spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တစ်ရက်အတွင်း လွိုင်ကော်မှာ ကလေး၂ဦး အပါအဝင် အရပ်သားပြည်သူ၅ဦးသေဆုံးကာ အမည်မသိ အမျိုးသားရုပ်အလောင်း တစ်လောင်းတွေ့ရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

၁၁.၁၁ စစ်ဆင်ရေး ၆ ရက်နေ့မြောက်ဖြစ်တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့က ကရင်နီပြည် လွိုင်ကော်မြို့ မှာ ကလေး ၂ဦးအပါအဝင် အရပ်သား ပြည်သူ ၅ ဦးသေဆုံးခဲ့ပြီး အမည်မသိ အမျိုးသားရုပ်အလောင်းတစ်ခုကိုလည်း တွေ့ခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“၅ယောက် ပြည်သူလူထုတွေ ထိခိုက်မှုရှိတယ်၊ အဓိက အထူးသဖြင့် မနေ့က ညနေ၊ နေ့ခင်း၊ နေ့ခင်းကနေ ည ၁၁နာရီ အထိ ပေါ့နော် စစ်ကောင်စီကနေ လေယာဥ် ကော ဗုံးကောပေါ့နော် တကယ့် အကြီးတွေ လာချသွားတာပေါ့။ ဆက်တိုက်ပေါ့နော် ဆယ်စက္ကန့် တစ်လုံးနီးပါးတောင် အဲ့လို ပစ်ခတ်တာရှိတာပေါ့။ အဲ့တော့ ကျနော်တို့ ပြောချင်တာက မနေ့က တိုက်ပွဲ အရမ်းပြင်းထန်တယ်။ နောက် စစ်ကောင်စီက အလွန်အကျွံလက်နက်ကြီးရော နောက်ပြီးတော့ လေယာဥ်တွေကောပေါ့ ကျနော်တို့ မြို့ပေါ် ရပ်ကွက်တွေကို ဗုံးကြဲ သွားတယ်ဆိုတာတော့ ကျနော်တို့ သိရတယ်” လို့ ဦးဗညားက ဆိုပါတယ်။

သေဆုံးသွားတဲ့ အရပ်သားပြည်သူ ၅ဦးဟာ လွိုင်ကော်မြို့ပေါ် နေအိမ်အတွင်း လက်နက်ကြီး ကြောင့် သေဆုံးသွားတာဖြစ်ပြီး အမျိုးသား ၄ဦးနဲ့ အမျိုးသမီး တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီထဲမှာ အသက် ၈ နှစ်အရွယ် ကလေးလည်းပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၁၆ ရက်‌နေ့မှာပဲ လွိုင်ကော်မြို့ ထေးငှားလျားဖက်မှာ ပိတ်မိနေတဲ့ စစ်ရှောင်လူထုကို သွားရောက်ကယ်ထုတ်ရင်း ရုပ်အလောင်း တစ်ခုကို တွေ့ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အလောင်းဟာ လက်နှစ်ဖက် ကြိုးတုတ်ခံရပြီး နှိပ်စက် ညှင်းပန်းခံရတာဖြစ်တယ်လို့ မြေပြင် ကယ်ဆယ်ရေးဆောင်ရွက်တဲ့အဖွဲ့တခုဖြစ်တဲ့ KHAI အဖွဲ့က တင်ပြဖော်ပြထားတာလည်း ရှိပါတယ်။

“ထေးငှားလျားဖက်မှာ ရတာပေါ့နော်။ အဓိကကတော့ ဒီ ကျနော်တို့ ထင်တာကတော့ ဖြစ်နိုင်ခြေအများဆုံးကတော့ ဒီဖမ်းဆီးပြီးတော့မှ နှိပ်စက်ညှင်းပန်းမှုကြောင့် သေဆုံးသွားတယ်ပေါ့။”လို့ ဦးဗညားက ဆက်ပြောပါတယ်။

လွိုင်ကော်မှာ တိုက်ပွဲတွေ ကြာရှည်နိုင်ပြီး လက်ရှိအချိန်ထိ ပိတ်မိနေတဲ့ ပြည်သူတွေ ရှိနေသေးတာကြောင့် ထိခိုက်သေဆုံးမှုတွေ ပိုများလာနိုင်သလို ရေရှည် စားဝတ်နေရေး အတွက် နဲ့ ဆေးဝါးအခက်အခဲတွေလည်း ပိုများလာနိုင်တယ်လို့ ဦးဗညားက သုံးသပ်ပြောဆိုထားပါတယ်။

၁၁.၁၁ စစ်ဆင်ရေး စတင်တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ယနေ့ နိုဝင်ဘာလ ၁၇ရက်နေ့အထိ ၇ရက်အတွင်း လွိုင်ကော်မြို့ပေါ်မှာ သေဆုံးသွားတဲ့ အရပ်သား ပြည်သူ စုစုပေါင်း ၄၀ ကျော် ထိရှိလာပြီး အများစုက လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးကြတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts