spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်ဖွဲ့ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်းသိမ်းဆည်းရမိ

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း သေးဆူလဲနဲ့ ပူးဖားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒီကနေ့(စက်တင်ဘာလ ၂ရက်) နေ့ မနက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီတပ်မတော်( KA ) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

“နန်းမယ်ခုံမြို့နယ် ရွာနှစ်ရွာထဲမှာ ရန်သူက အပေါက်တူးပြီးတော့မှ ခြေကုပ်ယူထားတယ်။ သေးဆူလဲရွာနဲ့ ပူဖားရွာ နှစ်ရွာမှာ အဲဒါ ဒီမနက် ကျနော်တို့ KA တပ်ရင်းအမှတ် (၅) တပ်ရင်းနဲ့ ပူးပေါင်းတပ်တွေက မနက် လေးနာရီကျော်ကျော်မှာ ဝင်ပြီးတော့ တိုက်တယ်လေ။ ပစ္စည်းတွေတော့ သိမ်းရတယ်ပေါ့လေ။ အဲဒီရွာမှာရှိတဲ့ ရန်သူက ကျနော်တို့တိုက်ရင်းနဲ့ ဆုတ်သွားတာပေါ့။” လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

မနက် ၄ နာရီကျော်ကနေစတင်ကာ နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဟာ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ၂၀ ဝန်းကျင်ရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ထိခိုက်သေဆုံးမှု တချို့ရှိခဲ့တယ်လို့ သိရပါတယ်။

ပြန်လည်ဆုတ်ခွာလိုက်ရတဲ့ စစ်ကောင်စီတပ်ဟာ လက်နက်ကြီးတွေ၊ လေကြောင်းတွေကိုပါ အသုံးပြုပြီး လာရောက်ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

လက်ရှိမှာတော့ သေးဆူလဲ၊ ပူဖားကျေးရွာမှာ တစ်နှစ်ကျော်ကြာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ကရင်နီတပ်မတော် ( KA ) တပ်ရင်း ( ၅ ) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( KNDF ) ဗျူဟာ ( ၄ ) ၊ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် ( DMO -PDF ) ၊ ကရင်နီပြည်သူ့လွှတ်မြောက်ရေးတပ်ဦး ( ကလလတ ) တို့ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

လက်နက်သိမ်းဆည်းရမိတဲ့ အခြေအနေနဲ့ပတ်သက်ပြီး KNDF ရဲ့ စစ်ဦးစီးချုပ် မာဝီကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လတ်တလောမှာ အသေးစိတ် မဖြေဆိုနိုင်သေးဘူးလို့ ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီကို ဆက်လက်တိုက်ထုတ်မှာဖြစ်တဲ့အတွက် လူထုတွေအနေနဲ့ လက်နက်ခဲယမ်းအကူအညီတွေပေးကြဖို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က တိုက်တွန်းထားပါတယ်။

“တိုက်ပွဲက ရန်သူရှိနေသရွေ့တော့ တိုက်ထုတ်ရမှာပဲလေ။ ကျနော်တို့ ပြည်နယ် ပြန်လွှတ်မြောက်ဖို့အတွက် ကြိုးစားပြီးတော့ တိုက်နေတယ်။ အားလုံးလည်း ကြိုးစားဖို့လည်းလိုတယ်။ အားပေးအားမြောက်ပေးမယ့်သူလည်းရှိဖို့လိုတယ်။ နောက်ပြီးတော့မှ အကူအညီလိုတယ်ပေါ့လေ ရန်သူကို တိုက်ထုတ်နိုင်ဖို့အတွက် ကိုယ့်နယ်မြေနဲ့ ပြန်နေနိုင်ဖို့အတွက် ဆက်ပြီးတော့မှ ကြိုးစားပြီးတိုက်ရမှာပဲ။” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆက်ပြောပါတယ်။

သေးဆူလဲနဲ့ ပူးဖားကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မတ်လအတွင်း စစ်ကောင်စီတပ်က မိုးဗြဲမြို့ကနေတဆင့် ထိုးစစ်ဆင်လာပြီး လာရောက်တပ်စွဲထားခဲ့တဲ့ နေရာဖြစ်ပါတယ်။ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က မကြာခဏ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

spot_img
spot_img