spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တစ်လေးလုံး စစ်ဆင်ရေးကြားမှာ လွိုင်ကော်မြို့တွင်းပြည်သူ နှစ်သောင်း၀န်းကျင် ပိတ်မိနေဆဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်မှာ အာဏာသိမ်းပြီးနောက် ဖော်ဆောင်တဲ့ တိုက်ပွဲတွေထဲမှာ အပြင်းထန်ဆုံးလို့ ပြောဆိုကြတဲ့ (၁၁.၁၁) တစ်လေးလုံးတိုက်ပွဲကြောင့် လွိုင်ကော်မြို့ပေါ်ကနေ ပြည်သူအများစွန့်ခွာနေကြပေမဲ့လည်း မြို့တွင်းပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိနေသေးတယ်လို့ ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး(၂) ဦးဗညားကပြောပါတယ်။

“ ကျနော်တို့ စဉ်းစားတာက လွိုင်ကော်မြို့ လူဦးရေက ခြောက်သောင်းခွဲကနေ ခုနစ်သောင်း ရှိလိမ့်မယ်လို့ ကျနော်တို့ ခန့်မှန်းထားတာပေါ့။ လူထုတွေတော့ အများဆုံးဖြစ်မှာပေါ့။ တချို့ကလည်း တပ်မိသားစုဝင်တွေ ရှိနိုင်တယ်။ နောက်ပြီးတော့ Non-CDMအုပ်စုတွေရှိတယ်ပေါ့။ ဒါပေမဲ့ ဒီ ရက်ပိုင်းမှာ Non-CDMတွေကလည်း အကုန်လုံးထွက်သွားသလောက် ဖြစ်သွားပြီပေါ့။ ကျန်မှာက တချို့ ပြည်သူလူထုတွေ ကျန်မယ်။ တချို့ တပ်ပိုင်း စစ်ကောင်စီတပ် မိသားစုဝင်တွေပေါ့။ ကျနော်ထင်တာကတော့ အနည်းဆုံး တသောင်းခွဲ၊ နှစ်သောင်းတော့ ကျန်နိုင်ပါသေးတယ်။ “ လို့ ဦးဗညားက ခန့်မှန်းပြောပါတယ်။

လွိုင်ကော်မြို့မှာ လူဦးရေ ၈၀ရာခိုင်နှုန်းဟာ စစ်ဘေးရှောင်သွားကြပြီဖြစ်ပြီး ၂၀ရာခိုင်နှုန်းလောက်က မြို့တွင်းကျန်ရှိနေဆဲဖြစ်တယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်ပေးသူတွေက ခန့်မှန်းပြောဆိုကြပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လွိုင်ကော်မြို့မှာ လူဦးရေ ငါးသောင်းကျော် ရှိပါတယ်။

ကရင်နီပြည်မှာ တစ်လေးလုံး စစ်ဆင်ရေးကို တော်လှန်ရေးတပ်ပေါင်းစုတွေက နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်ဖော်ဆောင်ခဲ့ကြပါတယ်။ အဲ့ဒီစစ်ဆင်ရေး ဖော်ဆောင်ခဲ့တဲ့ တရက်တည်းမှာပဲ လွိုင်ကော်မြို့အပြင်၊ ရှမ်းတောင်ပိုင်း မိုးဗြဲမြို့ မှာလည်း စစ်ကောင်စီရဲ့ စခန်းတွေကိုသိမ်းတဲ့ စခန်းသိမ်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

တော်လှန်ရေးအင်အားစုများက စစ်ဆင်ရေးကာလအတွင်း လွိုင်ကော်မြို့တွင်းမှာဆိုရင် လွိုင်ကော် တက္ကသိုလ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်နိုင်ခဲ့သလို၊ လွိုင်ကော်ခရိုင်တရားရုံးကိုလည်း မီးရှို့ဖျက်ဆီးတာတွေ ရှိခဲ့ပါတယ်။ တစ်လေးလုံး စစ်ဆင်ရေး ၁၁ ရက် မြောက်လာတဲ့အထိ စစ်ကောင်စီ နဲ့ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေဆဲပါပဲ။

