spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တစ် လေးလုံး စစ်ဆင်ရေးစတင်ပြီးနောက် ထပ်ဆင့်စစ်ရှောင်အပါအဝင် တိမ်းရှောင်နေရသူ သုံးသောင်းခွဲအထိ ရှိလာ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် နဲ့ ရှမ်း – ကရင်နီနယ်စပ်မှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်ဦးရေ သုံးသောင်းခွဲအထိ ရှိလာတယ်လို့ ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က မနေ့က နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တိမ်းရှောင်နေရတဲ့ သုံးသောင်းခွဲထဲမှာ တစ် လေးလုံး စစ်ဆင်ရေးစတင်ပြီးနောက်မှ တိမ်းရှောင်ရသူများ ပါဝင်သလို၊ ယခင်တိမ်းရှောင်သူတွေထဲက ထပ်ဆင့်တိမ်းရှောင်နေရသူများလည်း ပါဝင်တယ်လို့ ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ကန္တာရဝတီတိုင်း(မ်) ကို ဖြေကြားထားပါတယ်။

“လွိုင်ကော်မြို့အနီးတဝိုက်ဒေသတွေ အပါအဝင် ဖယ်ခုံမြို့နယ်နဲ့ မိုးဗြဲမြို့တွေက ပြည်သူဦးရေ (၃၅၀၀၀) ကျော် စစ်ဘေးရှောင်နေရတယ်ဆိုတဲ့ အရေအတွက်က ခန့်မှန်းခြေဖြစ်ပါတယ်။ လူဦးရေစာရင်းအတိအကျကိုတော့ သက်ဆိုင်ရာဌာနတွေက ဆောင်ရွက်နေပါတယ်။ တစ်လေးလုံး စစ်ဆင်ရေးစတင်မှပဲ စစ်ရှောင်အသစ်တွေ တိုးလာတာ ရှိသလို မူလကတည်းက စစ်ရှောင်နေကြတဲ့သူတွေလည်း ထပ်ဆင့်စစ်ရှောင်တာမျိုးလည်း ရှိပါတယ်။” လို့ ခူးပလုရယ်က ပြောပါတယ်။

တိမ်းရှောင်ရတဲ့ သုံးသောင်းခွဲထဲမှာ အများစုဟာ လွိုင်ကော်မြို့ရပ်ကွက်တွေဖြစ်ကြတဲ့ ဒေါဥခူ၊ မုံပြာ၊ ဘာဒို၊ ထေးငှလျား၊ နာနတ်တော၊ ထေးသမ စတာတွေအပြင် လွိုင်ကော်မြို့အနီးတဝိုက်က ချိကယ်ကျေးရွာအုပ်စု၊ ဒေါပေါ်ကလဲကျေးရွာအုပ်စု၊ နွားလဝိုးကျေးရွာအုပ်စု၊ နိုးကိုးကျေးရွာအုပ်စုအပြင် ဖယ်ခုံမြို့နယ်အတွင်းက ကျေးရွာအချို့နဲ့ မိုးဗြဲမြို့ပေါ်တဝိုက်က ပြည်သူတွေလည်း ပါဝင်တယ်လို့ IEC ကပြောပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ ဥက္ကဌကလည်း လက်ရှိမှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ ဘေးကင်းရာကို ရွေ့နေပေးကြဖို့ မနေ့က နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အသိပေး တိုက်တွန်းထားပါတယ်။

ကရင်နီပြည်မှာ အာဏာရှင်ဖြုတ်ချရေး နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တည်ဆောက်ရေး ဖော်ဆောင်နိုင်ဖို့အတွက် လွိုင်ကော်မြို့က စစ်ကောင်စီအုပ်ချုပ်ရေးကို ဖြိုချရမှာဖြစ်တာကြောင့် မြို့သိမ်းတိုက်ပွဲတွေဟာ ပျက်စီးမှု များနိုင်တယ်လို့ ဥက္ကဌက ပြောဆိုထားပါတယ်။

