ကန္တာရဝတီတိုင်း(မ်)
နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကရင်နီလူငယ် ၆ ဦးထဲမှ တစ်ဦးဖြစ်တဲ့ ခူးကြူးဖဲကေး(ခ) ဂူဂူး လွိုင်ကော်မြို့ နယ် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
“၂၅ ရက်နေ့ ၁၁ လပိုင်း ၂၀၁၉ မှာ ကျတော်ထောင်လျော့ရက်နဲ့ ထောင်က လွတ်လာပြီဖြစ်တယ်။ တစ်လက်စတည်းမှာပဲ ထောင်ကနေ လွတ်လွတ်ချင်းမှာ ဘာပြောချင်လဲဆိုတော့ တရားရုံးတွေမှာလည်း ကျတော် ပြောခဲ့သလိုပဲ တိုင်းရင်းသား လူနည်းစုတွေအတွက် အထူးအခွင့်အရေးဆိုင်ရာ ကျင့်စဉ်ဖြစ်တဲ့ effective action တစ်ရပ် ဖြစ်ပေါ်လာအောင် ဆက်လက်ပြီးတော့ ကြိုးစားသွားမယ် တိုက်ပွဲဝင်သွားမယ်။” လို့ ခူးကြူးဖဲကေး(ခ) ဂူဂူး ကပြောပါတယ်။
ခူးကြူးဖဲကေး(ခ) ဂူဂူးကို ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့ပြီး ကျန် ၅ ဦးမှာ ဇွန်လ ၂၁ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ကြတာ ဖြစ်ပါတယ်။ ခူးကြူးဖဲကေး(ခ) ဂူဂူးက ထောင်လျော့ရက်ဖြင့် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီလူငယ်ခြောက်ဦးမှာ ငါးလဝန်းကျင်အမှုရင်ဆိုင်ပြီးနောက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့မှာ ထောင်ဒဏ်ချမှတ်ခံလိုက်ရခြင်း ဖြစ်ပါတယ်။
ထောင်ဒဏ်ခြောက်လ ချမှတ်ခံခဲ့ရသူ ကရင်နီလူငယ်ခြောက်ဦးဖြစ်တဲ့ ကိုဒီးဒီ (ခ)စစ်မုန်း၊ မျိုးလှိုင်ဝင်း(ခ) ခူးပါစကွားလယ်၊ ခွန်းသောမတ်စ်၊ ခူးရီးဒူး ၊ ဂျွန်ပေါလ် နှင့် ခူးကြူးဖဲကေး (ခ) ဂူဂူးတို့မှာ ကြေးရုပ်ထုဖြစ်မြောက်ရေး အဓိကတာဝန်ရှိသူများဖြစ်တဲ့ ကယားပြည်နယ် ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုနှင့် ဝန်ကြီး ဦးမော်မော်တို့ကို နိုင်ငံရေး ရာဇဝတ်ကောင်များ၊ ကရင်နီ အမျိုးသား သစ္စာဖောက်များ၊ တိုင်းရင်းသားများ သွေးစည်းချစ်ကြည်ရေးရဲ့ ရန်သူများ၊ ကျေးဇူးကန်းသူများအဖြစ် ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့တွင် ကြေညာတဲ့ ကြေညာချက်ကြောင့် ကယားပြည်နယ် အစိုးရက နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံရေး ပုဒ်မ ၁၀ ဖြင့် တရားစွဲ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပါတယ်။
ကရင်နီ လူငယ်များအနေဖြင့် ကြေးရုပ်ထုကို အပြီးပိုင်ဖျက်သိမ်းရေး (သို့မဟုတ်) လက်ရှိပြည်သူပိုင်ပန်းခြံမှ ရွေ့ပြောင်းပြီး NLD နှင့်သက်ဆိုင်တဲ့ အဆောက်အဦးနေရာတွင် ပြောင်းရွေ့ပေးဖို့ အဓိကတောင်းဆိုထားပါတယ်။