spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တိုက်ပွဲပြင်းထန်မှုကြောင့် ဒီးမော့ဆို ဒေသခံ ၃ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်ရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၊ ကရင်နီတပ်မတော် KA တို့ တိုက်ပွဲပြင်းထန်မှုကြောင့် မတ်လ ၉ ရက်နေ့ ကစပြီး ဒေသခံ သုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

“မနေ့ညကနေရှောင်တာ အခုထိ ဆက်ထွက်တုန်းပေါ့နော။ ကုန်သလောက်တော့ ဖြစ်သွားပြီပေါ့။ အခုတော့ လက်ကျန် လူနည်းနည်းပဲ ကျန်တယ်။ အဲ့တော့ လူဦးရေ သုံးထောင်ကတော့ လုံးဝကို အသစ်စက်စက်ပေါ့။ တခါမှကို စစ်မရှောင်ရသေးတဲ့သူတွေ ဖြစ်တယ်ပေါ့နော။ တချို့ကတော့ စစ်ရှောင်တွေ လာနေခဲ့တဲ့ လူတွေလည်း ရှိပါတယ်။ အကုန်လုံးပေါင်းလိုက်ရင်တော့ ကျနော်တို့က ရွာခံတွေ အဓိက များတယ်ပေါ့နော။ ရွာခံတွေ များတော့ သုံးထောင်နဲ့အထက်တော့ ရှိနိုင်တယ်ပေါ့နော” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဆရာဗညားက ကန္တာရဝတီတိုင်း(မ်) ကို အတည်ပြုပြောကြားပါတယ်။

ယမန်နေ့ မတ်လ ၉ ရက်နေ့မှာ ဘောလခဲကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်KA ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တို့ တိုက်ပွဲဖြစ်ပွားနေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီးမော့ဆိုမြို့နယ် ၆ မိုင်ကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းနဲ့လည်း တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။

“အသားကုန်ပဲ ပစ်နေကြတာ။ ပြေးတဲ့သူတွေကလည်း ပြေးနေကြတယ်။ ပြေးလည်းဒီလိုပဲ မပြေးလည်း ဒီလိုပဲ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ကနေလည်း လက်နက်ကြီးတွေ နေ့စဉ်နဲအမျှ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။ ဒါ့အပြင် ကင်းထောက်လေယာဉ်တွေလည်း နေ့စဉ်ပျံသန်းနေပြီး ဘောလခဲ၊ ဖရူဆိုမြို့နယ်ရှိ အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းမှာလည်း စစ်အင်အားဖြည့်တင်းတာ၊ ရိက္ခာဖြည့်တင်းတာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီး ခူညေးရယ်က ပြောပါတယ်။

“အခု ဒီတစ်ရက်နှစ်ရက်မှာကတော့ ဘောလခဲကနေ ထိုးလာတာရှိတယ်။ နောက်ပြီးတော့ ဒီမနက်ဆို ဒီးမော့ဆိုအပေါ်ဖက်ပေါ့ ကန်ခုနှစ်ဆင့်ဖက်ကနေ ထိုးလာတာရှိတယ်ဆိုတော့ အပေါ်ရောအောက်ရော သူတို့ ( စစ်ကောင်စီ ) ဒီးမော့ဆိုအရှေ့ခြမ်းကို ဝိုင်းပြီးတော့မှ သူတို့နယ်မြေရှင်းလင်းရေး လုပ်မဲ့ အနေအထားတော့ ရှိတာပေါ့။” လို့ ဝန်ကြီး ခူညေးရယ်က ဆက်ပြောပါတယ်။

“အခု ရုတ်တရက်ထပြေးတဲ့အတွက်ကြောင့်မို့လို့ သူတို့နဲ့ ပါနိုင်တဲ့ဟာတော့ ပါသွားတာပေါ့နော။ ဥပမာအားဖြင့်ဆို ဆန်၊ဆီ၊ဆားတော့ နည်းနည်းပါးပါးတော့ သယ်ယူသွားတယ်။ စားနပ်ရိက္ခာ နည်းနည်းပါးပါးပါတယ် ဆိုတဲ့ဟာတော့ ဒါပေမယ့် ပိုပြီးတော့ စိုးရိမ်တာက ဆေးဝါးပါ။ ဆေးဝါးနဲ့ ဆေးပိုင်းဆိုင်ရာ လူပုဂ္ဂိုလ်တွေ နည်းတယ်ပေါ့နော အစကတည်းကလည်း နည်းတယ်။ ဒါကြောင့်မို့လို့ အခုလိုမျိုး တောထဲတောင်ထဲမှာ လမ်းဘေးမှာ တောကြိုတောင်ကြားမှာ နေပူပူမှာ ပြေးနေရတဲ့အတွက်ကြောင့်မို့လို့ ဒီရက်ပိုင်းအတွင်းမှာ စိုးရိမ်ရဆုံးကတော့ ကျန်းမာရေးပိုင်းဆိုင်ရာ စိန်ခေါ်မှု အခက်အခဲပေါ့နော။ နောက်ပြီးတော့ အမိုးအကာလေးတွေကတော့ လက်ရှိကို လိုအပ်ချက်ရှိနေပါတယ်” လို့ ဆရာဗညားက ဆက်ပြောပါတယ်။

ဒီးမော့ဆိုအရှေ့ခြမ်းမှာဆိုရင် စစ်ရှောင်ဦးရေ တစ်သောင်းခွဲအထိ ရှိလာပြီ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts