ကန္တာရဝတီတိုင်း(မ်)
စစ်တပ်မှသိမ်းယူထားတဲ့ ဒေသခံတောင်သူတွေရဲ့ မြေယာဟာဆိုလျှင် မြေသိမ်းဥပဒေနှင့်မကိုက်ညီဘူးဆိုရင် ဥပဒေအရတောင်သူတွေထံ ပြန်ပေးရမယ်လို့ တရားလွှတ်တော်ရှေ့နေဦးသိန်းဦးကပြောပါတယ်။
“ပထမဆုံးအချက်ကတော့ ကျတော်တို့မြေသိမ်းတယ်ဆိုရင် ၁၈၉၄ခုနှစ်မြေသိမ်း ဥပဒေအရပဲ သိမ်းလို့ရတာပေါ့နော် ဒါက ဥပဒေကြီးဖြစ်နေတာကိုး အဲ့ဒီဥပဒေနဲ့မညီတဲ့ဟာတွေကို ပြန်ပေးနေကြတာပေါ့နော်။ ပြန်ပေးရမယ် ဒါနိုင်ငံတော် သမ္မတ ကလဲညွှန်ကြားထားတာပေါ့နော်။” လို့ ဦးသိန်းဦးက ပြောပါတယ်။

တောင်သူတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေအတွက် ပြန်ရရှိဖို့ အားကိုးစရာဥပဒေတခုဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိတောင်သူတွေ တရားရုံးကိုထွက်ဆိုချက်တွေအရ တောင်သူဟာဆိုရင် နှစ်ပေါင်း၅၀မကစိုက်ပျိုးလားကြပြီးဖြစ်တယ်ဆိုတာ သက်သေတွေထွက်ဆိုထားတာတွေ့ရကြောင်း၊ နိုင်ငံသားအခွင့်အရေးအနေနဲ့ကြည့်မယ်ဆိုရင် တောင်သူတွေပြန်ရဖို့မြေပဲဖြစ်တယ်လို့ ဦးသိန်းဦးက ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေးတောင်သူတွေကိုစစ်တပ်ကတရားစွဲထားတဲ့အမှုကို အခုလိုသုံးသပ်ပြောဆိုထားပါတယ်။
ဦးသိန်းဦးက “အာဏာရှိတာ မရှိတာနဲ့မဆိုင်ဘူး။ ဥပဒေအရ တောင်သူတွေမှာ အခွင့် အရေးတွေရှိတယ်။ ဥပဒေနဲ့အညီ ရော်ကြေးတွေ ၊နစ်နာကြေးတွေ မရတဲ့အတွက် တောင်သူတွေမှာ အရမ်းနစ်နာနေတယ် ဆိုတဲ့ဟာတွေကိုတော့ ဒီရက် တရားခွင်မှာ ကျတော်ကြားသလို အားလုံးလဲးကြားကြတယ်ပေါ့နော်။” လို့ပြောပါတယ်။
ဒေါဆိုရှေးတောင်သူတွေဟာ တစ်ရွာလုံးမှာမှ စုစုပေါင်း အိမ်ထောင်စု ၂၇ အိမ်ရှိပါတယ်။ အဲဒီထဲကမှ အိမ်ထောင်စု ၁၅ စုထဲက အိမ်ထောင်ဦးစီးတွေ၊ စစ်တပ်ကနေ ရာဇာသတ်ကြီးဥပဒေ ပုဒ်မ (၄၄၇)ပိုင်နက်ကျူးကျော်မှုနဲ့ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက် ဥပဒေ ပုဒ်မ (၆/၁)နဲ့ တရားစွဲဆိုထားပါတယ်။
ဒီလိုပုဒ်မတွေနဲ့တရားစွဲဆိုထားရတဲ့အတွက် တောင်သူတွေမှာ အာမခံမရပဲ ထောင်ချုပ်ခံထားရလို့ မိသားစုအတွက် အလုပ်လုပ်ပေးမည့်သူမရှိတော့ အခက်အခဲတွေတွေ့နေရတယ်လို့ ဥပဒေအိမ်ဥပဒေပညာရပ်ဆိုင်ရာအသင်းမှ ဒါရိုက်တာ ကိုကျော်ဝဏ္ဏအောင်က ပြောပါတယ်။
ကိုကျော်ဝဏ္ဏအောင်က “တစ်ချို့ဆိုရင် သူကိုယ်တိုင်လဲ စွဲခံရတယ် သူ့ခင်ပွန်းနဲ့သားသမီးတွေလဲ စွဲခံရတဲ့ အိမ်တွေရှိတယ်။ အခုဆို သူတို့စိုက်ခဲ့တဲ့ တောင်ယာတွေ၊သီးနှံတွေရိတ်သိမ်းချိန်ရောက်ပီ။
သူတို့ကောင်းကောင်းမရိတ်နိုင်ဘူး။ ဘာကြောင့်လဲ ခုဏဖြစ်တဲ့ပြည်သူပိုင် ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေ ၆/၁ အရ ထောင်၇နှစ်အထိ ချလို့ရတယ်။ ပြစ်ဒဏ်အရဆိုရင် သူတို့ကို အာမခံပေးလို့မရဘူး။” လို့ ပြောပါတယ်။
၂၀၀၃၊ ၂၀၀၄ခုနှစ်နောက်ပိုင်းမှာမှ အမြောက်တပ်(၃၆၀)က တပ်ရင်းလာတည်တဲ့အချိန်မှာ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေးတောင်သူတွေကို ရွှေ့ပြောင်းခိုင်းခဲ့တာဖြစ်ပါတယ်။
ဒေါဆိုရှေးရွာကို ၁၈၇၉ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီးတော့ ယခုတပ်သိမ်းထားတဲ့မြေယာတွေဟာဆိုရင်ဘိုးဘွာစဉ်ဆက် လုပ်ကိုင်စိုက်ပျိုးလာတာဖြစ်ပါတယ်။