လက်ရှိမှာလည်း လွိုင်ကော်မြို့အထွက်လမ်းတွေကို စစ်ကောင်စီတပ်က ပိတ်ထားတဲ့အပြင် သွားလာတဲ့ပြည်သူတွေကို ပစ်ခတ်တာတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။ ပိတ်မိနေတဲ့ ဒေသခံများ ရှိနေတာကြောင့် ကယ်ဆယ်ရေးအသင်းအဖွဲ့တွေက လက်လှမ်းမီသလောက် ကူညီကယ်ဆယ်တာတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

“ကျမတို့က နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စပြီး ရှောင်ကြတယ်။ လွိုင်ကော်မှာ စစ်ရှောင်ဖူးတာကတော့ ဒီတခေါက်ပါပါ နှစ်ကြိမ်ပေါ့နော။ ခုတခါ ပိုဆိုးတယ် ပိုခက်ခဲတယ်လေ အရင်ကတော့ ပြေးဖို့ လမ်းကပေါက်သေးတယ်။ ဒီးမော့ဆိုတို့ဖက်ကို ပြေးလို့ရသေးတယ်ပေါ့နော သေနတ်သံကြားတာနဲ့။ ဒါပေမဲ့ ခုက မြို့ထဲကနေပဲ ဖြတ်ပြီးသွားရမယ်ဆိုတော့ ပိုပြီး မလုံခြုံဘူးပေါ့နော။ တခုကြားတာကတော့ မြို့ထဲကနေ သွားတဲ့သူတချို့လည်း ပစ်ခံရတာ ကြားတော့ မပြေးရဲတော့ဘူး။ ခုအခြေအနေကတော့ လက်နက်ကြီးမကျနိုင်ဘူးလို့ ယူဆရတဲ့ နေရာတွေကိုပဲ ခုက ရှောင်နေတယ်။ ဒီနေရာပါပါဆို သုံးနေရာတော့ရှိပြီ။ ကျမကတော့ လသား အရွယ် ကလေးငယ်လည်းရှိနေတော့ အဖက်ဖက်ကနေ တအားစိုးရိမ်ပူပန်နေရတယ်။ ဆုပဲတောင်းနေမိတော့တယ်။” လို့ လွိုင်ကော်မြို့က ဒေသခံတဦးက ပြောပါတယ်။

အရေးပေါ်ကူညီကယ်ဆယ်ရေးတွေအတွက် လိုအပ်ချက်တွေ ကြီးမားနေတာကြောင့် ပါဝင်ပေးကြဖို့ကိုလည်း IEC က ဖိတ်ခေါ်ပန်ကြားထားတာ ရှိပါတယ်။

“အဓိက အခြေခံစားနပ်ရိက္ခာဖြစ်တဲ့ ဆန်၊ ‌ဆီ၊ ဆားအပါအဝင် အမိုးအကာနဲ့ ဆေးဝါးတွေဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေးအတွက် စက်သုံးဆီလိုအပ်ချက်လည်း ကြီးမားလာပါတယ်။” လို့ အထွေထွေအတွင်းရေးမှုး ခူးပလုရယ်က ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်က မြေပြင်စစ်ဆင်မှုကို မပြုလုပ်နိုင်တော့ဘဲ လက်နက်ကြီး၊ လေကြောင်းကို အဆမတန်အသုံးပြုပြီး ရမ်းသန်းပစ်ခတ်နေတာကြောင့် လူနေအိမ်တွေလည်း အများအပြား ထိခိုက်ပျက်စီးမှုရှိသလို လက်နက်ကြီးထိမှန်သေဆုံးခဲ့ရတဲ့ အရပ်သားတွေလည်း ဆယ်ဦးနဲ့အထက် ရှိနေပါတယ်။

အရေးပေါ် ကယ်ဆယ်ရေးအတွက် ကူညီလိုသူတွေအနေနဲ့ IEC ရဲ့ Signal, Viber, Telegram, Email တွေဖြစ်တဲ့ (၁) +66 63 687 0154 (Signal) ၊ (၂) +66 63 687 0154 (Viber & Telegram)၊ (၃) အီးမေးလ် – Karenni-IEC2023@protonmail.com တွေကနေ ဆက်သွယ်နိုင်တယ်လို့ အသိပေးထားပါတယ်။

spot_img
spot_img

Recent posts