spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တိုက်ပွဲတွေကြားမှာ ဘေးချိတ်ထားခံနေရတဲ့ စိတ်ဒဏ်ရာတွေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

“ အိမ်ထဲမှာပဲနေတာတောင်မှ ကားတွေသွားလာတာတို့ တံခါးအဖွင့်အပိတ် “ဒုန်းဒုန်း” အသံတို့ကြားဆို စိတ်က လန့် ပဲ လန့်နေတော့တယ်။ လက်နက်ကြီးများ လာကျတာလား အဲ့လိုပဲ တွေးထင်တော့တယ်။”

အသက် ၅၃ နှစ်အရွယ် စစ်ရှောင်အမျိုးသားတဦးဖြစ်တဲ့ ဦးလွှီးဇီ က သူ့ရဲ့ လက်ရှိ ကြုံတွေ့နေရတာတွေကို ပြောပြသွားတာဖြစ်ပါတယ်။ လက်ရှိမှာ သူက ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ထဲက စစ်ရှောင်စခန်းတနေရာမှာ စစ်ရှောင်နေရတာ တနှစ်ကျော် ရှိနေပြီဖြစ်ပါတယ်။

သူကတော့ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ၊ ဧပြီလမှာ စစ်ရှောင်ကျေးရွာအတွင်း လက်နက်ကြီးကျရောက်မှုဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ သူတဦးဖြစ်ပါတယ်။ အနီးနားမှာ လက်နက်ကြီးကျရောက်မှုကြောင့် လက်နက်စထိမှန် ဒဏ်ရာရရှိခဲ့ဖူးပါတယ်။ အဲ့ဒီလို ဖြစ်စဉ် ကြုံတွေ့ရပြီးနောက်မှာတော့ စိတ်လုံခြုံမှု မရှိတော့တဲ့အကြောင်း ဖွင့်ဟလာတာပါ။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် ကစပြီး မြန်မာပြည်သူအများစုဟာ စစ်ကောင်စီရဲ့ အုပ်စိုးမှု၊ တနည်းအားဖြင့် အနိုင်ထက်စီးနင်းပြုလုပ်နေမှု အောက်မှာ အကြောက်တရားတွေနဲ့ နေထိုင်ရသလို၊ တိုက်ခိုက်ခံရမှု၊ ဖမ်းဆီးခံရမှု၊ နေအိမ်မီးရှို့ဖျက်ဆီးခံရတာတွေကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိလာတယ်လို့ ထုတ်ပြန်ချက်တွေက ဖော်ပြလာကြပါတယ်။
အထူးသဖြင့် တိုက်ပွဲဖြစ်တဲ့ ဒေသတွေမှာ ရှိနေသူတွေဟာ အဲ့ဒီပြဿနာကို ပိုခံစားကြရပါတယ်။

၂၀၂၃ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့အထိ ကုလသမဂ္ဂရဲ့နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိလာပြီး ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၆ သန်းကျော်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်တယ်လို့ United Nations OCHA Myanmar ကထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်က အိုးအိမ်စွန့်ခွာတိမ်းရှောင်နေရတဲ့ လူထုတွေရဲ့ နေထိုင်မှု။

ကရင်နီဒေသတွင်း ခုခံတွန်းလှန်စစ် စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မေ ၂၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း ပဋိပက္ခကြားမှာ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ပြေးဒုက္ခသည်ဟာ ကရင်နီဒေသလူဦးရေရဲ့ ၅၁ ရာခိုင်နှုန်းကျော်ရှိလာတယ်လို့ ISP Myanmar ကထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ကရင်နီပြည်မှာဆိုရင် အာဏာသိမ်းပြီးနောက် တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ၂၀၂၁ခုနှစ် မေလနှောင်းပိုင်းကစလို့ စစ်ရှောင်ဦးရေတွေဟာ တစတစ တိုးလာနေပြီး လက်ရှိမှာ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ နဲ့ မိုးဗြဲ မြို့နယ်အပါအဝင် စစ်ရှောင်ဦးရေ ၂ သိန်းခွဲကျော်အထိရှိနေပါတယ်။

