spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တိုက်ပွဲဖြစ်ပွားတဲ့ဒေသက ဒေသခံတောင်သူတွေ စပါးမရိတ်သိမ်းနိုင်မှာကို စိုးရိမ်နေကြ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စပါးစတင်ရိတ်သိမ်းတဲ့ ကာလဖြစ်တာကြောင့် တိုက်ပွဲဖြစ်ပွားနေတဲ့နေရာအနီးတစ်ဝိုက်က ဒေသခံတောင်သူတွေဟာ စပါးမရိတ်သိမ်းနိုင်မှာကို စိုးရိမ်နေကြပြီး လာမယ့်နှစ်အတွက် စားဝတ်နေရေးခက်ခဲမှာကို ပူပန်နေကြရပါတယ်။

“လက်ရှိအခြေအနေအရပေါ့နော ၁၁ လပိုင်းကျရင် ရိတ်ရမယ့် စပါးပေါ့။ စိုးရိမ်တယ် ဘယ်ချိန်ပြေးရမလဲ ပြီးရင် လက်နက်ကြီးလည်း ခနခနလာတယ် လေယာဉ်လည်း လာဝဲတယ် ဆိုခါကျတော့ ဒီတစ်နှစ်ရဲ့ စပါးကို ရိတ်နိုင်လား မရိတ်နိုင်ဘူးလား စိုးရိမ်ကြတာပေါ့နော။ အကယ်၍ မရိတ်နိုင်ဘူးဆိုရင် ဒီတစ်နှစ်စာအတွက်က ဆန် စားရဖို့ မရှိဘူးပေါ့နော ဆိုတော့ စိုးရိမ်မှုတွေ ရှိကြတယ်။” လို့ တောင်သူတစ်ဦးက ပြောပါတယ်။

ဘောလခဲမြို့ကို ဦးတည်သွားတဲ့ စစ်ကောင်စီရဲ့ ထောက်ပို့ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကနေ ကြားဖြတ် တိုက်ခိုက်နေတာကြောင့် ဖရူဆိုမြို့နဲ့ ဘောလခဲမြို့ အစပ် နန်းဖဲကျေးရွာနဲ့ အနီးအနားမှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

ဒါကြောင့် တောင်ယာကိုသာ အဓိက အားထားလုပ်ကိုင်နေကြတဲ့ ဒေသခံတောင်သူတွေဟာ လက်ရှိမှာ ရိတ်သိမ်းကာလဖြစ်တာကြောင့် မရိတ်သိမ်းနိုင်ကြသေးဘဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

လက်ရှိမှာတော့ ရိတ်သိမ်းလို့ ရပြီဖြစ်တဲ့ စပါး တချို့ကို စိုးရိမ်ထိတ်လန့်မှုတွေကြားနေ တချို့သော တောင်သူတွေဟာ ပြန်လာရိတ်သိမ်းနေကြတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ တောင်ယာတွေထဲကို လက်နက်ကြီးတွေ ပစ်ခတ်လေ့ရှိတာကြောင့် လူစုပြီး တောင်ယာသွားတာကို မလုပ်ရဲဘူးလို့ ဖရူဆိုမြို့နယ်က တောင်သူတစ်ဦးက ပြောပါတယ်။

“အခုဆို ပြန်နေတဲ့သူဆိုရင် သူတို့စပါးပြန်ရိတ်ကြတာပေါ့နော။ လုံခြုံရေးအရဆိုရင် စိုးရိမ်တယ် ဘာလို့လဲဆိုရင် တောင်ယာက လမ်းမကြီးနဲ့နီးတော့ တစ်ခါတစ်လေဆိုရင်လေ လက်နက်ကြီးနဲ့ထုလာတာရှိတယ်ပေါ့နော လက်နက်ကြီးနဲ့။ အများကြီး သွားစုပြီး မနေရဲဘူး ကိုယ့်ဟာကိုပဲ သွားကြတယ်။ ခါတိုင်းနှစ်တွေမှာ အစုလိုက် စပါးသွားရိတ်ကြတယ် စပါးပုတ်ကြတယ်။ ဒီနှစ်တော့ လူများတာ တွေ့လို့ရှိရင် ထုလာမှာစိုးလို့ ကိုယ့်ဟာကိုယ်ပဲ သွားရိတ်ရတယ် အဲ့လိုမျိုးတွေရှိတယ်။ ပြီးတော့ လေယာဉ်လာလို့ရှိရင်လည်း ကြောက်ခါကျတော့ မသွားရဲကြဘူး။ သွားရဲတဲ့သူပဲ သွားကြတယ် မသွားရဲတဲ့သူတော့ မသွားကြဘူးပေါ့။”လို့ သူက ပြောပါတယ်။

တောင်ယာစပါးကို စက်တင်ဘာလ လယ်မှာ စတင်ပြီး ရိတ်သိမ်းရတာဖြစ်ပြီး တောင်ယာ တစ်ခင်းကို အနည်းဆုံး စပါး ၁၅ အိတ်ကနေ အများဆုံး ၆၀ ထိ ရရှိတာကြောင့် တစ်နှစ်စာ ရိက္ခာအတွက် အဆင်ပြေပေမယ့် တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် မရိတ်သိမ်းနိုင်တော့ဘဲ စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်နေကြတာပါ။

တိုက်ပွဲဖြစ်ပွားမှုကြောင့် တောင်ယာမရိတ်သိမ်းနိုင်သေးသလို အနည်းဆုံး ကျေးရွာ ၆ ရွာက ဒေသခံတွေဟာလည်း စစ်ရှောင်နေကြရပြီး စားနပ်ရိက္ခာ လိုအပ်မှုရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts