spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တပူပေါ် နှစ်ပူဆင့်ဘဝနဲ့ ဒေါ်မှူးလာ

Author

Date

Category

ကေးဒူ/ကန္တာရဝတီတိုင်း(မ်)

“ဖြစ်ပြန်ပြီ၊ ဘာလို့ ကျမ တယောက်တည်း ကွက်ပြီး‌တော့ ကံဆိုးနေရတာလဲ။” လို့ ပြောလာသူကတော့ အသက် ၈၀ အရွယ် ဒေါ်မှူးလာ (အမည်လွှဲ) ပဲဖြစ်ပါတယ်။

ရင်ထဲမှာ ပူပင်သောကတွေ ပြည့်နေပေမယ့် ဟန်ဆောင်အပြုံးလေးနဲ့ စာရေးသူ ကျနော့်ကို ပြောပြလာတာပါ။ သူဟာ စစ်ရှောင်ကာလတလျှောက်လုံး အခက်အခဲတွေ ဆုံးရှုံးနစ်နာမှုတွေနဲ့ မကြာခဏ ဆိုသလို ကြုံတွေ့နေရတာကြောင့် အခုလိုပဲ ရင်ဖွင့်လာတာ ဖြစ်ပါတယ်။

ဒေါ်မှူးလာဟာ ကရင်နီပြည်က စစ်ရှောင်စခန်းတခုမှာ သားဖြစ်သူနဲ့အတူ တဲစုတ်ငယ်လေးတလုံးထဲမှာ နေထိုင်နေကြတာ ဖြစ်ပါတယ်။ သူတို့သားအမိနှစ်ယောက်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာ ထွက်ပြေးလာတာ ၃ နှစ်နီးပါး ရှိနေပြီ ဖြစ်ပါတယ်။

နွေရာသီမှာ အလွန်ပူပြင်းလွန်းတာကြောင့် ဒေါ်မှူးလာတို့ သားအမိနှစ်ယောက်ဟာ ရေမြောင်းငယ်လေးရဲ့နဘေးနားမှာ တဲအိမ်ကလေးထိုးပြီး နေထိုင်နေကြတာ ဖြစ်ပါတယ်။
………….
ရေမြောင်းဘေးမှာ နေထိုင်တာကြောင့် နွေရာသီမှာ ရေကိုဖောဖောသီသီသုံးစွဲနိုင်ပေမယ့် မိုးတွင်းကျတော့ အခက်တွေ့ပါတယ်။ ဒေါ်မှူးလာ ပြောတဲ့ ကံဆိုးမှုကတော့ အဲဒီချိန်မှာ စတင်ခဲ့တာပါ။

ကံမကောင်းစွာနဲ့ပဲ ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာလမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် တောင်ပေါ်က ရေကန်ငယ်လေးတခု ဆည်ပြိုကျပြီး မြောင်းတလျှောက် ရေကြီးလာတာကြောင့် ဒေါ်မှူးလာတို့ သားအမိနေထိုင်တဲ့ တဲအိမ်ကလေးပျက်စီးပြီး ဆုံးရှုံးမှုတွေနဲ့ကြုံတွေ့ ခဲ့ရပါတယ်။

“ငါ့အိမ်တွေ ငါ့ဆန်တွေပါကုန်ရင် ငါဘာသွားစားရမှာလဲ ဆိုပြီးတော့ အိမ်အပေါက်နေ အော်ငိုနေလိုက်တယ်။ အောက်မှာနေတဲ့ တူလေးတယောက်က ဆင်းလာခဲ့ အော်တယ်တဲ့၊ ဘာမှမကြားတော့သလိုပဲ။ ငါ့ပစ္စည်းတွေကြည့်ပြီးတော့မှ ဘုရားစာဆိုလိုက် လုပ်နေတာ၊ သူက ပြေးတက်လာပြီးတော့ ငါ့ကို ဆွဲဆင်းလာတယ်လေ။”လို့ အဲဒီနေ့က ဖြစ်စဉ်ကို ဒေါ်မှူးလာက ပြောပြပါတယ်။
……

အဲဒီအချိန်တုန်းက ဒေါ်မှူးလာရဲ့သားတယောက် အိမ်မှာ ရှိမနေခဲ့ပါဘူး။ ကံသီပေလို့သာ အိမ်နီးနားချင်းရဲ့ ဖေးမကူညီမှုကြောင့် ဒေါ်မှူးလာဟာ အသက်ဘေးကနေ လွတ်မြောက်နိုင်ခဲ့တာပါ။ ဒါပေမဲ့ ဆန်၊ ဆီ၊ ဆား စတဲ့ စားနပ်ရိက္ခာတွေ ပျက်စီး ဆုံးရှုံးကုန်တာကြောင့် ဒေါ်မှူးလာ တယောက် ဝေဒနာတွေအပြည့်နဲ့ ရင်ကွဲလျှက် ထိုင်ငိုနေရုံမှတပါး ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။