စစ်ရှောင်တွေဟာ နှစ်နှစ်ကျော် ကာလအတွင်း အိုးအိမ်စွန့်ခွာနေကြရပြီး ကလေး၊ လူငယ်၊ လူကြီး အားလုံးနီးပါးဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ကြုံတွေ့ခံစားနေကြရတယ်လို့ စစ်ရှောင်တွေ ကိုယ်တိုင် ပြောဆိုလာကြပါတယ်။
“မိုးခြိမ်းတာတို့ဆို သူတို့အသံက လက်နက်ကြီး အသံနဲ့ တူတယ်လေနော။ မိုးခြိမ်းသံလား လက်နက်ကြီးသံလား သေချာနားထောင်ယူနေရတာပါဆို။ မိုးခြိမ်းသံလို့ မထင်တော့ဘူး လက်နက်ကြီးသံလို့ပဲ တန်းထင်တော့တာ။” လို့ စစ်ရှောင် ဦးလွှီးဇီက ဆိုပါတယ်။

တောတောင်ကြား သစ်ပင်အောက် တဲအိမ်မှာနေထိုင်နေရတဲ့အတွက် လေတိုက်လို့ သစ်ရွက်လှုပ်သံကြားရင်တောင် လေယာဥ်အသံ အထင်နဲ့ စိတ်ကလုံခြုံမှု မရှိတော့ဘူးလို့ သူက ဆက်ပြောပါတယ်။

စစ်ပွဲရဲ့ နောက်ဆက်တွဲဒဏ်ကို ကြုံတွေ့ခံစားနေရတဲ့သူတွေအထဲမှာ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ မြေပြင်မှာ တွေ့မြင်နေရတဲ့ အခြေအနေတွေအပေါ် ပြောပြလာသူကတော့ အသက် ၁၇ နှစ်အရွယ် စစ်ရှောင်ကျောင်းသူတဦးဖြစ်တဲ့ မရိုစီလင်း ပဲဖြစ်ပါတယ်။ သူကတော့ ဒီးမော့ဆိုမြို့နယ်ထဲမှာ စစ်ရှောင်နေတဲ့ သူဖြစ်ပါတယ်။

“ လက်နက်ကြီးကျတော့ ပုန်းခိုကျင်းထဲ ပြေးဝင်ကြတယ်ပေါ့။ ကျမတို့ မျက်နှာချင်းဆိုင်အိမ်က ကလေးတွေလည်း ပြေးလာကြတယ်။ ပုန်းခိုကျင်းထဲ တကုန် ပြေးဝင်ကြတယ်။ အဲ့လို သူတို့ တအားကြောက်ကြတယ် အသက်ရှူသံတွေလည်း ပြင်းလို့ပေါ့။ ဖိနပ်စီးဖို့တောင်မေ့ကြတယ် တအားကြောက်ကြလို့။ “ လို့ မရိုစီလင်း ကပြောပါတယ်။

လုံခြုံမှုမရှိတဲ့နေရာတွေကြားမှာ အသက်ကို ဖက်နဲ့ ထုပ်၊ ဘုရားတပြီး နေထိုင်ရုံမှတပါး အားကိုး မရှိဘူးလို့သူကဆိုပါတယ်။
အဲ့ဒီလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေမှာ ထိတ်လန့်စရာြဖစ်စဉ်တွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ သူတွေမှာ ပိုပြီး ခံစားရတယ်လို့ စစ်ရှောင်တွေကိုကူညီပေးနေတဲ့ အမျိုးသားတဦးက ပြောပြတယ်။

“ မိသားစုကိုလည်း စိုးရိမ်ရတယ် ပြေးရမယ်ဆိုရင် ပူပန်ရတယ်လေနော၊ ဟို ကလေးကို ဆွဲရမလား၊ ဒီကလေးကိုဆွဲရမလား စသည်ဖြင့်ပေါ့၊ ကားသံကြားတာနဲ့‌ လေယာဉ်လာတာလားဆိုတဲ့ စိုးရိမ်စိတ်ပေါ့။ ကလေးကို မဆွဲခင် သေချာအောင် နားထောင်ရတဲ့ ပုံစံမျိုး၊ အမျိုးသားတွေကတော့ ရှိချင်ရှိမယ်ပေါ့ ပိုနည်းမယ်၊ အိမ်ထောင်သည် အမျိုးသမီးတွေပိုအဖြစ်များမယ်လို့ ယူဆတယ်ပေါ့။ “ လို့ စစ်ရှောင်ကူညီသူ အမျိုးသားတဦးက ပြောပြပါတယ်။

