spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တရားစွဲဆိုခံနေရသည့် လူငယ်၆ယောက်နှင့်အတူ ရပ်တည်ကြောင်း ကရင်နီလူငယ် ၉ ဦးထုတ်ပြန်

Author

Date

Category

နော်ဒွေးအယ်ခူ

နိုင်ငံသားများ၏ ပုဂိ္ဂုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁ဝဖြင့် ပြည်နယ်အစိုးရကိုယ်စား ဦးသက်နောင်မှကရင်နီလူငယ် ၆ ဦးကို တရားစွဲဆိုမှုနှင့်ပတ်သက်ပြီး လူငယ်၆ယောက်နှင့်အတူ ရပ်တည်ကြောင်း ကရင်နီလူငယ် ခွန်ဘားနက်ဒ်ဘုတ်က ပြောသည်။

၎င်းက “ အဓိကတော့ ဒီစာကြောင့် ကျတော်တု့ိလူငယ် ၆ ယောက်ကို တရားစွဲတယ်လို့ သိရတယ်။ ကျတော်တု့ိ လူငယ်၆ယောက်နဲ့ အတူ ရပ်တည်တယ်ဆိုတာ ပြသခြင်းဖြစ်တယ်။ နောက်တစ်ခုက ထုတ်ပြန်တဲ့ထဲမှာ ထပ်ဖြည့်တာက  လူငယ်၆ယောက် ရေးထားတဲ့ စာသားအောက်မှာပဲ ကြေးရုပ်ရွှေ့ပြောင်းရေးကိုပဲ ကျတော်တို့အနေနဲ့ ဆက်လက် တိုက်တွန်းသွားမယ်ဆိုတဲ့တစ်ခုကိုပဲ ထုတ်ထားတယ်” ဟုပြောသည်။

ယခင် လူငယ် ၆ ဦး ထုတ်ပြန်ထားသည့်အချက်များအပြင် ကန္ဒာဟေဝန် ပန်းခြံတွင် စိုက်ထူထားသော ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအား ရွှေ့ပြောင်းပေးရန် တို်က်တွန်းတောင်းဆိုကြောင်း ထပ်မံဖြည့်စွက်ထားသည်။

လက်ရှိ ထုတ်ပြန်ကြေညာခဲ့သည့် လူငယ် ၉ ဦးမှာ ခွန်းဘားနက်ဒ်ဘုတ်၊ ခွန်းဘွဲ့မှူး၊ ခူးနဲရယ်၊ ခွန်းဂျော်လယ်၊ မော်မိုးမြာ၊ သန်းသန်း၊ ခွန်းအောင်မင်းထွေး၊ စန်းစန်းအေး၊ ခူးနှိုင်းထက် နှင့်  တို့ဖြစ်ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီးကို  နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသားသစ္စာဖောက်များ၊ တိုင်းရင်းသားချစ်ကြည်ရေး၏ရန်သူများ၊ ကျေးဇူးကန်းသူများအဖြစ် ကရင်နီလူငယ် ၉ ဦးမှ ဇွန်လ ရ ရက်နေ့တွင် ထုတ်ပြန်ချက်ထုတ်ပြီး သတ်မှတ်ကြေညာခဲ့ခြင်းဖြစ်သည်။

မတ်လ ၂၅ရက်နေ့ကလည်း အမှုအလိုရှိနေသည့် လူငယ် ၆ ဦးမှ အထက်ပါအတိုင်း ထုတ်ပြန်ချက်ကြေညာခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ်မှ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် တည်ဆောက်ရန် အစပြုခဲ့သည့် အချိန်မှစ၍ ဌာနေတိုင်းရင်းသားအချင်းချင်းအကြားသော်လည်းကောင်း၊ ဌာနေတိုင်းရင်းသားနှင့် အခြားသော ညီအစ်ကိုတိုင်းရင်းသားများအကြားသော်လည်းကောင်း  ပြည်နယ်အတွင်းရှိ ပြည်သူလူထုအကြား သွေးကွဲနေကြပြီး ပဋိပက္ခအသွင်သို့ပင် ရောက်ရှိနိုင်သည့် အနေအထားတွင်ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အမှုအလိုရှိသည့် လူငယ် ၆ ဦးအနက် တစ်ဦးမှာ ဇွန်လ၂ရက်နေ့ ညနေပိုင်းတွင် ဖရူဆိုမြို့အသွား လမ်းတွင် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိတွင် ချုပ်ရမန်ဖြင့် လွိုင်ကော်အကျဉ်းထောင်တွင် ထိန်းသိမ်းခံနေရကြောင်း သိရသည်။