ဒီအဖြစ်အပျက်မတိုင်ခင်မှာလည်း ဒေါ်မှူးလာတယောက် ရသမျှ ပိုက်ဆံလေးစုပြီး အရိပ်တကြည့်ကြည့် နဲ့ မွေးမြူထားတဲ့ သူရဲ့ဝက်မကြီးတကောင်ဟာလည်း လမစေ့ဘဲ ဇီးပျက်(ကလေးပျက်ကျ) တာကြောင့် တခါ မျက်ရည်မျက်ခွက်နဲ့ ဖြစ်ခဲ့ရပြီးပါပြီ။
“နေအရမ်း ပူလို့လားတော့ မသိဘူး။ ဝက်က ကလေးမမွေးနိုင်တော့ဘူး။ ၁၀ ကောင်တောင် မွေးတာ အကုန်လုံးသေကုန်တယ်လေ” လို့ ဒေါ်မှူးလာက ပြောပါတယ်။

“ရာသီဥတု ပူပြင်းလွန်းတာကြောင့် ဝက်ကလေးတွေ မအောင်တာဖြစ်မယ် “ လို့ ဒေါ်မှူးလာက ဝမ်းနည်းစွာနဲ့ ပြောပြလာပါတယ်။ သာမန်အခြေအနေမှာတော့ ဝက်ကလေး ဇီးပျက်တာက ဖြစ်လေ့ဖြစ်ထ ရှိပေမဲ့ အခက်အခဲတွေရှိနေတဲ့ စစ်ရှောင်ဘဝမှာတော့ ဝမ်းနည်းမှုက အတိုင်းအဆမရှိပါဘူး။

နောက်ဆုံးမှာတော့ ဒေါ်မှူးလာ တယောက် ဝမ်းစာအတွက်ပိုမိုကြပ်တည်းလာတာကြောင့် သူတို့ရဲ့ ချွေးနှဲစာနဲ့ ဝယ်ထားတဲ့ ဝက်မကြီးကိုလည်း ရောင်းလိုက်ရရှာပါတယ်။ ရက်အနည်းငယ် အကြာမှာတော့ အလှူရှင် လူမှုအသင်းအဖွဲ့ တခုမှ ဒီအဖြစ်အပျက်ကို ကြားသိပြီး ဒေါ်မှူးလာဆီ အရောက်လာခဲ့ပါတော့တယ်။ ဒေါ်မှူးလာနဲ့ တွေ့ဆုံစကားပြောကြပြီး အကူအညီတချို့ကို ပေးခဲ့တယ်လို့ ဆိုပါတယ်။

သားဖြစ်သူမှာတော့ သူတို့စစ်ရှောင်ရာနေရာရဲ့ မနီးမဝေးတနေရာမှာ စေတနာရှင်တဦးက အဖိုးအခမယူဘဲ ချေးငှားပေးထားတဲ့ ခြံကွက်ငယ်ကလေးထဲမှာ နှမ်းစိုက်ပျိုးပြီး အမေအိုကိုလုပ်ကျွေးဖို့ ကြိုးစားနေပါတယ်။ စိတ်မကောင်းစွာဘဲ သူတို့စိုက်ပျိုးထားတဲ့ နှမ်းခင်းလေးကလည်း သူတို့အတွက် ကံအကျိုးမပေးလှပါဘူး။ ဒေါ်မှူးလာက အခုလိုပဲ ဟာသ သဖွယ်ရင်ဖွင့်လာပါတယ်။

“အရင်းက ကျမတို့ ရင်းထားတာ ၅ သိန်းပေါ့နော။ နောက်နှမ်းပေါ်တဲ့ အချိန်ကျတော့ ကျမတို့ ပြန်ရတာက ၆ သိန်းတဲ့လေ။ ၁ သိန်းက တွက်မယ်ဆိုရင် ကျမတို့ရဲ့ လုပ်အားခတောင် မကျန်ဘူးလေနော်။ ဘာသွားစားကြမလဲပေါ့။ အမြဲစဥ်းစားနေတာ။ အဲတာကြောင့်လား မသိဘူးလေ။ ခုနောက်ပိုင်း ခဏခဏ ဖျားနေတယ်”လို့ ဒေါ်မှူးလာကပြောပါတယ်။

ဒေါ်မှူးလာဟာ သူရဲ့ ဆုံးရှုံးမှုကြီးတွေကို စာရေးသူ ကျနော့်ကို ဟာသဇာတ်လမ်းတခုလို တခုပြီးတခု ပြောပြပြီး ဟန်ဆောင် ရယ်ပြုံးနေပေမဲ့လည်း သူရဲ့ ရင်ထဲမှာတော့ ပူပင်သောကတွေနဲ့ ပြည့်နှက်နေမှာ အမှန်ပါပဲ။