ဒါကြောင့် မြို့ကို တစတစ စွ့န်ခွာတိမ်းရှောင်လာနေကြသူတွေများလာပြီး ၁၁ရက်မြောက်နေ့အထိ မြို့ထဲကနေ တိမ်းရှောင်နေကြဆဲဖြစ်သလို၊ အကြောင်းအမျိုးမျိုးကြောင့် မြို့တွင်း ကျန်ရှိနေသေးတဲ့ ပြည်သူတွေလည်း ရှိနေဆဲဖြစ်ပါတယ်။

“ထွက်ဖို့ အဆင်မပြေတဲ့ သူတွေ ရှိတယ်၊ မိသားစုအရမ်းများတော့ ပြေးရခက်နေတာမျိုးပေါ့။ နောက် ကုန်စုံဆိုင် တွေလို ပစ္စည်းများပြီး မချန်ခဲ့နိုင်သူအချို့ရှိတယ်။ မထွက်ချင်တဲ့ သူတွေလည်းရှိတာပေါ့၊ နင်တို့ထွက်ချင်ထွက် ငါမလိုက်ဘူးဆိုလို့ ကျန်နေတဲ့အဖွဲ့တွေလည်းရှိတယ်။ ” လို့ လွိုင်ကော်မြို့ကနေ စွန့်ခွာ တိမ်းရှောင်ခဲ့သူ တဦး က ပြောပြပါတယ်။

တိုက်ခိုက်မှုတွေကြောင့် လွိုင်ကော်မြို့တွင်းမှာ ကိုးရက်အတွင်း အရပ်သားပြည်သူ ၆၈ဦး သေဆုံးခဲ့ရတယ်လို့ ကရင်နီလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ – KHAI ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ နိုဝင်ဘာလ (၂၀)ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေထဲမှာဆိုရင် ၁၈ နှစ်အောက်ကလေးငယ် ၁၀ဦး ဝန်းကျင်ရှိနေသလို ဘုန်းကြီးကျောင်းတွင်း လက်နက်ကြီး ကျရောက်မှုကြောင့် ကိုရင်လေး ၂ ပါးလည်း ပျံလွန်သွားခဲ့ရပါတယ်။

“ ၁၅ရက်နေ့ ၁၀နာရီနောက်ပိုင်းမှာ မြို့ပေါ် လမ်းတွေကို သူတို့ (စစ်ကောင်စီ) ပြန်ပိတ်လိုက်ပြီးတော့မှ အထွက်ပေါက်တွေပေါ့၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းကိုသွားတဲ့ ထွက်ပေါက်တွေ ၊ လွိုင်ကော်တို့ ဒေါဥခူနဲ့ ထေးငှားလျားတောက်လျောက်ကို လက်နက်ကြီးနဲ့ ပစ်တဲ့အပြင် လေယာဉ်နဲ့ လည်း စစ်ရှောင်သယ်ယူတဲ့ ကားတွေကို၊ စစ်ရှောင်တွေကို လိုက်ပစ်တာရှိတယ်။ အဲ့ဒီရက်မှာ ကားတွေ တချို့ ထိခိုက်ပျက်စီးသွားတာတွေ ရှိတယ်။ မြို့ထဲမှာလည်း ကားနဲ့ ထွက်ဖို့ တချို့လူတွေကိုလည်း ပစ်ခတ်တယ်။ အဲ့ဒီပစ်ခတ်မှုကြောင့် တချို့ သေဆုံးမှုရှိတယ်ဆိုတဲ့ အချက်အလက်ကို ကျနော်တို့ ရထားတာရှိပါတယ်။ “ လို့ စစ်ဆင်ရေးကာလအတွင်း လွိုင်ကော်မြို့တွင်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး IEC အတွင်းရေးမှူး ၂ ဦးဗညားက ပြောပြသွားတာဖြစ်ပါတယ်။

