spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တိုက်ပွဲလက်ကျန်မိုင်းတွေကြောင့် ဖရူဆို တောင်ဘက်ခြမ်းရှိ ကျေးရွာနှစ်ရွာက ဒေသခံတွေ နေရပ်မပြန်ရဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်တောင်ဘက်ခြမ်းက ကျေးရွာ၂ ရွာမှာ မပေါက်ကွဲသေးတဲ့ လက်ကျန် လက်နက်ကြီးကျည်နဲ့ မြေမြှုပ်မိုင်းတွေကြောင့် ဒေသခံတွေ နေရပ်မပြန်ရဲသေးဘူးလို့ ပြောပါတယ်။

မြေမြှုပ်မိုင်းနဲ့ လက်နက်ကြီး မတော်တဆပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့် ဖရူဆိုမြို့နယ်မှာ အနည်းဆုံး လူနှစ်ဦးသေဆုံးပြီး ခုနှစ်ဦးအထိ ထိခိုက်ဒဏ်ရာရတာ ရှိခဲ့တယ််လို့ ဒေသခံတွေက ပြောပါတယ်။

“အဲ့ဘက် တကျောက စစ်သားတွေ ရောက်တဲ့နေရာတွေပဲ။ မသိဘဲ မြို့ထဲပြေးပြီး တစ်ခါပြန်လာတဲ့ လူတွေလည်း ရှိနေတော့ အဲ့မှာရှိတဲ့ ကျေးရွာနှစ်ရွာ သွားလာရင်း မိုင်းနင်းတာရှိတယ်။ ကားနဲ့ တာယာပြုတ်ထွက်တဲ့ အထိဖြစ်တယ်။ ရေသွားသယ်ယူနေတဲ့ လမ်းတွေမှာ မိုင်းတွေရှိနေသေးတော့ သွားလာဖို့ စိုးရိမ်စိတ်တွေ ရှိနေဆဲဖြစ်တယ်။”လို့ ဖရူဆိုဒေသခံတစ်ဦးက ပြောပါတယ်။

လူနေအိမ်တချို့မှာလည်း မပေါက်ကွဲသေးတဲ့ လက်နက်အကြွင်းအကျန်တွေရှိနေတာကြောင့်လည်း ဒေသခံတွေကစိုးရိမ်နေကြတာပါ။

ဒါ့အပြင် ကျွဲ၊ နွား စတဲ့ တိရစ္ဆာန်တွေ လွှတ်ကျောင်းရတဲ့ စားကျက်မြေနေရာတွေမှာလည်း မိုင်းတွေရှိနေတာကြောင့် မိုင်းနင်းမိတဲ့ တိရစ္ဆာန်တွေ သေဆုံးသွားတာလည်း ရှိနေပါတယ်။

“ရွာပြန်တာ မပြန်ရဲကြဘူးပေါ့။ တောင်ယာပြန်လုပ်တာ တချို့ရှိတယ်၊ သွားလိုက် ပြန်လိုက်ပဲပေါ့ မအိပ်ရဲကြဘူး။ ရွာထဲ ဝင်ဖို့ ကြောက်တယ်၊ ကိုယ့်အိမ်နဲ့ကိုယ်လောက်ပဲ ပြန်တယ်၊ ခြံပြန်ရှင်းတာလောက်ပဲ ရှိတယ်။ ယာခင်း၊ တောင်ယာတွေ သွားဖို့ ကျမတို့မသွားရဲဘူး၊ စိုးရိမ်နေရတယ်။” လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ကျေးရွာတွေမှာ ဒေသခံတွေက ပြန်လာနေထိုင်လိုကြပေမဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် စိုးရိမ်မှုတွေရှိနေကြတာပါ။

ဖရူဆိုမြို့နယ် တောင်ဘက်အစွန်ဖျားက ကျေးရွာနှစ်ရွာမှာတော့ အိမ်ခြေ ၇၀ ကျော်ရှိနေပြီး လူဦးရေ ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts