spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တိမ်းရှောင်နေတဲ့ ရွာသစ်မြို့ခံ ၇၀၀ ဝန်းကျင်အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး အရေးပေါ် လိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ရွာသစ်မြို့ကနေ တိမ်းရှောင်သွားတဲ့ မြို့ခံလူထု ၇၀၀ ဝန်းကျင်အတွက် စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ နီးစပ်သူတစ်ဦးက ပြောပြပါတယ်။ လက်ရှိမှာ စားနပ်ရိက္ခာ လက်ကျန်မရှိတော့တဲ့ မိသားစုဝင်တွေလည်း ရှိတယ်လို့ သိရပါတယ်။

“စားဖို့သောက်ဖို့တွေက တခါမှ သူတို့ဆီ သူများလာကြည့်တာ မရှိသေးဘူးလေ။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကဘဲ ကျနော် သူတို့ထဲက တစ်ယောက်နဲ့ တွေ့တော့ သူတို့ဆီကို ဘယ်သူမှ မလာကြည့်သေးဘူး ပြောတယ်လေ။ ဆေးဝါးတွေ၊ စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်။ တချို့ကတော့ နည်းနည်းရှိသေးတယ်။ တချို့ကတော့ လုံးဝမရှိတော့ဘူးလို့ ပြောတယ်လေ။ သူတို့ရှောင်လာတာ တစ်လလောက်ရှိပြီလေ။ သူတို့ကိုလည်း ဘယ်သူမှ လာမကြည့်သေးဘူး။” လို့ တိမ်းရှောင်နေတဲ့ ရွာသစ်မြို့ခံလူထုတွေနဲ့ နီးစပ်သူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

အဆိုပါ လူဦးရေ ၇၀၀ ဝန်းကျင်ဟာ သံလွင်အရှေ့ဘက်ခြမ်းတနေရာမှာ တိမ်းရှောင်ခိုလှုံနေကြပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ စတင်တိမ်းရှောင်ကြတာဖြစ်ပါတယ်။ တိမ်းရှောင်နေတဲ့ တစ်လအတွင်း အလှူရှင်တွေ၊ ကူညီပံ့ပိုးသူတွေနဲ့ အချိတ်အဆက်မရတာကြောင့် တစ်စုံတစ်ရာ အကူအညီတွေလည်း မရရှိသေးဘူးလို့ သိရပါတယ်။

“သူတို့သွားနေတဲ့ နေရာလည်း ဝေးတော့လေ၊ အကူအညီပေးနေသူတွေကလည်း သူတို့ဆီကို လက်လှမ်းမမီနိုင်သေးဘူး ဖြစ်နေတယ်။ သူတို့ထဲမှာ မသန်စွမ်းတွေလည်းပါတယ်၊ သက်ကြီးရွယ်အိုတွေလည်း ပါတယ်။” လို့ အဆိုပါ နီးစပ်သူတစ်ဦးက ဆက်ပြောပါတယ်။

တိမ်းရှောင်လာတဲ့အချိန်က သယ်ယူလာနိုင်တဲ့ ဆန်၊ ဆီ စတဲ့ အရေးပေါ် စားနပ်ရိက္ခာတွေဟာလည်း အချိန်ကြာလာတာနဲ့အမျှ နည်းပါးလာသလို ကုန်သွားတဲ့ မိသားစုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်းမှာ စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်ခွင့် မရခဲ့တာကြောင့်လည်း တိမ်းရှောင်လာစဉ်မှာ စားနပ်ရိက္ခာ သယ်ယူလာနိုင်သူ နည်းပါးတယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ ပိုက်ဆံရှိသူတွေက နယ်စပ်က စျေးတွေမှာ သွားရောက်ဝယ်ယူနေပေမယ့် ပိုက်ဆံတတ်နိုင်သူ မိသားစု အနည်းငယ်သာရှိတယ်လို့ သိရပါတယ်။

ရွာသစ်မြို့ခံတွေဟာ မတိမ်းရှောင်ရခင် မြို့တွင်းမှာနေကတည်းက စစ်ကောင်စီတပ်ဝင်ရောက် တပ်စွဲထားမှုကြောင့် နေအိမ်မှာနေထိုင်ခွင့်မရဘဲ မြို့တွင်းက ဘုန်းကြီးကျောင်းတွေမှာ စုပေါင်းနေထိုင်ကြတာ ဖြစ်ပါတယ်။

မြို့တွင်းကနေ တိမ်းရှောင်ဖို့ ကြိုးစားနေတဲ့ မြို့ခံတွေကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ပြီး သေဆုံးသွားတဲ့ အရပ်သား ၆ ဦးအထိ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဆေးကုသခွင့်မရတဲ့ သက်ကြီးရွယ်အိုတစ်ဦးနဲ့ မိန်းကလေးငယ်တစ်ဦးလည်း သေဆုံးခဲ့ရပြီး သေဆုံးသူ ၈ ဦးအထိ ရှိခဲ့ပါတယ်။

spot_img
spot_img

Recent posts