တရားမျှတဖို့ ရပ်တည်ပြောဆိုပေးမည့် ကိုယ်စားလှယ် တောင်သူတွေမျှော်လင့်နေကြပြီ

မော်ဦးမြာ

ဒေါဆိုရှေး တောင်သူတွေက သူတို့ရဲ့ တောင်ယာကိုပြန်ရနိုင်မလား၊ ဒါမှမဟုတ် သူတို့ကိုတရားစွဲထားတဲ့ စစ်တပ်တွေက သူတို့ကို ဖြေလျော့ပေးမလား၊ ဒါမှမဟုတ် သူတို့မြေပေါ်မှာ သူတို့လုပ်စားနေတာ အခုထောင်ကျခံရတော့မလား စတဲ့လိုက်မမှီနိုင်တဲ့တရားစီရင်ရေးကိစ္စရပ်တွေမှာ သူတို့ အမျိုးမျိုးစိုးရိမ်ကြောက်ကြမှုတွေအပြည့်နဲ့ ဒီးမော့ဆိုမြို့နယ် တရားရုံးရှေ့မှာ နေ့တိုင်းရက်ဆက်ပြီး တရားရုံးရှေ့မှာအရောက်လာနေကြတာကို မြင်တွေ့နေရတယ်။

သူတို့တွေ စစ်တပ်က တရားစွဲထားလို့ အခုလို နေ့တိုင်းတရားရုံးကိုလာရတဲ့ ဒုက္ခက သူတို့အတွက် စားဖို့သောက်ဖို့၊ သွားရေးလာရေးကအစ အခက်အခဲရှိနေကြတယ်။

တရားရုံးကို ရုံးချိန်းတိုင်း မဖြစ်မနေ သွားရောက် ရင်ဆိုင်ရတဲ့အတွက် ဆိုင်ကယ်မစီးနိုင်တဲ့ အမျိုးသမီးတွေအတွက်လည်း သွားလာရေးကခက်ခဲနေပါတယ်။ လိုအပ်တဲ့ ငွေကြေး( ဆိုင်ကယ်ဓာတ်ဆီဖိုး၊ စားစရိတ်)တွေ မရှိတဲ့အတွက် ငွေကြေးကို ချေးငှါးပြီး တရားရုံး သွားနေရတယ်လို့ တရားရင်ဆိုင်နေရသူတွေက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်ထဲက ဒေါဆိုရှေးရွာဟာဆိုရင် အိမ်ခြေရှိတာမှ ၂၈ အိမ်လောက်သာရှိပြီးတော့ အဲဒီထဲက ၁၅ အိမ်လောက်ရှိတဲ့ အိမ်ထောင်ဦးစီးတွေကို စစ်တပ်က တရားစွဲထားပါတယ်။ အဲဒီထဲက ၆ ဦးကိုတော့ ထောင်ချုပ် ကျခံနေရပါတယ်။

တရားစွဲခံထားရတဲ့သူတွေဟာဆိုရင် မိသားစုဆွေမျိုးတော်စပ်ကြသူများဖြစ်ကြပါတယ်။ တရားစွဲခံရတဲ့အထဲမှာ အမျိုးသမီးတွေ မုဆိုးမတွေ ပါဝင်ပါတယ်။ တရားစွဲဆိုခံထားရတဲ့အထဲမှာ အမျိုးသမီးတွေ မုဆိုးမတွေ ၅ ဦးလောက်ပါပါတယ်။

အသက် ၅၀ကျော်ပြီဖြစ်တဲ့ မုဆိုးမ ဒေါ်ညားမာဟာဆိုရင် အခုချိန်မှာသူမအတွက် တရားရုံးသွားဖို့လည်း အခက်အခဲရှိသလို သူမအတွက် သက်ဆက်ရှင်ဖို့က ဒီတပ်သိမ်းထားတဲ့တောင်ယာထဲက သီးနှံတွေနဲ့ပဲ အသက်ဆက်ရှင်ရမယ်လို့သူမရဲ့ မျှော်လင့်ချက်ကို ပြောသွားပါတယ်။

“ သေရင်လည်း သွားမှာပဲ အသက်ရှင်နေရင်လည်း သွားမှာပဲဆိုပြီးတော့ ကျမတို့ တောင်ယာ သွားလုပ်တယ် ကျမတို့ စိုက်စားတယ်လေ အသီးအပွင့်တွေ ရလာမလား မရလာဘူးလားဆိုတာလည်း မသိဘူးလေ ကျမတို့ စားရပါ့မလာ မစားရဘူးလားဆိုတာလည်း မသိဘူး။ တောင်ယာထဲသွားလည်း စိတ်ဆင်းရဲတယ် အိမ်မှာနေရင်လည်း စိတ်ဆင်းရဲရတယ်။ ကျမတို့ကို သတ်ရင်လည်း သတ်ပါစေ။ ဒါ ဘုရားမြေပဲ။ ကျမတို့ သွားလုပ်တယ်။”