စစ်ရှောင်စခန်းတစ်နေရာက လက်နက်ကြီး၊ လေကြောင်းရန်ကနေ ကာကွယ်ဖို့ ပြုလုပ်ထားတဲ့ ပုန်းခိုကျင်း။

ကရင်နီပြည်မှာ အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ခုနှစ် ဩဂုတ်လ ၃၁ရက်နေ့အထိ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ ခြောက်ရာ ကျော်ရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)က ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ရှောင်တွေဟာ ထပ်ဆင့်ထပ်ဆင့် ထွက်ပြေးတိမ်းရှောင်နေရသလို၊ မူလနေထိုင်ရာ အိုးအိမ် ၊ မြို့ရွာတွေဟာ စစ်ဒေသဖြစ်သွားရပြီး ပြန်လာနေထိုင်လို့မရတော့တာတွေ၊ နေအိမ်မီးလောင် ပျက်စီးဆုံးရှုံးတာတွေလည်း ကြုံတွေ့နေကြရတာပါ။

ကရင်နီဒေသတွင်း လက်နက်ကိုင် ပဋိပက္ခကြားမှာ စစ်ကောင်စီဘက်က အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ထိခိုက်ပျက်စီးရတဲ့ နေအိမ် အဆောက်အဦးတွေရှိနေပြီး၊ ၂၀၂၁ ခုနှစ်၊ မေ ၂၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဧပြီ ၃၀ ရက်အတွင်းမှာ ပျက်စီးသွားတဲ့အဆောက်အဦး အရေအတွက် ၇၁၄ ခု ထက်မနည်း ရှိခဲ့တယ်လို့ ISP Myanmar ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ဒီ အဆောက်အဦး ၇၁၄ ခု ထဲမှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေနဲ့ ဘာသာရေး အဆောက်အဦးတွေအပြင်၊ စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ ကျေးရွာတွေထဲက အိမ်တွေနဲ့ စစ်ဘေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ အရပ်သားတွေရဲ့ နေအိမ်တွေလည်း ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ရှောင်ပြည်သူတွေနေထိုင်ရာ နေရာဒေသတွေမှာ လက်နက်ကြီးကျရောက်တာတွေ၊ လေကြောင်းဗုံးကြဲခံရတဲ့ ဖြစ်စဉ်တွေကြောင့်လည်း စစ်ရှောင်ပြည်သူတွေ သေဆုံးတာတွေရှိနေသလို အဲ့ဒီလို ဖြစ်စဉ်တွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားလာနေရပါတယ်။
တချို့ စစ်ရှောင်ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ ကိုယ်ဝန်ပျက်ကျတာတွေ ရှိလာသလို၊ ကိုယ့်ကိုယ်ကို အဆုံးစီရင်တာတွေအထိ ရှိလာနေတာကို တွေ့ရှိရတယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။

စစ်ရှောင်စခန်းတခုမှာ နေထိုင်နေတဲ့ အမျိုးသမီးတဦးကတော့ ၂၀၂၂ခုနှစ်အတွင်း သူနေထိုင်တဲ့နေရာမှာ စစ်ရှောင်အိမ်ထောင်သည်အမျိုးသမီး ၂ ဦးနဲ့ ရဲဘော်တဦး အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့ ပြောပြလာပါတယ်။

“အမျိုးသမီးတယောက်က ရွာတအားပြန်ချင်တာ၊ အန္တရာယ်များတယ်ပေါ့ ပြန်လို့မရဘူး စစ်ကောင်စီ လည်းရှိတယ်။ အန္တရာယ်များတယ်ပြောတော့ မပြန်ရကောင်းလားဆိုပြီးတော့မှ ပြန်ချင်တဲ့ဇောနဲ့ သူ့ကိုယ်သူ အဆုံးစီရင်လိုက်တယ်ပေါ့နော” လို့ အဆိုပါစစ်ရှောင်စခန်းတခုမှာနေထိုင်တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