အလှူရှင်ကို မျှော်ကိုးပြီး နေထိုင်နေကြရတဲ့ ဒေါ်မှူးလာတို့ သားအမိနှစ်ယောက်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ဧပြီလ မှာတုန်းကလည်း နောက်ထပ် ဆုံးရှုံးမှုကြီးတခုနဲ့ ထပ်မံကြုံတွေ့ရပြန်ပါတယ်။ ကြောက်စရာ ကောင်းတဲ့ လေပွေ(လေပြင်း) ငယ်လေးတခုဟာ မြောက်ဘက်ကနေ သူတို့ တဲလေးရှိရာသို့ တည့်မတ်စွာ ဦးတည်လို့လာနေခဲ့ပါတယ်။ ကံအားလျော်စွာပဲ ဒေါ်မှူးလာတို့ တဲလေးထဲမှာ ဘယ်သူမှတော့ ရှိမနေခဲ့ပါဘူး။

“နှစ်ရက်ဆက်တိုက် လေတိုက်တာကော။ ပထမ တရက်လည်း တော်တော်ပြင်းတယ်။ အပင်တပင်လှဲတယ်။ ပြီးတော့ အလှူရှင်ပေးထားတဲ့ ကြက်တွေမွေးထားတဲ့ ကြက်ခြံပျက်သွားတယ်။ ပြန်ပြင်လိုက်တယ်။ နောက်ရက်ကျတော့လည်း အိမ်ကို ထပ်ထိ။ အိမ်ကတော့ ပျက်ကုန်တာပေါ့။ အရမ်းစိတ်ဆင်းရဲတယ်။”
လို့ ဒေါ်မှူးလာကပြောပါတယ်။

ဒေါ်မှူးလာတို့ လိုစစ်ရှောင်တွေအဖို့ ဒီလိုပျက်စီးဆုံးရှုံးမှုဟာ တပူပေါ် နောက်တပူဆင့်လိုက်တာပါ။ ပျက်စီးသွားတဲ့ တဲလေးမှာမိုးထားတဲ့ မိုးကာအမိုးဟာလည်း ဒေါ်မှူးလာတို့ အပိုင်မဟုတ်ပါဘူး။ အိမ်နီးချင်းတွေဆီက ချေးငှားထားတာသာဖြစ်ပါတယ်။

အဆိုပါ လေပြင်းငယ်ကလေးတိုက်ခိုက်မှုကြောင့် ဒေါ်မှူးလာတို့ တဲကလေး ပျက်စီးဆုံးရှုံးသွားရတဲ့အပြင် နောက်ထပ် စစ်ဘေးရှောင်မိသားစု (၅) စုလောက်ဟာလည်း ဆုံးရှုံးမှုကြီးနဲ့ ကြုံတွေ့ ခဲ့ကြရပါတယ်။

“ဖြစ်တာတော့ သူတို့ မိသားစုတခုတည်းတော့ မဟုတ်ဘူး။ တခြားတော့ စစ်ရှောင်အိမ်တွေလည်း ပျက်စီးတယ်။ ဒါပေမယ့် သူတို့ သားအမိကတော့ ပိုဆိုးတာပေါနော်။ မကြာခဏဆိုသလို ကံဆိုးမှုတွေနဲ့ ကြုံတွေ့နေကြရသလိုပဲ” လို့ စကားစပ်ရင်း အိမ်နီးနားချင်း တယောက်က စာရေးသူ ကျနော့်ကို ပြောဆိုလာပါတယ်။

အခုလို ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ဒုက္ခမျိုးစုံကြုံတွေ့ နေရတာကြောင့် အမေအိုရဲ့ ကျန်းမာရေး ပိုမိုဆိုးရွားလာမှာကို သားဖြစ်သူက စိုးရိမ်ပူပန်နေရှာပါတယ်။

“အဓိကတော့ သူ့ရဲ့ ကျန်းမာရေးပဲ။ စိုးရိမ်တယ်။ ကျန်တာတော့ ဘာမှမဟုတ်ပါဘူး။”

ဒီလို စစ်ရှောင်ဘဝမှာ ဒုက္ခပေါင်းမျိုးစုံ၊ ပြဿနာပေါင်း မျိုးစုံနဲ့ ဒေါ်မှူးလာတို့ သားအမိနှစ်ယောက် တောင့်ခံလာတာ (၃) နှစ်ဝန်းကျင် ရှိနေပါပြီ။ နောက်ထပ် ဘယ်လို ဒုက္ခတွေ ဘယ်လိုကံဆိုးမှုတွေနဲ့ ထပ်မံကြုံတွေ့ရမလဲ ဆိုတာတော့ ဒေါ်မှူးလာအတွက် စိန်ခေါ်မူကြီး တခုပါပဲ။ အသက် ၈၀ ရှိနေပြီဖြစ်တဲ့ ဒေါ်မှူးလာ တယောက် နောက်ထပ်ကျန်ရှိနေသေးတဲ့နေ့ရက်တွေနဲ့ လောကဓံကို ဘယ်လောက်ထိခံစားနေရဦးမလဲလို့ စာရေးသူကတော့ အတွေးနယ်ချဲ့နေမိပါတော့တယ်။

spot_img
spot_img

Recent posts