မုဆိုးမဖြစ်တဲ့ ဒေါညားမာက ပါးပြင်ပေါ် စီးဆင်းလာတဲ့ မျက်ရည်လေးတွေကို သုတ်ရင်း တုန်ရီနေတဲ့ အသံလေးနဲ့ အားကိုးစရာ ကင်းမဲ့နေသဖွယ် ပြောပြခဲ့ပါတယ်။ ပုဒ်မ ၄၄၇ တရားစွဲတဲ့ခံရတဲ့အထဲ သူမလည်း တရားစွဲခံထားရသူတစ်ဦးဖြစ်ပါတယ်။

ဒေါ်ညားမာလိုပဲ ဒေါဆိုရှေးတောင်သူတွေဟာ တရားစွဲဆိုခံထားနေရချိန်မှာလည်း တောင်ယာအပြင် တခြားသော အလုပ်လုပ်ကိုင်စရာ မရှိတဲ့အတွက် တောင်ယာထဲမှာ ဆက်လက် ထွန်ယက်စိုက်နေကြပါတယ်။ လက်ရှိမှာ စစ်တပ်နဲ့မြေယာအငြင်းပွားမှု ဖြစ်တဲ့ တောင်ယာစိုက်ခင်းမှာ စပါး၊ပြောင်းဖူး၊ပြောင်းကောက်၊မြေပဲ စတာတွေနဲ့ စိုက်ပျိုးထားတာ ဖြစ်ပြီးဖြစ်ပါတယ်။

ဒေါဆိုရှေးဒေသခံတောင်သူတွေဟာ လက်ရှိ အမြောက်တပ် ၃၆၀ တပ်တည်တဲ့နေရာအနီးမှာနေထိုင်ခဲ့ကြတာဖြစ်ပြီး စစ်ဘေးဒဏ်ကြောင့် ၁၉၈၇ ခုနှစ်က ရွာကို စွန့်လွတ်ပြီး ယခု စံပြ ၆ မိုင်ကျေးရွာအနီးမှာ ပြောင်းရွေ့ နေထိုင်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။

လက်ရှိ နေထိုင်ရာ နေရာနဲ့ နေရပ်ဟောင်းက ၂ မိုင်ခွဲလောက်သာ ကွာဝေးတာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက အမြောက်တပ် ၃၆၀ တပ် လာရောက်တည်ထားခြင်း မရှိသေးဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒေါဆိုရှေးတောင်သူတွေကို တရားစွဲဆိုထားတဲ့ အမြောက်တပ် (၃၆၀)ဟာ ၂၀၀၃ ခုနှစ်လောက်မှာပဲ လာရောက်တည်ထားတယ်လို့ သိရပါတယ်။

“မိဘလက်ထက်ကတည်းက ဖိနှိပ်ခံနေရတယ်။ ခေတ်အဆက်ဆက် ဖိနှိပ်ခံနေရတယ် ” လို့

ဒေါ်ညားမာက နိုင်ငံရေး မတည်ငြိမ်မှုကြောင့် နေရပ်ဟောင်းကို စွန့်ခွာသွားရပြီး အိုး၊အိမ်၊စည်းစိမ်များ ဆုံးရှုံးခဲ့ရတဲ့အပြင် နလန်ထူလာတဲ့အချိန်မှာ တဖန် ယခုလို ပြန်လည်ဖိနှိပ်ခံနေရပြန်တယ်လို့ဆိုပါတယ်။

ပုဒ်မ ၄၄၇ နဲ့ တရားစွဲဆိုခံထားရတဲ့ အသက် ၃၄ နှစ်အရွယ် ဒေါကလောမာက နာမကျန်းဖြစ်တဲ့ မိဘနှစ်ပါးကို ပြုစုစောင့်ရှောက်နေရတဲ့အတွက် မှီခိုအားထားစရာ မြေနေရာမှာမရှိရင် သူတို့ဘဝဟာလည်း စားရမဲ့သောက်ရမဲ့ဘဝဖြစ်သွားနိုင်တဲ့အတွက် သူတို့ရဲ့မြေကိုပြန်ရဖို့ပဲ ဆုတောင်းနေမိတယ်လို့ဆိုပါတယ်။

“ ကျမတို့နေရာက တသက်လုံး မိဘဘိုးဘေး လက်ထက်ကတည်းက လုပ်ကိုင်စားသောက်လာတာဆိုတော့ ကျမတို့ပြန်ပြီး လုပ်ကိုင်စားသောက်ရဖို့ပဲ ပြန်လိုချင်တယ်။” လို့ ဒေါ်ကလောမာက ပြောပါတယ်။