လွိုင်ကော်မြို့တွင်းမှာရှိတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ အားလုံးလည်း ရွှေ့ပြောင်းကုန်သလို၊ လွိုင်ကော် ပြည်သူ့ဆေးရုံ မှာဆိုရင်လည်း ဆရာဝန်တွေ၊ သူနာပြုတွေ အကုန်လုံး ရွှေ့ပြောင်းကုန်ပြီလို့ ဒေသခံတွေဆီကနေကြားသိရပါတယ်။

ဆေးရုံမှာရှိတဲ့ လူနာတွေဆိုရင်လည်း ရှမ်းပြည်နယ် အောင်ပန်း စတဲ့ နေရာတွေဆီ ရွှေ့နေကြတာတွေ ရှိတယ်လို့ သိရပါတယ်။ မြို့တွင်းက ပြည်သူတွေ တခြားနေရာ ရွှေ့ပြောင်းတဲ့နေရာမှာဆိုရင်လည်း အခက်ခဲ တွေနဲ့ ကြုံတွေ့နေရပါတယ်။
တချို့ မိသားစုတွေမှာဆိုရင် တခြားဒေသကနေ စစ်ရှောင်လာနေကြတဲ့ အမျိုးတွေရှိတဲ့အတွက် လူဦးရေများပြီး တိမ်းရှောင်ဖို့ ခက်ခဲတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ကားကြုံ အခမဲ့ ခေါ်သွားပေးတဲ့ ကားတချို့ရှိသော်ငြားလည်း လူဦးရေ အကန့်သတ်နဲ့မို့ မတိမ်းရှောင်နိုင်ကြတဲ့ သူတွေလည်း ရှိတယ်လို့ သိရပါတယ်။စစ်ရှောင်တွေကတော့ ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်အနောက်ခြမ်းဘက် တိမ်းရှောင်သွားကြတာရှိသလို၊ ရှမ်းပြည် တောင်ပိုင်းဘက် တိမ်းရှောင်သွားကြသူတွေကတော့ အများဆုံး ဖြစ်တယ်လို့ IECအတွင်းရေးမှူး (၂) ဦးဗညားက ဆိုပါတယ်။

ရှမ်းပြည်ဘက် တိမ်းရှောင်ကြတဲ့ သူတွေထဲက ငွေကြေးတတ်နိုင်တဲ့ စစ်ရှောင်တွေက အိမ်ငှားနေတာတွေရှိပြီး၊ တချို့ မတတ်နိုင်သူတွေကတော့ ကျေးရွာက သတ်မှတ်ပေးထားတဲ့ ဘာသာရေးအဆောက်အဦးတွေ၊ ဘုန်းကြီးကျောင်းတွေမှာ တည်းခိုနေကြပါတယ်။

တဖက်မှာလည်း လွိုင်ကော်မြို့ကနေ စွန့်ခွာ စစ်ရှောင်ခဲ့ကြတဲ့ ပြည်သူဦးရေ လေးသောင်းအထိ ရှိနေပြီဖြစ်ပြီး၊ သူတို့ကို လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ပံ့ပိုးဖို့ လိုနေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အသင်းအဖွဲ့တွေက ဆိုကြပါတယ်။

“ လက်ရှိ စစ်ဘေးရှောင်အခြေအနေခါကျတော့ အထူးသဖြင့် စားနပ်ရိက္ခာတွေက စတင် လျော့ကျလာပြီပေါ့။ ဒီလမ်းကြောင်းပိတ်ဆို့မှုတွေလည်း ရှိတဲ့အခါကျတော့ မြို့ပေါ်မှာဆိုရင် ငွေသားထုတ်လို့မရဘူးပေါ့နော။ မြို့ပေါ်ဆိုတာက ရှမ်းပြည်ဘက်တောင်မှ ငွေသား အကန့်အသတ်နဲ့ ထုတ်လို့မရတဲ့ အနေအထားဖြစ်နေတဲ့အခါကျတော့ အခက်အခဲတွေ စတင်ကြုံတွေ့လာပြီ ရိက္ခာလိုအပ်မှုတွေရှိလာပါပြီ။ “ လို့ ကရင်နီပြည်မှာ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတဦး ကပြောပါတယ်။