မေလ ၁ရရက်နေ့မှစ၍ ရဲဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ကရင်နီလူငယ်ခေါင်းဆောင် (၆)ဦးတို့၏ နေအိမ်သို့ လာရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်မှာလည်း အမှု အလိုရှိသူများအဖြစ် ထုတ်ပြန်ထားသည်။

“ဒါကတော့ ပြည်နယ်အစိုးရက ဘယ်လိုမျိုး တုံ့ပြန်လာမလဲဆိုတဲ့အပေါ်မှာပဲ မူတည်သွားမှာပေါ့နော။ တခြားတော့ စဉ်းစားထားတာမရှိသေးဘူး” ခွန်းဘားနက်ဒ်ဘုတ်က ဆက်ပြောသည်။

Advertisement

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထု တည်ဆောက်ရေးအား ယခုအချိန်တွင် နိုင်ငံရေးငြိမ်းချမ်းရေးအနေအထားအရ မလုပ်ဆောင်သင့်ကြောင်း ကရင်နီပြည်လူငယ်ထု၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ စာပေယဉ်ကျေးမှုကော်မတိများ၊ လူထုအခြေပြုလူမှု အသင်းအဖွဲ့များမှ အချိန်မှီ တားမြစ်ကန့်ကွက်ခဲ့သော်လည်း ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီးတို့မှ အာဏာလုပ်ပိုင်ခွင့်၊ ငွေကြေးအင်အားအသုံးပြု၍ ဌာနေတိုင်းရင်းသားနှင့် အခြားသော တိုင်းရင်းသားများ၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များကို သွေးခွဲစည်းရုံးသွေးဆောင်ကာ ဖြစ်မြောက်ရေးကော်မတီကို ထိုးကျွေး၍ အတင်းအဓမ္မ ခိုးကြောင်ခိုးဝှက် တည်ဆောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးထားသည်။

ထို့ပြင် ကန့်ကွက်သော ကရင်နီလူငယ်များကို ဖမ်းဆီးတရားစွဲခြင်းနှင့် ဆန္ဒထုတ်ဖော်သော ပြည်သူများကို အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခြင်း၊ စစ်တပ်အး အမိန့်ပေး၍ နှိမ်နင်းမည်ဟု ခြိမ်းခြောက်ခြင်းများသည် အာဏာရှင်ဆန်သောလုပ်ရပ်ဖြစ်ပြီး ပြည်သူအား ရန်သူသဖွယ် ပြည်နယ်အစိုးရ ဝန်ကြီးချုပ်မှ သတ်မှတ်နေခြင်းနှင့် အာဏာရှင်ဆန်သော ပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် လူထုများ သွေးမြေကျခဲ့ရသောကြောင့် ထိုနေ့အား ကရင်နီပြည် လူထုအရေးတော်ပုံနေ့အဖြစ် တရားဝင်ကြေညာလိုက်သည်ဟု ဆိုသည်။

အစိုးရနှင့် ပါဝင်ပတ်သက်မှုမရှိဟု ငြင်းဆိုသော်လည်း ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ရန်ပုံငွေသိန်းတစ်ထောင်ကျော်ကို အုတ်ခုံအတွက် အသုံးပြုခြင်း၊ ကြေးရုပ်အတွက် သိန်းလေးရာ ပံ့ပိုးခြင်းကို လွှတ်တော်ကိုပင် အသိမပေးဘဲ မိမိသဘောဖြင့် သုံးစွဲခြင်းသည် အာဏာအလွဲသုံးစား အဂတိလိုက်စားမှုပင် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

spot_img
spot_img

Recent posts