ဒါ့အပြင် ကလေးနှစ်ယောက်အမေ အမျိုးသမီးတဦးဟာလည်း သူ့ရဲ့အမျိုးသားနဲ့ စကားများရင်း ကြွက်ဆေးသောက်လို့ သေဆုံးတာရှိသလို၊ တိုက်ပွဲအတွင်း သူ့ရှေ့မှာ သူရဲ့သူငယ်ချင်းဖြစ်သူက သွေးသံရဲရဲနဲ့ သေဆုံးသွားတာကို မြင်တွေ့ခဲ့ရတဲ့အတွက် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ ရဲဘော်တယောက်လည်း ရှိခဲ့တယ်လို့ သူကဆက်ပြောတယ်။

လုံခြုံရေးစိုးရိမ်ရတာတွေ၊ ဒေသတွင်းတိုက်ပွဲ အခြေအနေတွေအပြင်၊ စစ်ရှောင်ကာလအတွင်း ဝင်ငွေရတဲ့ အလုပ်အကိုင်တွေ ရှားပါးလာသလို စားဝတ်နေရေး ခက်ခဲလာတာတွေကလည်း စစ်ရှောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ပိုပြီးထိခိုက်လာစေပါတယ်။

ကရင်နီပြည်တွင်းက အစုအဖွဲ့တွေ ဖြစ်တဲ့ ကရင်နီအမျိုးသမီးအစည်းအရုံး၊ ကယန်းအမျိုးသမီးအစည်းအရုံး၊ အရပ်ဖက်အဖွဲ့အစည်းတချို့ နဲ့ စစ်ရှောင်ကူညီသူတချို့၊ အလှူရှင်အဖွဲ့တွေနဲ့ လူငယ်တွေကနေပြီး စစ်ရှောင်စခန်းတွေမှာ ခဏတာ ကပြဖျော်ဖြေပေးတာတွေ၊ counseling (နှစ်သိမ့် ဆွေးနွေးပေးတာ) တွေကို လုပ်ဆောင်ပေးတာ ရှိပါတယ်။

စစ်ရှောင်နေရာတစ်ခုမှ စစ်ရှောင်ကလေးငယ် တချို့ နေထိုင်မှု။

ဒါပေမဲ့ အဲ့ဒီလို လှုပ်ရှားမှုတွေက စစ်ရှောင်တွေအတွက် ခဏတာ စိတ်ဖြေလျော့စေတာဖြစ်နိုင်ပေမဲ့ ရေရှည်အတွက် စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို ကုစားပေးနိုင်တာ မရှိသေးဘူးလို့ ကယန်းအမျိုးသမီးအစည်းအရုံး တွဲဖက် အတွင်းရေးမှူး(၂) မအန်းဂျလာက ပြောပါတယ်။

“ အနည်းဆုံးတော့လေ သူတို့ အရမ်းနဲ့ စိတ်ခံစားမှုတွေဖြစ်တဲ့အချိန် ၊ စိတ်ဓါတ်တွေ ကျတဲ့အချိန် မှာ သူတို့ ရင်ဖွင့်ဖို့ပေါ့၊ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ခွင့်ရလိုက်တယ်ပေါ့နော။ သူတို့ရဲ့အခက်ခဲကို ကျမတို့ လေးလေးစားစားနဲ့ နားထောင်တယ်၊ ပြီးတော့ နှစ်သိမ့်ပေးတယ်ပေါ့၊ အနည်းဆုံးတော့ လတ်တလောမှာက စိတ်နည်းနည်းတော့ ဖြေလျော့သွားမယ်လို့ ထင်တယ်ပေါ့နော။ “

ကလေးတွေအပါအဝင် စစ်ရှောင်တွေကိုယ်တိုင်မှာဆိုရင် လက်နက်ကျသံ၊ လေယာဉ်ဝဲသံတွေ ကြားရင် စိုးရိမ်ထိတ်လန့်စိတ်က တပြိုင်တည်းခံစားနေကြရပေမဲ့၊ သူတို့ကိုယ်တိုင်ကတော့ ကြောက်တယ် ဆိုရုံမှတပါး စိတ်ဒဏ်ရာတွေ ခံစားနေကြရတယ်ဆိုတာကိုတော့ အများစုက သတိမထားမိကြပါဘူး။
နေ့ရက်တိုင်းကို အကောင်းဆုံး ပျော်အောင်ပဲ ဖြတ်သန်းနေနေရတယ်လို့ စစ်ရှောင်အမျိုးသမီးတဦးက အခုလိုပြောပါတယ်။

