spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ဖားဆောင်းမြို့ပေါ်က နေအိမ်တချို့ ဖောက်ထွင်းခံရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဇွန်လ ဒုတိယပတ်ကစပြီး ဖားဆောင်းမြို့ပေါ်အနီးအနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဖားဆောင်းမြို့ပေါ် ရပ်ကွက်က ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေချိန် နေအိမ်တချို့ဟာ ဖောက်ထွင်းခံရပြီး ပစ္စည်းတွေကို ယူဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားဆောင်းမြို့ပေါ် ရပ်ကွက်က နေအိမ်တချို့ ဖောက်ထွင်းခံရတာဖြစ်ပြီး ဆိုင်ကယ်၊ ဆိုလာပြား နဲ့ အခြားသော အိမ်တွင်းပစ္စည်းတွေကို ယူဆောင်သွားခဲ့တယ်လို့ ပြောပါတယ်။

“တချို့ကျတော့ ဆိုင်ကယ်ယူသွားတာတွေ ပျောက်သွားတာတွေရှိတယ်ပေါ့နော။ တချို့ကျတော့လည်း ဆိုလာပျောက်သွားတာရှိတယ် တချို့ကျတော့လည်း အိမ်ထဲမှာ အဝတ်တွေ ပြန့်ကျဲတာတွေ သူတို့အတွင်းပစ္စည်းတွေ ဝင်ရှာတာလား ဘာလား မသိဘူးပေါ့။ အဲ့လိုတွေရှိတယ်။”လို့ ဖားဆောင်းမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖားဆောင်းမြို့အနီး သံလွင်အရှေ့ဘက်ခြမ်းမှာ ဇွန်လ ဒုတိယပတ်ကစပြီး စစ်ကောင်စီနဲ့ ကရင်နီပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ မြို့ပေါ် ရပ်ကွက်အတွင်း လက်နက်ကြီးကျရောက်မှုတွေကြောင့် ဒေသခံတွေဟာ စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

တိုက်ပွဲဖြစ်ပွားစဉ်က မြို့ပေါ်ရပ်ကွက်က ဒေသခံတချို့က အခြားမြို့နယ်တွေကို ရွေ့ပြောင်းနေထိုင်ခဲ့ကြပြီး အများစုမှာ ဖားဆောင်းမြို့နယ်အတွင်းက ဘေးကင်းရာလို့ ယူဆရတဲ့ နေရာတွေမှာ စုပေါင်းနေထိုင်ကြသူလည်း ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဖားဆောင်းမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားသံမကြားရပေမယ့် ဒေသခံအများစုဟာ မိမိနေအိမ်‌ကို မပြန်ရဲကြဘဲ တိမ်းရှောင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ဇွန်လ ၂၅ရက်နေ့က စစ်ကောင်စီက ဖားဆောင်းမြို့အနီး နန်းကစ်ကျေးရွာအနီးကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦးထိမှန်သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ဝမ်အောင်း(ယင်းတလဲ)ကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးလည်း ထိမှန်သေဆုံးခဲ့တာကြောင့် လေကြောင်းရန်နဲ့ လက်နက်ကြီးပစ်ခတ်မှုကို စိုးရိမ်ထိတ်လန့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

spot_img
spot_img

Recent posts