီးတော့ အဖမ်းခံထိတယ် ” လို့ ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီသူ ဦးထူးချစ်က ပြောပါတယ်။

အဲလို ထိုင်းအာဏာပိုင်တွေဖမ်းဆီးမှုမခံရအောင်နဲ့ တခြားသော ဆေးဝါးကုသခံယူခွင့်ရရှိဖို့ တရားဝင် လက်မှတ် တစ်စုံတစ်ရာရှိထားမှ အဆင်ပြေတာကြောင့်  ဒေါ်ဘူးမြာဟာ ထိုင်းနိုင်ငံကို ရောက်ပြီး ရက်သတ္တပတ်အတွင်း အလုပ်သမားကဒ်(ပန်းရောင်ကဒ်) လုပ်နေရပါတယ်။

“တစ်ပတ်ပြည့်တာနဲ့ လက်မှတ်လုပ်ရမယ်ဆိုတော့ တခါစိတ်ပူသွားပြန်ရော။ ကုန်တာလည်း နဲနဲနှောနှောမှ မဟုတ်တာ။ အများကြီးကုန်တယ်လေ ။ တစ်ခါလုပ်လည်းမပြီးဘူး။ ကားခရော ကုန်ပြီးပြီ။” လို့ ဒေါ်ဘူးမြာက ပြောပါတယ်။

ဒေါ်ဘူးမြာဟာ ထိုင်းနိုင်ငံကိုလာရောက်ဖို့ အတွက် လမ်းစရိတ် ၁၄ သိန်းကုန်ကျပါတယ်။ ထိုင်းနိုင်ငံမှာ တရားဝင် သွားလာနေနိုင်ဖို့အတွက် အလုပ်သမားကဒ် (ပန်းရောင်) ကဒ်အတွက် ဘတ်ငွေ နှစ်သောင်း ( မြန်မာငွေ ၁၈ သိန်း) နီးပါးကုန်ကျထားပါတယ်။

လမ်းခရီးစရိတ်ကို အကြွေးဆပ်နေရတာ မကျေသေးတဲ့အချိန်မှာ လက်မှတ်ထပ်လုပ်ရတာကြောင့် လက်ရှိရရှိတဲ့ လစာဟာ အကြွေးထဲမှာ သံသရာလည်နေတာပါ။

ဒေါ်ဘူးမြာဟာ ထိုင်းနိုင်ငံရောက်တာ တစ်နှစ် နီးပါးရှိပြီဖြစ်ပြီး၊ အဲဒီတစ်နှစ်နီးပါးအတွင်း သစ်သီးစက်ရုံနဲ့ ဆိုင်အကူ အလုပ်အမျိုးအစားနှစ်မျိုးလုပ်ကိုင်ဖူးပြီး လက်ရှိမှာတော့ အလုပ်လက်မဲ့ ဖြစ်နေပါတယ်။

သက်ကြီးပိုင်းကိုရောက်နေပြီဖြစ်တဲ့ ဒေါ်ဘူးမြာတို့လို လူတွေအတွက် အလုပ်ကိုင်အတည်တကျ ရှိဖို့ကခက်ခဲပါတယ်။ ဘာသာစကားအခက်အခဲ အပြင် အသက်ကြီးသူတွေကို အလုပ်ခေါ်တာ နည်းတာတွေကြောင့် ဒေါ်ဘူးမြာ တစ်ယောက် အလုပ်လက်မဲ့ ဖြစ်နေရပါတယ်။

အခုဆိုရင် သူမဟာ အလုပ်မရှိတာ ရက်သတ္တပတ် ရှိနေပါပြီ။ အလုပ်လက်မဲ့ဖြစ်နေတဲ့အချိန်မှာ ဒေါ်ဘူးမြာဟာ မိသားစုကို ပိုလွမ်းပြီး၊ အိမ်ပြန်ချင်တဲ့ စိတ်တွေလည်း တဖွားဖွားပေါ်လာပါတယ်။ သို့ပေမယ့် ထိုင်းကိုလာဖို့ အရင်းအနှီးများစွာကုန်ကျတာကြောင့် သူမနဲ့ သင့်တော်မယ့် အလုပ်တခုခုရှိမှာပဲလို့ တွေးပြီး အားတင်းထားနေရတာပါ။

“ဒီရောက်တော့လည်း အလုပ်ရှာတဲ့အခါလည်း ဟိုပြေးဒီပြေးဘဝထက်စာရင် ပိုအဆင်ပြေမလား ထင်ရပေမယ့် အတူတူလောက်ပဲ။ ရောက်တုန်းပဲ ရှိသေးတယ် လက်မှတ်တို့  လုပ်ရတော့ ရတဲ့လစာနဲ့ပဲ ကုန်သွားတယ်။ ဒီကိုမလာခဲ့ရင်ကောင်းသား လို့ တခါတလေ အဲလိုတွေးမိတယ်။ “ လို့ ပြောပါတယ်။

ဒေါ်ဘူးမြာလိုပဲ ချင်းမိုင်မှာ အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်နေတဲ့ အသက် (၄၀) အရွယ် ဒေါ်စိုးမြာ(အမည်လွှဲ) ဟာ သားသမီး(၃) ဦးရဲ့ မိခင်ဖြစ်ပါတယ်။  သားသမီးတွေရဲ့  အနာဂတ် လှပဖို့ တိုင်းတစ်ပါးကို ထွက်ခွာဖို့ ရွေးချယ်ခဲ့သူပါ။