“ အဲ့လိုပဲ ကိုယ့်ကိုယ်ကို ပျော်အောင်နေရတာပေါ့။ စစ်မရှောင်ရသလိုပဲ၊ ကြိုးစားပြီးတော့ အလုပ်ခေါ်ရင် လိုက်သွား၊ အဲလိုပဲ ပျော်ပျော်နေလိုက်တယ်။ စိတ်ထိခိုက်အောင်ပဲ စဉ်းစားနေရင် ကိုယ်ပဲ စိတ်ဆင်းရဲတယ် အဲလိုမျိုးပဲ ပြောရမှာပေါ့၊ အဲဒါကို ပျော်ပျော်ပဲ ဖြတ်သန်းရင်တော့ ကိုယ့်စိတ် အဲလောက်မထိခိုက်ဘူးပေါ့နော။ ဖြေလျော့လိုက်ပေါ့။ သူများလည်း အဲလို စစ်ရှောင်နေရတာပဲ။ ပျော်ပျော်နေလိုက်ရင် ပိုပြီးတော့မှ ကောင်းတယ်လို့ ထင်တယ်ပေါ့နော။ “လို့ စစ်ရှောင်အမျိုးသမီးတဦးက အခုလိုပြောပါတယ်။

စစ်ရှောင်နေရာတချို့မှာတော့ ကရင်နီပြည်မှာရှိတဲ့ အစုအဖွဲ့တချို့တွေကနေ စစ်ရှောင်တွေကို လာရောက်နှစ်သိမ့်အားပေးတာတွေ ရှိပြီး ပိုမိုလုပ်ဆောင်ခိုင်းစေချင်တယ်လို့ သူက ဆက်ပြောသွားပါတယ်။
လက်ရှိကရင်နီပြည်ရဲ့ စစ်ရေးအခြေအနေတွေအရ စစ်ရှောင်ဦးရေတွေ ပိုတိုးလာသလို စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာပိုင်းရရှိမှု၊ ကျန်းမာရေးပိုင်းနဲ့ ပညာရေးပိုင်းတွေမှာ ပိုမိုဦးစားပေးလုပ်ဆောင်နေရတဲ့အတွက်လည်း စိတ်ပိုင်းဆိုင်ရာကုစားမှုတွေကို လက်လှမ်းမီ သလောက်သာ ဆောင်ရွက်ပေးနိုင်တဲ့ အနေအထားမှာသာရှိနေတာဖြစ်တယ်လို့လည်း မအန်းဂျလာက ဆိုတယ်။

ဒါ့အပြင် လက်ရှိကာလမှာလည်း ခုခံတော်လှန်ရေးအရှိန် မြှင့်တက်နေဆဲဖြစ်သလို စစ်ရှောင်တွေအတွက် စိတ်ပိုင်းဆိုင်ရာ ကုစားမှုတွေ သေချာပြုလုပ်ပေးနိုင်ဖို့ ခက်ခဲဦးမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“အပြန်အလှန်ဖေးမကူညီမှုတွေ နဲ့ ကျမတို့ ဆက်သွားမယ်ဆိုရင်တော့ စိတ်ဒဏ်ရာက နည်းနည်းပိုလျော့နည်းမှာ ဖြစ်တယ်။ ဒီဟာတွေ မလုပ်ဘဲ လျစ်လျူရှုမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ဆိုးဝါးလာပြီး အသက်အန္တရယ်ထိခိုက်လာမှာကို စိုးရိမ်ရတယ်။ “ လို့ ကယန်းအမျိုးသမီး အစည်းအရုံး ရဲ့ တွဲဖက် အတွင်းရေးမှူး(၂) မအန်းဂျလာက ပြောဆိုသွားပါတယ်။

spot_img
spot_img

Recent posts