ရှေ့ဆက် မြို့သိမ်းတိုက်ပွဲအတွင်းမှာ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်မှု ဆက်လက်ပြင်းထန်ဖို့ရှိပြီး ပြည်သူတွေ အနေနဲ့ လုံခြုံဘေးကင်းရာ အရပ်ကို ပြောင်းရွှေ့ကြဖို့ တော်လှန်ရေး တပ်ဖွဲ့ အသီးသီးက အသိပေးပြောဆိုနေကြပါတယ်။

“ ပြည်သူတွေအားလုံး ခက်ခဲ ပြင်းထန်တဲ့ အခြေအနေကို ကျနော်တို့ နားလည်တယ်ပေါ့။ ဒါပေမယ့် ဒီနေ့ တော်လှန်ရေးမှာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုတွေကို ကျနော်တို့ တိုက်ခိုက်ချေမှုန်းဖို့ ကျနော်တို့ဖက်က တာဝန်အပြည့်အဝရှိတဲ့အတွက် လူထုတော်လှန်ရေးရဲ့ ရည်မှန်းချက်ဖြစ်တဲ့အတွက် ကျနော်တို့ လည်း ဆက်လက်ပြီး အောင်ပွဲခံနိုင်ဖို့ ၊ စစ်ဆင်ရေးတွေ လုပ်နိုင်ဖို့အတွက်ကို ကြိုးစားနေတယ်ပေါ့။ လူထုတွေအားလုံးကို စာနာနားလည်ပြီးတော့မှ အတူတူဆက်လက်ပြီးမှ တောင့်ခံရအောင်ပေါ့နော။ တနိုင်ငံလုံးရဲ့ စစ်ရှိန်မြှင့်တဲ့အချိန်မှာ ကျနော်တို့ဖက်ကလည်း အမြင့်ဆုံး စစ်ဆင်ရေးတွေနဲ့ သွားကြလိမ့်မယ်ပေါ့။ “ လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဥက္ကဌ ခွန်းဘီထူးက ပြည်သူတွေကို တိုက်တွန်း ပြောဆိုထားပါတယ်။

လက်ရှိ လွိုင်ကော်မြို့တွင်းမှာဆိုရင် လျှစ်စစ်မီးပြတ်တောက်နေပြီး အင်တာနက်လိုင်း မရရှိကြတော့ပါဘူး။ အဲ့ဒီအတွက် မီးစက်၊ ဆိုလာ၊ စတားလင့် စတာတွေ လိုအပ်သလို၊ တချို့သူတွေဆိုရင် ရိက္ခာလိုအပ်တာတွေ ရှိတယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် စက်သုံးဆီတွေလည်း ပြတ်တောက်နေပြီး ဈေးကြီး ပေးဝယ်နေကြရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖက်ကတော့ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်တာတွေရှိသလို စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိတာတွေလည်း ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ အသီးသီးရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

၁၁.၁၁ စစ်ဆင်ရေးကာလအတွင်း လွိုင်ကော်မြို့ တနေရာတည်း တိုက်ပွဲဖြစ်ပွားနေတာမဟုတ်သလို ရှမ်းပြည် တောင်ပိုင်း မိုးဗြဲ နဲ့ ဒီးမော့ဆို မြို့ပေါ်က စစ်ကောင်စီရှိတဲ့နေရာတွေမှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်တာတွေလည်း ရှိနေတာဖြစ်ပါတယ်။

ကရင်နီတပြည်နယ်လုံးမှာဆိုရင် တစ်လေးလုံး စစ်ဆင်ရေး မစတင်ခင်က စစ်ရှောင်ဦးရေ ၂သိန်း၄သောင်း ကျော်ရှိနေပြီး၊ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်းမှာတော့ လွိုင်ကော်မြို့ မှ ပြောင်းရွှေ့ စစ်ရှောင် လေးသောင်း ထပ်မံ တိုးလာတာရှိနေပါတယ်။

spot_img
spot_img

Recent posts