spot_imgspot_imgspot_imgspot_img
Thursday, June 13, 2024
spot_imgspot_imgspot_imgspot_img

တတိယနိုင်ငံနဲ့ CDM တွေရဲ့ မျှော်လင့်ချက်

လေးမြာ (ကန္တာရဝတီတိုင်း(မ်) )

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ အပြင်ဖက် ဂေါက်ကွင်းကျယ်တခုထဲက စားသောက်ဆိုင် သေးသေးလေး ထဲမှာ မနက်စောစော သန့်ရှင်းရေးတွေ ပြုလုပ်နေသူကတော့ ကရင်နီပြည်က အသက် ၂၄ နှစ်အရွယ် အမျိုးသားလူငယ်လေး ခွန်းကနေဒီ ပါ။

သူကတော့ မနက် ၇ နာရီကနေ ညနေ ၅ နာရီအထိ ပိတ်ရက်မရှိ အဲဒီဆိုင်ထဲက အသင့်စား အစားသောက်တွေကို ရောင်းချရတဲ့ အလုပ်ကိုလုပ်နေပါတယ်။

CDM ကျောင်းဆရာဖြစ်တဲ့ ခွန်းကနေဒီဟာ တတိယနိုင်ငံသွားဖို့ စောင့်ဆိုင်းနေရင်း တရားမဝင် အလုပ်သမားအဖြစ် ထိုင်းနိုင်ငံမှာ နေထိုင်နေတာပါ။

ခွန်းကနေဒီလိုပဲ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ အစိုးရဝန်ထမ်းအများစုဟာ လုံခြုံရေး ကြောင့်ဖြစ်စေ၊ စားဝတ်နေရေးကြောင့်ဖြစ်စေ လွှတ်မြောက်နယ်မြေတွေနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ သွားရောက်ခိုလှုံကြတာတွေ ရှိပါတယ်။

“ကိုယ့်အတွက် လုံခြုံဖို့ ပြီးရင်အဓိက က ပညာရေးပေါ့နော်။ ပညာဆက်လက် သင်ကြားနိုင်ဖို့ အဲ့ဟာ ရည်ရွယ်ချက်နဲ့ပဲ ဒီ UNHCR ကို လျှောက်လိုက်တာပေါ့။” လို့ ခွန်းကနေဒီက တတိယနိုင်ငံကို သွားရောက်ခိုလှုံလိုတဲ့ အကြောင်းရင်းကို ပြောပြလာတာပါ။

သူ့လိုပဲ စစ်တပ်အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံထဲကနေ ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံသားတွေဟာ ဒုက္ခသည်တွေကို ခေါ်ယူနေတဲ့ အမေရိကန်နဲ့ ဩစတေးလျား စတဲ့ နိုင်ငံတွေမှာ သွားရောက်ခိုလှုံနိုင်ဖို့ UNHCR ကနေတဆင့် လျောက်ထားသူတွေ အများအပြား ရှိနေပါတယ်။

ခွန်းကနေဒီဟာ CDM မှာ ပါဝင်လာခဲ့တာကြောင့် ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုခံရလို့ ရှောင်တိမ်းနေရတဲ့ ပညာရေးဝန်ထမ်းတစ်ဦးပါ။

သူ့လုံခြုံရေး၊ သူ့မိသားစုလုံခြုံရေးနဲ့ သူတို့ရဲ့ အနာဂါတ်အတွက် တတိယနိုင်ငံကို ရောက်ရှိဖို့က မိသားစုထဲ အကြီးဆုံးသားဖြစ်တဲ့ ခွန်းကနေဒီရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လာခဲ့ပါတယ်။

ဒီလိုစောင့်ဆိုင်းနေရတဲ့ အချိန်တွေမှာ စားဝတ်နေရေးကိုဖြေရှင်းဖို့ အခက်အခဲတွေရှိသလို တရားဝင်နေထိုင်တာ မဟုတ်တဲ့အတွက် စိန်ခေါ်မှုများစွာလည်းရှိတယ်လို့ ဆိုပါတယ်။ သူတို့ မိသားစုဝင်တွေဖြစ်ကြတဲ့ မိဘနှစ်ပါး၊ ညီမ ၂ ယောက်နဲ့ ညီတစ်ယောက်ဟာ ဘန်ကောက်မြို့မှာ အခန်းငှားပြီး နေထိုင်ကြတာပါ။

အိမ်ငှားခ နဲ့ စားဝတ်နေရေးကို ဖြေရှင်းဖို့ ခွန်းကနေဒီ နဲ့ သူ့ ညီမနှစ်ယောက်ဟာ အလုပ်ထွက်လုပ် ရပါတယ်။ သူ့ရဲ့ ညီမနှစ်ယောက်ဟာ အသက် ၂၂ နဲ့ ၂၀ သာ ရှိပါသေးတယ်။ ညီလေးကတော့ ကျောင်းနေအရွယ် ဖြစ်ပြီး အသက် ၁၈ နှစ် သာ ရှိပါသေးတယ်။

CDM သမားတွေဟာ တခြားနိုင်ငံမှာ တရားဝင်လမ်းကြောင်းနဲ့ နိုင်ငံခြားကို သွားရောက်အလုပ်လုပ်နိုင်ဖို့ ရန်ကုန်လေဆိပ်မှာ စစ်ကောင်စီအစစ်အဆေးကို ကျော်လွှားနိုင်ဖို့ဆိုတာ မလွယ်ကူတဲ့ ကိစ္စတစ်ခုပါ။ ဒါကြောင့်လည်း အောက်လမ်းလို့ ခေါ်ကြတဲ့ တရားမဝင်လမ်းကြောင်းကနေတစ်ဆင့် ကြားပွဲစားတွေနဲ့ ဝင်ရောက်ကြတာတွေ များပါတယ်။