တရားစွဲဆိုခံရမှုထဲမပါပေမယ့် တစ်ဦးတည်းနေထိုင်ပြီး အသက်အရွယ်ရလာတဲ့အတွက် မှီခိုအားထားရတဲ့မြေ သိမ်းဆည်းခံရတဲ့အတွက်လည်း နှောင်ရေး စိတ်ပူပန်နေရကြောင်း အသက် ၅၀ အရွယ် အိမ်ထောင်မရှိ တစ်ဦးတည်းနေထိုင်သူ ဒေါ်လှချေးမိုးက ပြောပါတယ်။

ဒေါ်လှချေးမိုးက “ အရမ်းစိတ်ဆင်းရဲတယ်။ ငိုလည်းမငိုနိုင်တော့ဘူး။ ညလည်းငို နေ့လည်း စိတ်ဆင်းရဲရ စိတ်ကလေ သူများ ရေနွေးနဲ့ လောင်းသလိုပဲ ပူကျစ်နေတာပဲ။ စိတ်ဆင်းရဲတာလည်း မခံနိုင်တော့ဘူး။”လို့ ပြောပါတယ်။

ဒါ့ကြောင့် တောင်သူတွေ မှီခိုအားထာနေရတဲ့ မြေ၊တောင်ယာတွေ အခုလို သိမ်းဆည်းခံနေရတဲ့အတွက် မိမိတို့မျိုးဆက်လေးတွေအတွက် အလွန် စိုးရိမ်ပူပန်နေရတယ်လို့ ဒေါဆိုရှေးကျေးရွာမှ မိခင်တွေက ပြောပါတယ်။

လက်ရှိကယားပြည်နယ်ရဲ့ မြေယာသိမ်းဆည်းမှုဟာ ပြည်နယ်အတွင်း အကြီးမားဆုံး ပြဿနာတစ်ခု ဖြစ်နေပါတယ်။ မိုးရာသီ လုပ်ငန်းစချိန်မှာ တောင်သူများအနေဖြင့် နှစ်စဉ်နှစ်တိုင်းလိုလိုကြုံတွေ့နေရသည်မှာ ကိုယ်ပိုင်မြေတွင် လုပ်ကိုင်ရင်း ကျူးကျော်ဝင်ရောက်လုပ်ကိုင်တယ်လို့ဆိုပြီး တရားစွဲခံနေရတဲ့ကိစ္စတွေပါ။

လက်ရှိမှာတော့ ကယား(ကရင်နီ)ပြည်နယ်အတွင်းမှာ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာတောင်သူတွေကို စစ်တပ်က ပိုင်နက်ကျုးလွန်မှု ပုဒ်မ၄၄၇ဖြင့် ၁၁ဦး၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆/၁ ဖြင့် ၂ ဦး၊ ပုဒ်မ၄၄၇နှင့် ပုဒ်မ ၆/၁ (ပုဒ်မ၂ခု) ဖြင့် ၄ဦး စုစုပေါင်း တရားစွဲဆိုခံရသူ ဒေါဆိုရှေ့တောင်သူ ၁၇ ဦးနှင့်လွိုင်ကော်မြို့နယ်အတွင်းတွင် တောင်သူ ၃ ဦး စစ်တပ်က တရားစွဲထားပြီး ၎င်းတို့ထဲမှ လွိုင်ကော်အကျဉ်းထောင်ထဲတွင် ၉ ဦးဖမ်းထားပါတယ်။

ဒီလိုတရားစွဲဆိုခံရသည့်တောင်သူများသည် နေ့စဉ်ရက်ဆက် အလုပ်ပျက်ခံပြီး ရုံးချိန်းသွားလာနေရသည့်အတွက် အမျိုးသမီးတွေမပါ အမျိုးသားတွေပါ အခက်အခဲရှိနေကြသည်။

“ကိုယ်ကလည်း အခက်အခဲရှိတယ် ရုံးချိန်းနဲ့ ဆီဖိုးလည်း မရှိဘူး ဥပမာ တခါတလေ ရုံးမှာ အကြာကြီး သွားနေတဲ့အခါကျတော့ တနေကုန်တို့ နေ့တပိုင်းလောက်နေမယ် မိုးလွှဲပိုင်းလောက်အထိ နေမယ်ဆိုရင် ကျတော်တို့လည်း ဗိုက်ဆာတယ်ဆိုရင် ကိုယ်က စားဖို့ နည်းနည်းတော့ ဆောင်သွားရမယ်ဆိုပြီးတော့ သူများနားမှာ နည်းနည်းပါးပါးတော့ သွားချေးတာတော့ ရှိတယ်။’’ လို့ ပုဒ်မ ၄၄၇ ဖြင့် တရားစွဲဆိုခံရတဲ့ ဦးပကူးက သူ့ရဲ့ အခက်အခဲကို ပြောပြပါတယ်။

