spot_img
Sunday, January 29, 2023
spot_img

တစ်ပူပေါ်နှစ်ပူဆင့် လာတဲ့ စစ်ပွဲရဲ့ မြေစာပင်ဘဝ

spot_imgspot_imgspot_imgspot_img

မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) )

ထိတ်လန့်ဖွယ်ရာ လက်နက်ကြီးရန်ကို ကရင်နီလူထုတွေ ရင်ဆိုင်လာခဲ့ရတာ တစ်နှစ်ခွဲနီးပါး ရှိလာခဲ့ပါပြီ။ ယခင်နှစ်မှာ ညအမှောင်ကိုသာ ထိတ်လန့်ရတဲ့ ကရင်နီလူထုတွေဟာ အခုချိန်မှာတော့ နေ့အလင်းတွေကိုလည်း စိုးရိမ်ထိတ်လန့်ဖွယ်ရာ ရင်ဆိုင်ဖြတ်သန်းနေရတာပါ။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာ၊ လူထုတွေ စစ်ဘေးရှောင်တဲ့နေရာ စတဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ နေ့ရောညပါ ပစ်ခတ်နေတာကြောင့် ကရင်နီလူထုတွေဟာ နေ့စဉ်နဲ့အမျှ စိုးရိမ်ကြောက်လန့်နေကြရပါတယ်။

လက်နက်ကြီးရန်ကို ကာကွယ်ဖို့ ကရင်နီလူထုတွေဟာ တောထဲတောင်ထဲတွေမှာ သွားရောက်တိမ်းရှောင်ခိုလှုံနေကြရပါတယ်။ စစ်ဖြစ်တဲ့နေရာ၊ စစ်ဖြစ်တဲ့နေရာရဲ့ အနီးတစ်ဝိုက်မှာရှိနေတဲ့ လူထုတွေက အဓိက တိမ်းရှောင်နေကြရတာပါ။

သို့ပေမယ့်လည်း ဒီနောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့နေရာတွေအထိပါ လက်နက်ကြီးတွေကို နေ့စဉ်နဲ့အမျှ ပစ်ခတ်လာပါတယ်။

နေ့စဉ် ဘုရားတပြီး ရှင်သန်ရတဲ့ ကရင်နီလူထုတွေအတွက်တော့ ဘေးကင်းရာနေရာ ၊ လွတ်မြောက်ရာနေရာဆိုတာ အရှားပါးဆုံး နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

“ကျမတို့က ကိုယ့်ဘာသာကိုယ်နေတယ်။ ခက်ခဲနေလည်း ကိုယ့်ဘာသာကိုယ်နေတယ်လေ။ အဲ့ဒါကို ကျမတို့ဆီကို ထပ်ပစ်လာတယ်။ ကျမတို့က သူတို့ကို ဘာပြန်လုပ်နိုင်မှာမို့လို့လဲ။ ကျမတို့ သား၊သမီးတွေ သွားလုပ်တာပဲ။ ကျမတို့ မိဘအိုတွေက ပြေးရလွှားရပြီ။ လက်နက်ကြီးနဲ့လဲ ထပ်ပစ်တယ်။ ကျမတို့ ဘယ်ကို ထပ်ပြေးရဦးမလဲ။ ပြေးနိုင်တဲ့သူတွေက တဆင့်ပြီးတဆင့် သွားလို့ရသေးတယ်။ ကျမတို့လို မပြေးနိုင်မလွှားနိုင်တဲ့သူတွေက ဒုက္ခတွေပဲ ပိုပိုရလာတာလေ။ တခါတည်းထိပြီး သေသွားရင်လည်း တော်သေးတယ်။ မသေပဲ ဒီလိုပဲ ဒုက္ခိတအဖြစ် ထိနေရတာ ဘယ်လောက်ထိ ခံစားရမလဲ။”

ဒါက အသက် ၅၇ နှစ်အရွယ် ဒီးမော့ဆိုမြို့နယ် ဒေါကလိုးခူကျေးရွာကနေ လုံခြုံမယ်လို့ ယူဆရတဲ့နေရာကို သွားရောက်ခိုလှုံနေတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦး ဒေါ်နျားမြာရဲ့ ပြောစကားပါ။