တခြားတိုင်းတစ်ပါးကို တရားဝင်အလုပ်သမားနဲ့ လာတာမဟုတ်တဲ့အတွက် အလုပ်ရှာတဲ့အခါမှာ မလွယ်ကူကြောင်း အသက် ၂၄ နှစ်အရွယ် နောက်ထပ် CDM ကျောင်းဆရာ တစ်ဦးက ပြောပါတယ်။

“နိုင်ငံခြားမှာ ရှိတဲ့ ဦးလေးတို့ထောက်ပံ့လို့သာ ဒီမှာ နည်းနည်းလေး အဆင်ပြေတယ်လို့ ပြောရမှာပေါ့နော်။ အရမ်းကြီးအဆင်မပြေပေမယ့် ထမင်းကို သုံးနပ်လောက်တော့ ပုံမှန် စားနေရတဲ့ အနေအထားမှာ ရှိတယ်ပေါ့နော်။ ဒါပေမယ့် အလုပ်ကို ရှာဖွေတဲ့အခါမှာကျ‌တော့ အရမ်းကို အခက်အခဲဖြစ်ပါတယ်။ အဲလိုမျိုး စိန်ခေါ်မှုတွေ ကြုံတွေ့နေရတယ်။” လို့ သူက ဆက်ပြောပါတယ်။

သူကလည်း ခွန်းကနေဒီလိုပဲ ဘန်ကောက်မြို့မှာနေထိုင်ပြီး တတိယနိုင်ငံသွားဖို့ စောင့်ဆိုင်းနေသူ တစ်ဦး ဖြစ်ပါတယ်။

CDM ကနေ တတိယနိုင်ငံလို့ ခေါ်ကြတဲ့ အမေရိကန်၊ ဩစတေးလျား နဲ့ ဖင်လန် စတဲ့နိုင်ငံတွေက သံရုံးတွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံသားတောင်းခံခိုလှုံခွင့်ရှိပေမယ့် ကြားမှာရှိတဲ့ UNHCR အပါအဝင် တခြားသော နိုင်ငံတကာ အဖွဲ့အစည်းတွေကနေ ပို့ဆောင်ပေးတာ မရှိဘူးလို့ UNHCR ထိုင်းနိုင်ငံရုံးခွဲမှာ အလုပ်လုပ်သူနဲ့ နီးစပ်သူထံကနေ သိရပါတယ်။

နိုင်ငံသားခိုလှုံခွင့်တောင်းခံသူတွေ တတိယနိုင်ငံကို တရားဝင်ပို့ပေးတဲ့ သဘောတူညီမှုဟာ ထိုင်းနိုင်ငံအစိုးရနဲ့ UNHCR အကြား ယနေ့ချိန်အထိ မရှိသေးပေမယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေကနေ လူသားချင်းစာနာထောက်ထားမှုအနေနဲ့ စောင့်ရှောက်ခွင့် ရှိတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ လိုက်လံဖမ်းဆီးမှုကြောင့် တတိယနိုင်ငံကို သွားရောက်ခိုလှုံခွင့်ရခဲ့တဲ့ အသက် ၃၉ နှစ်အရွယ် မစိုးစိုးထက်ကတော့ ခိုလှုံခွင့်ရဖို့ ၁၀ လ ကြာအောင် စောင့်ဆိုင်းခဲ့ရတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ သူမဟာ ခင်ပွန်း၊ သားတစ်ဦး ၊ သမီးတစ်ဦး တို့ နဲ့အတူ အမေရိကန်ပြည်ထောင်စု နျုးယောက် ( New York ) မြို့မှာ နေထိုင်တာ ၇ လ ရှိလာခဲ့ပါပြီ။

“ဒီမှာက ပညာရေးက သူတို့နိုင်ငံက ပညာရေးကိုပဲ အသိအမှတ်ပြုတယ်။ ဒီရောက်ရင်တော့ ဒီက ပညာရေး စနစ်ကို လိုက်မှီဖို့ ဆိုရင် မလွယ်ဘူးပေါ့နော်။ အလုပ်အကိုင်က အစစအရာရာ အောက်ခြေကနေ စလုပ်ရတယ် ။ အလုပ် မရွှေးရဘူးပေါ့နော်” လို့ မစိုးစိုးထက်က လက်ရှိမှာ သူမရင်ဆိုင်ရတာနဲ့ ပတ်သက်ပြီး ပြောပြလာပါတယ်။

မစိုးစိုးထက်ဟာ ကရင်နီပြည်အခြေစိုက် သတင်းဌာနတစ်ခုရဲ့ အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ။ စစ်တပ်အာဏာသိမ်းပြီး လေး လ အကြာမှာ သူမနေထိုင်တဲ့အိမ်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဝင်ရောက်ရှာဖွေခြင်း ခံခဲ့ရပါတယ်။ ကံကောင်းထောက်မစွာ သူမနဲ့ မိသားစုက အိမ်မှာ မရှိတာကြောင့် လွတ်မြောက်သွားခဲ့ပါတယ်။

လက်ရှိမှာတော့ ခွန်းကနေဒီတို့ မိသားစုလိုပဲ စစ်တပ်အာဏာသိမ်းမှုကြောင့် များစွာခက်ခဲလာပြီး တတိယနိုင်ငံ ခိုလှုံခွင့်ရဖို့ မျှော်လင့်နေကြတဲ့ ကရင်နီပြည်က လူထုတွေသာမက မြန်မာအနှံ့က လူထုတွေဟာ စိန်ခေါ်မှု၊ စိုးရိမ်စရာ အမျိုးမျိုးကြားကနေ စောင့်ဆိုင်းနေကြရဦးမှာပါပဲ…….။

spot_img
spot_img