တောင်သူများယခုလို အခက်အခဲကြုံတွေ့နေရချိန်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးခဲ့သော်လည်း စစ်တပ်က ဥပဒေအတိုင်းသာသွားမည်ဟု ပြန်လည်ဖြေကြားခဲ့ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲထဲမှာလည်း တောင်သူတွေအရေးက ရှေ့ဆက်တိုးလို့မရနိုင်ခဲ့ပါဘူး။

တခြားသက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အသံတိတ်နေကြပါတယ်။ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်နဲ့ ဌာနဆိုင်ရာတွေ ကွင်းဆင်းပေမယ့်လည်း အခုလို စစ်တပ်က တရားစွဲလာတဲ့အခါမှာ လာရောက်ကူညီပြောဆိုပေးတာတွေ သက်သေထွက်ဆိုပေးတာတွေ တောင်သူတွေဘက်က ရပ်တည်ပြောဆိုပေးတဲ့သူ တွေကမရှိပါဘူး။

အင်အားနည်းတဲ့ တောင်သူအချင်းချင်း၊ ဆွေးမျိုးရင်းခြားနဲ့ တောင်သူအရေးလှုပ်ရှားဆောင်ရွက်ပေးနေတဲ့ အရပ်ဖက်အဖွဲ့ အစည်းတွေကသာ တရားစွဲခံရတဲ့သူတွေဘက် ရပ်တည်ပေးနေတာတွေ့ရပါတယ်။

တောင်သူတွေဟာ တချိန်က သူတို့ရဲ့ဘိုးဘွားစဉ်ဆက်က မြေယာလို့ပြောနေကြပါတယ်။ ဒါတွေကို မြေယာဥပဒေအတိုင်းသွားမယ်ဆိုလျှင် တောင်သူလယ်သမားအကျိုးစီးပွားကို ကာကွယ်ပေးတဲ့ ဥပဒေတွေ ၊ ရပ်တည်ပြော ဆိုပေးမယ့် အသိသက်သေတွေကို တရားစွဲခံရတဲ့ တောင်သူတွေက မျှော်လင့်နေကြပါပြီ။

Comments

comments

Next Post

“ကယားလူမျိုးတို့ရဲ့ လိပ်ပြာခေါ်ပွဲ”

Mon Oct 14 , 2019
မော်ဦးမြာ ရေးသားသည်။ လူမျိုးတိုင်းမှာ ရိုးရာပွဲတွေ ကိုယ်စီရှိကြပါတယ်။ ကယားလူမျိုးမှာလည်း ရိုးရာပွဲတွေ မြောက်များစွာ ရှိပါတယ်။ ဒါ့အပြင် လိပ်ပြာခေါ်ပွဲ(အီလာဇို) ဆိုတာလည်း ရှိနေပါသေးတယ်။ လိပ်ပြာခေါ်ပွဲ(အီလာဇို) ကတော့ အသက်ရှင်နေတဲ့သူတွေရဲ့ လိပ်ပြာကို အသက်ရှင်နေတဲ့ သခင်ထံ ခေါ်လာခြင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီပွဲကိုတော့ ရိုးရာပွဲတွေလိုပဲ နှစ်စဉ်ပုံမှန် ကျင်းပတဲ့ အချိန်ရှိပါတယ်။ အဲဒိုပေါ်မှီ (ခေါ်) ဒီးကူပွဲ မတိုင်ခင်လေးမှာ ပုံမှန်ကျင်းပလေ့ရှိပါတယ်။ “လိပ်ပြာခေါ်တယ်ဆိုတာကဒီလိုပဲလုပ်လေ့လုပ်ထရှိတဲ့ ဓလေ့တခုပဲလေ။ မိရိုးဖလာလုပ်လာခဲ့တာပေါ့။ အကယ်၍ လိပ်ပြာမခေါ်နိုင်လို့ရှိရင် နေ့ကော၊ညကောအခက်ခဲတွေနဲ့ ကြုံရမယ်။ ဖျားနာတာတွေဖြစ်မယ်။ ကြာရင် မျက်စိမိတ်ပြီးသေသွားတာတွေဖြစ်မယ်။ ဒါကြောင့် ကိုယ့်သားသမီးတွေရဲ့ လိပ်ပြာတွေကိုအစုံအလင် သွားခေါ်လာရတာပါ။ ၁၀ယောက်ရှိရင် ၁၀ ယောက်လုံး၊ အယောက် ၁၀၀ […]