အသက် ၅၇ နှစ်အရွယ် ကရင်နီစစ်ဘေးရှောင် ဒေါ်နျားမြာအဖို့တော့ လက်နက်ကြီး၊ မြေမြုပ်မိုင်းဟာ သူမအကြောက်ဆုံးအရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူမအမျိုးသားဟာ လက်နက်ကြီး ထိမှန်လို့ ဒုက္ခိတဖြစ်သွားသလို သူမ သမီးဟာလည်း မြေမြုပ်မိုင်းကြောင့် ခြေတောက်ပေးဆပ်လိုက်ရပြီး လမ်းထမလျှောက်နိုင်တော့တာ ဖြစ်လို့ပါပဲ။

ဒေါ်နျားမြာရဲ့ သမီးဖြစ်သူဟာ စစ်ဘေးရှောင်နေစဉ်မှာပဲ စားနပ်ရိက္ခာနည်းပါးလာတာကြောင့် နေရပ်ကို စားနပ်ရိက္ခာသယ်ယူဖို့ ရည်ရွယ်ချက်နဲ့ ပြန်နေစဉ် မြေမြုပ်မိုင်းနှင်းမိတာကြောင့် လက်ရှိမှာ ခြေတောက်တဖက်ကို ဆုံးရှုံးလိုက်ရပြီး နောက်ထပ်ခြေတဖက်မှာလည်း ဒဏ်ရာဗရပွနဲ့မို့ လမ်းမလျှောက်နိုင်ပဲ အိပ်ယာထဲမှာပဲ စားသောက်ရသလို အပေါ့အလေးကိုလည်း အိပ်ယာထဲမှာ စွန့်နေရတာပါ။

ဒေါ်နျားမြာရဲ့ အမျိုးသားဖြစ်သူကတော့ စစ်ဘေးရှောင်နေတဲ့ ကျေးရွာမှာပဲ ကံမကောင်းစွာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး ဘယ်ဖက်လက်မှာ ဒဏ်ရာရရှိသွားတာကြောင့် စတီးချောင်းထည့်ထားရတာဖြစ်လို့ သွားလာလှုပ်ရှားနိုင်ခြင်း မရှိပါဘူး။

အမျိုးသားဖြစ်သူမှာ အသက် ၇၂ နှစ် ရှိပြီဖြစ်ပြီး သမီးဖြစ်သူက အသက် ၃၆ နှစ်အရွယ် သား၊သမီး သုံးဦးရဲ့မိခင် မုဆိုးမတစ်ဦး ဖြစ်ပါတယ်။

ဒေါ်နျားမြာတို့ မိသားစုဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ကရင်နီမှာ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ မေလကနေစပြီး ဘေးလွတ်ရာလို့ တွေးထင်တဲ့နေရာကို သွားရောက်ခိုလှုံကြပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေပိုင်းအချိန်မှာ သူမအမျိုးသားက ကံမကောင်းစွာ လက်နက်ကြီးထိမှန်သွားတာပါ။

“ဆေးလည်း ဘာမှ ထည့်စရာမရှိဘူး၊ အဝတ်စုတ်တွေနဲ့ပဲ ပတ်ပြီးထားထားပေးတာ။ သွေးတွေဆို ဒလဟောပဲ ထွက်တာ။ အရမ်းနာကျင်တယ်။ တလခါတည်း သေဆိုလည်း တော်သေးတယ်။ သေလည်းမသေနိုင်ဘူး။ ကျမက ရှေ့မှာ သွားကြည့်မယ်ဆိုလည်း အိမ်မှာ ကျန်တဲ့သူကို ကြည့်ရမယ်။ ကျမ မသွားဘူးဆိုလည်း လိုက်ကြည့်မဲ့သူက မရှိဘူး။ ခက်ခဲတာက ဂိတ်ဆုံးနေပြီ။ အိမ်ကတစ်ယောက်ကို ဒီတိုင်းပဲ ချန်ထားလိုက်တော့မယ်။ မသေရင်ပြီးရော။ ထမင်းတော့ လာကျွေးပေးကြပါနောလို့ပဲ သူများကို အကူအညီတောင်းလိုက်တယ်။”