“ကွာတာတော့ တအားကွာသွားတာပေါ့။ သူများဆီရောက်သွားပြီဆိုတော့ လုပ်ရမှာပေါ့။ ဒါပေမယ့် ကျမအိမ်ရှင်ကတော့ ကောင်းတယ်လေ။”  လို့ ဒေါ်စိုးမြာက ပြောပါတယ်။

မီးဖိုချောင်မှာ ချက်ပြုတ်နေတဲ့ ဒေါ်စိုးမြာ (အမည်လွဲ)

ဒေါ်စိုးမြာ(အမည်လွှဲ) ဟာ ထိုင်းနိုင်ငံကို ဒေါ်ဘူးမြာလိုပဲ တရားမဝင်လမ်းကြောင်းနဲ့ ရောက်လာတာဖြစ်ပြီး သူမရဲ့ အိမ်အကူ အလုပ်ဟာအဆင်ပြေပေမယ့်၊ သူမနဲ့အတူ ပါလာတဲ့ သူငယ်ချင်းတစ်ယောက်မှာတော့ အဆင်မပြေဘူးလို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကရင်နီပြည်က လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းအရွယ်တွေဟာ မိမိလုံခြုံရေးအရသော်လည်းကောင်း၊ မိသားစု စားဝတ်နေရေးအရသော်လည်းကောင်း နီးစပ်တဲ့ ထိုင်းနိုင်ငံကို ဝင်ရောက်ခဲ့ကြတာပါ။

အဲဒီလိုဝင်ရောက်တဲ့အခါမှာ ဒေါ်ဘူးမြာနဲ့ ဒေါ်စိုးမြာ (အမည်လွှဲ) တို့လို အသက်အရွယ် ကြီးနေပြီဖြစ်တဲ့ သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းက ပိုနည်းပါးပါတယ်။

(၅၃) နှစ်အရွယ်ဆိုတာ လူမှုရေး၊ ဘာသာရေး ကိစ္စတွေနဲ့ လွတ်လွတ်လပ်လပ်သွားလာ နေထိုင်ရမယ့် အချိန်ဆိုပေမယ့် စစ်ကောင်စီ အာဏာသိမ်းမှုကြောင့် ဒေါ်ဘူးမြာဟာ လူပင်ပန်း၊ စိတ်ပင်ပန်းမှု တွေကြားက တိုင်းတစ်ပါးမှာ လောကဓံကြံ့ကြံ့ခံ ရင်ဆိုင်နေတာပါ။

“ညအိပ်တဲ့အချိန်ဆို အိပ်မပျော်ရင် ဘုရားရှိခိုးတယ်။ အဲလိုမှအိပ်ပျော်တယ်။ ဘုရားဆီမှာပဲ ဆုတောင်းတော့တယ်။ တစ်နေ့ကျရင် ရွာမှာ မိသားစုစုံစုံလင်လင်နဲ့ ပြန်နေချင်တယ် အဲလိုပဲ ဆုတောင်းတယ်” လို့ ဒေါ်ဘူးမြာက ပြောပါတယ်။

ဒေါ်ဘူးမြာလက်ရှိနေထိုင်တဲ့နေရာမှာ လက်နက်ကြီးသံ၊ လေယာဉ်ဗုံးကျဲသံတွေ မကြားရတော့တာဟာ သူမအတွက် စိတ်ပိုင်းဆိုင်ရာ ခံစားမှု တစ်ခုလျှော့သွားတယ်ဆိုပေမယ့် စစ်ရှောင်မှာကျန်ခဲ့တဲ့ မိသားစုဝင်အတွက်တော့ စိတ်မအေးရပြန်ပါဘူး။ မိသားစုဝင်တွေ ဘယ်လိုနေထိုင်စားသောက်နေရလဲ၊ သူတို့ စစ်ရှောင်တဲ့နေရာမှာ တိုက်ပွဲဖြစ်လာခဲ့သော် သွားစရာနေရာ ရှိပါအုံးမလား ဆိုတဲ့ စိုးရိမ်စိတ် တွေက သူမကို နှိပ်စက်နေပါတယ်။

“တစ်နေ့နေ့ နေကောင်းကျန်းမာမယ်ဆိုရင်တော့ ရွာကို အရောက်ပြန်ပြီး တဲအိမ်ပဲပြန်ဆောက်ရမှာပေါ့” လို့   အရင်လို ပျော်ပျော်ရွှင်ရွှင်နဲ့ မိသားစုအသိုက်အမြုံနဲ့အတူ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းချင်တဲ့ အကြောင်းကို ဒေါ်ဘူးမြာပြောဆိုလိုက်ပါတယ်။

ဒေါ်ဘူးမြာတို့ ၊ ဒေါ်စိုးမြာတို့လိုပဲ လက်ရှိထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေအတွက်ဟာ လေးသန်း ဝန်းကျင် ရှိနိုင်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ရဲ့ စာရင်းအရ သိရပါတယ်။

spot_img
spot_img

Recent posts