အထက်ပါစကားဟာ ဒေါ်နျားမြာ ရင်ဆိုင်ခဲ့ရတဲ့ ဇန်နဝါရီလ ၃ ရက်နေ့ ညနေပိုင်းက သူမအမျိုးသား လက်နက်ကြီး ထိမှန်ခဲ့ချိန်မှာ ဆေးရုံပို့ဆောင်ရမှာဖြစ်သလို စောင့်ရှောက်ဖို့လည်း လိုအပ်တဲ့အပြင် သူမနေအိမ်မှာ ကျန်ရှိခဲ့မဲ့ မြေမြုပ်မိုင်းကြောင့် ခြေတောက်ပေးဆပ်လိုက်ရတဲ့ သမီးအတွက်လည်း ပြုစုစောင့်ရှောက်သူ လိုအပ်နေတဲ့ သူမရဲ့ အပူအပန်ကို ပြန်ပြောင်းပြောပြတာပဲ ဖြစ်ပါတယ်။

ဒေါ်နျားမြာမှာ သား၊သမီး ၆ ဦး ရှိခဲ့ပြီး သားဦးမှာ ရေနစ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယ သမီးက မွေးရာပါ ဝက်ရူးပြန်ဝေဒနာကို ခံစားရသူဖြစ်ပြီး တတိယနဲ့ စတုတ္ထမြောက်ကတော့ ကိုယ်ဝန်ဆောင်နေစဉ်မှာ ပျက်ကျသွားခဲ့တာပါ။ ပဉ္စမမြောက် သမီးကတော့ ရန်ကုန်မှာ အိမ်ထောင်ကျပြီး လက်ရှိမှာတော့ အမျိုးသားဖြစ်သူနဲ့အတူ ရန်ကုန်မှာ အခြေချနေထိုင်တယ်လို့ ဆိုပါတယ်။ ဆဌမမြောက် သမီး အသက် ၃၆ နှစ်အရွယ် မော်စေးမြာကတော့ သား၊သမီး သုံးဦးနဲ့ မုဆိုးမ ဖြစ်နေသူဖြစ်ပြီး လက်ရှိမှာတော့ မြေမြုပ်မိုင်းကြောင့် အိပ်ယာထဲမှာပဲ ဘဝကို ရှင်သန်နေရသူပါ။

လက်ရှိမှာတော့ အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်နျားမြာဟာ သား၊ မြေမြုပ်မိုင်းကြောင့် ဒုက္ခိတဖြစ်သွားသူ သမီးတစ်ဦး၊ မွေးရာပါဝေဒနာသည် သမီးတစ်ဦး၊ လက်နက်ကြီးကြောင့် ဒုက္ခိတ ဖြစ်သွားသူ အမျိုးသားနဲ့ ၁၃ နှစ်အောက် မြေး သုံးဦးကို နေ့စဉ်နဲ့အမျှ စားဝတ်နေရေးအတွက် ရှာဖွေကျွေးမွေးရသလို တစ်ဦးချင်းစီရဲ့ ဝေယျာဝိစ္စတွေကိုလည်း ဆောင်ရွက်ပေးရင်း သူမရဲ့ တနေ့တာကို ပင်ပန်းနွမ်းနယ်စွာ ကုန်ဆုံးနေရတာပါ။

ခန္ဓာ၊ စိတ် ပင်ပန်းမှုဟာ ခြေကုန်လက်ပန်းကျသည်အထိ ဆိုပေမယ့် အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်နျားမြာကတော့ သူမ တန်ဖိုးထားချစ်ရတဲ့ မိသားစုအတွက် သူမကိုသူမ မေ့လျော့သွားသည်အထိ စိတ်တင်းပြီး ရှင်သန်နေရရှာပါတယ်။

“သူများတွေက ခက်ခဲတယ် နာကျင်တယ် ဆိုပေမယ့်လည်း သွားနိုင်လာနိုင်သေးတယ်လေနော။ အခုက ခက်ခဲတယ်ဆိုတာ စားလည်းမစားနိုင်ဘူး။ အပေါ့အလေးလည်း မသွားနိုင်ဘူး။ ထလည်း မထနိုင်ဘူးလေ။ ကျမရဲ့ အခက်အခဲ နာကျင်မှုက ဂိတ်ဆုံးပြီလေ။ သူများခက်ခဲတာ ဘယ်သူမှ ကျမကို မမီလောက်ဘူး။ ကျမအနေနဲ့ မစားရလည်း ပြသနာ မရှိဘူး။ အဓိက ကျမ အမျိုးသားနဲ့ သမီးပဲ။ ခက်ခဲပေမယ့် ကျမရဲ့ ကံက ဒီလိုပဲ လာတာဆိုတော့ ရအောင်ကြည့်မယ် အဲ့လိုပဲ တွေးတော့တယ်။”

ဒါဟာ ဒေါ်နျားမြာတစ်ယောက် သူမရဲ့ လက်ရှိနာကျင်မှုနဲ့ အခက်အခဲကို ဖွင့်ဟလာတာပါ။ သူမ ဘယ်လောက်ထိ ခက်ခဲပင်ပန်းပြီး နွမ်းလျနေလိမ့်မလဲဆိုတာ သူမရဲ့ ပြောစကား၊ သူမရဲ့ မိသားစုအခြေအနေကို မြင်ယောင်ကြည့်ရုံနဲ့တင် ပေါ်လွင်နေပါတယ်။ သူမကတော့ နှိုင်းဆမရတဲ့ အခက်အခဲ၊ နာကျင်မှုတွေကို ဖွင့်ဟဖို့ အားအင်တွေတောင် ကုန်ခမ်းတဲ့အထိပါပဲ လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဒေါ်နျားမြာတို့ မိသားစုဟာ သူမရဲ့ သမီးနဲ့ ပတ်ဝန်းကျင်က အလှုရှင်တွေရဲ့ လှုဒါန်းမှုနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေရတာပါ။ ဒဏ်ရာတွေအပြင် တခြားသော ခန္ဓာဝေဒနာတွေကိုလည်း ခံစားနေရတာကြောင့် ဆေးဖိုးဝါးခတွေလည်း လိုအပ်နေတယ်လို့ သူမရဲ့ အခက်အခဲကို ပြောပြလာပါတယ်။ သူမအနေနဲ့ အပြင်ထွက်ပြီး အလုပ်လုပ်၊ ဝင်ငွေရှာမယ်ဆိုရင်လည်း သူမရဲ့ အမျိုးသားနဲ့ သမီးကို ကျွေးမွေးစောင့်ရှောက်မဲ့သူ မရှိတာကြောင့် သူမတို့ မိသားစုဟာ အလှူကိုသာ မျှော်ကိုးနေကြရတာပါ။

“ရှာဖွေလုပ်ကိုင်စားသောက်ဖို့အတွက် ဘာမှ မလုပ်နိုင်တော့ဘူးလေ။ ဒီလိုပဲနေပြီး စားတယ်။ သမီးက ပေးလာတာပဲ စားရတယ်။ အဲ့ဒါပဲ စားနေရတယ်လေ။ ချွေတာပြီးတော့ စားသောက်နေရတာပေါ့လေ။ မရှာဖွေနိုင်တော့ဘူးလေ။ ကျမက သွားရှာဖွေလုပ်ကိုင်လိုက်မယ်ဆိုလည်း အဖေရော၊ သမီးရော ကြည့်ဖို့လိုတယ်လေ။ ထမင်းကျွေး၊ ဆေးတိုက်၊ အလေးအပေါ့တွေ သွန်တာကစ အကုန်လုပ်ရတယ်လေ။ နေ့လည်၊ ညနေ ရောက်သွားတာပဲလေ။ အဖေပြီးရင် သမီးကို ပြန်လုပ်ပေးရတယ်။ အဝတ်တွေကစ လဲပေးရတယ်။ အဲ့ဒါတွေနဲ့ပဲ အချိန်တွေ ကုန်သွားရော။ ကျမတို့ စားသောက်စရာက လုံးဝမရှိတာတွေလည်း ရှိတယ်။ သား၊သမီး အမျိုးတွေ တခါတခါ လာပေးလှူတာနဲ့ပဲ စားသောက်နေရတယ်လေ။ ဘာမှ မရှာဖွေစားသောက်နိုင်တော့ဘူး။” လို့ ဒေါ်နျားမြာက သူမ ဖြတ်သန်းနေရတဲ့ လက်ရှိအခြေအနေကို ဝမ်းနည်းစွာ ဖွင့်လာတာ ဖြစ်ပါတယ်။

အမျိုးသမီးဖြစ်သည့်အားလျော်စွာ နေအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရတာကြောင့် မိသားစုကို ရှာဖွေကျွေးမွေးစောင့်ရှောက်ဖို့ အားနည်းနေတဲ့အပြင် အမျိုးသားနဲ့ သမီးကို ပြုစုစောင့်ရှောက်ရမှာကတစ်ကြောင်းနဲ့ အပူများစွာကို ရင်ဝယ်ပိုက်ထားတဲ့ ဒေါနျားမြာတစ်ယောက် သူမရဲ့လိုအပ်ချက်တွေကို ထုတ်ဖော်တောင်းဆိုတာမျိုးမရှိပေမယ့် နည်းများမဆို စေတနာထား ပါဝင်မဲ့သူတွေကိုတော့ မျှော်လင့်တောင့်တနေရရှာပါတယ်။

ကရင်နီလူထုတွေဟာ စစ်အာဏာသိမ်းမှုအောက်က မြေစာပင်တွေ ဖြစ်နေရပါတယ်။ ဒေါ်နျားမြာလိုပဲ မြေစာပင်တွေရဲ့ ပူပန်မှု၊ နာကျင်မှု၊ အခက်အခဲတွေဟာ နှိုင်းဆမရအောင် များပြားတဲ့သူတွေ ရှိပေမယ့် ထုတ်ဖော်ပြောကြားခွင့်နဲ့အတူ ကူညီရာမဲ့နေတဲ့ ဘဝတွေ ဖြစ်တာကြောင့် မျိုသိပ်ထားရသူတွေ မရေမတွက်နိုင်အောင် ရှိနေနိုင်ပါတယ်။

ကရင်နီပြည်မှာ စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာလို့ ယူဆရတဲ့နေရာကို ထွက်ပြေးတိမ်းရှောင်ကြရတဲ့ ကရင်နီလူထု နှစ်သိန်းနီးပါးအထိ ရှိနေဆဲဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် သေဆုံးသူ ၄ ဦးအထိ ရှိနေပြီး ၈ ဦး ဒဏ်ရာရရှိထားတယ်လို့ ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမှီသလောက် ပြုစုထားတဲ့ စာရင်းအရ သိရှိရပါတယ်။

စစ်တပ်အာဏာသိမ်းမှုကြောင့် မြေစာပင်ဘဝ ဖြစ်သွားရတဲ့ လူထုတွေဟာလည်း မိမိရဲ့ ခက်ခဲမှု၊ ပင်ပန်းမှုတွေကို မမှုတော့ပဲ အာဏာရှင်ချုပ်ငြိမ်းရေးအတွက် အဆုံးထိ ပါဝင်တော်လှန်ကြဖို့ စိတ်တင်းထားကြသူတွေပါ။

ဒါ့ကြောင့်လည်း နေရပ်ပြန်ဖို့ကို မျှော်လင့်နေကြရ၊ စစ်ရှောင်ရတဲ့အပူအပေါ် လက်နက်ကြီး၊ လေကြောင်း အပူတွေကို စိုးရိမ်ထိတ်လန့်ရနဲ့ ဒေါ်နျားမြာလို့ပဲ မြောက်များစွာသော မြေစာပင် စစ်ဘေးရှောင်လူထုတွေဟာ မိမိယုံကြည်ရာ ဘုရားတပြီး တစ်ပူပေါ်နှစ်ပူဆင့် ဆက်လက်ရှင်သန်နေကြရဦးမှာပါပဲ။

Related Stories