တိုင်းရင်းသားတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ခရီး နီးပြီလား

ဘိုထီး(ငွေတောင်ပြည်)ရေးသားသည်။

ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကိုယ်ကိုယ်တိုင် စီမံဆောင်ရွက်နိုင်တဲ့ အခွင့်အရေးကို ဆိုလိုတာဖြစ်ပါတယ်။ ကိုယ်ရဲ့ပြည်နယ်ဒေသမှာ ဖြစ်ပေါ်တဲ့ ပြဿနာတွေကို အခြားပြင်ပ အဖွဲ့အစည်းက လာရောက် ကူညီဖြေရှင်းလို့ ရချင်ရမယ်။ ဒါပေမဲ့ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ဖို့၊ ကိုယ့်ဒေသ အရေးကိစ္စအားလုံးကို ပြည်နယ်ပြင်ပ အဖွဲ့အစည်းက လာရောက်ဦးဆောင်ပြီး ကူညီလို့မရပါဘူး။

ပြည်နယ်ဒေသ အကျိုးအတွက် ပြည်နယ်ပြင်ပက အဖွဲ့အစည်းတွေ လာရောက်ဦးဆောင်ပြီး ကူညီမယ်ဆိုရင် ဗဟိုချုပ်ကိုင်မှုစနစ်ကနေ အာဏာရှင်စနစ် ဖြစ်သွားနိုင်ပါတယ်။ ဒီနေ့ဒီအချိန်ထိ တိုင်းရင်းသားပြည်နယ်ဒေသမှာ ကိုယ်ပိုင်ပြဌာန်းခွင့် မရသေးတာဟာ နိုင်ငံတော်အစိုးရအနေနှင့် တိုင်းရင်းသားတွေကို ကိုယ်ပိုင်ပြဌာန်းခွင့် မပေးလို့ မဟုတ်ပါဘူး။ ကိုယ့်ပြည်နယ်အကျိုးထက် ကိုယ်တစ်ဦးတစ်ယောက် အကျိုးအတွက်ပဲ ဦးစားပေးတဲ့ တိုင်းရင်းသား အချို့ပြည်နယ်ဒေသတွင်းမှာ ရှိနေသေးလို့ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေတဲ့ သမဂ္ဂ အဆောက်အအုံဟာ ဗဟိုချုပ်ကိုင်မှုစနစ်အောက်မှာ တည်ဆောက်မှာကို ကျောင်းသားတွေ မလိုလားကြပါဘူး။ ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းများကိုယ်ပိုင် ပြဌာန်းခွင့်ရမှ သမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်တာကိုပဲ ကျောင်းသားခေါင်းဆောင်တွေ ပိုပြီး လိုလားကြပါတယ်။

(၅၅)နှစ်မြောက် 7 July အောက်မေ့ဖွယ် အခမ်းအနားမှာ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ပတ်သက်တဲ့အချက်တွေကို ကျောင်းသားခေါင်းဆောင်းတွေ တောင်းဆိုကြပါတယ်။ အဲဒီအချက်တွေကတော့ အစိုးရက ကျောင်းသားသမဂ္ဂ လွတ်လပ်စွာ ဖွဲ့စည်းရှိနိုင်ရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးရန်၊ အစိုးရအနေဖြင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်မှုများကို ကျောင်းသားသမဂ္ဂ ခေတ်အဆက်ဆက် ကျောင်းသားမျိုးဆက်များနှင့် ပူးပေါင်းဆောင်ရွက် ဆွေးနွေးခြင်းဖြင့် ဆောင်ရွက်ရန်၊ ရွေးကောက်ခံ အစိုးရအနေဖြင့်  ကျောင်းသားသမဂ္ဂ၏ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ ရပ်တည်ခွင့်နှင့် လုပ်ရှားခွင့်ကို အသိအမှတ် ပြုပေးရန်တို့ပဲ ဖြစ်ပါတယ်။

တိုင်းဒေသကြီးအစိုးရနှင့် ပြည်နယ်အစိုးရတွေဟာ NLD ပါတီက ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရတွေ ဖြစ်ကြပါတယ်။ NLD ပါတီက ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရချင်းအတူတူ တိုင်းဒေသကြီးအစိုးရဟာ ပြည်နယ်အစိုးထက် ပိုပြီး ကိုယ်ပိုင်ပြဌာန်းနိုင်တဲ့ အခွင့်အရေးကိုပိုပြီး ရရှိတယ်ဆိုတာကို တွေ့ရှိရပါတယ်။ တိုင်းဒေသကြီးအစိုးရက ပြည်နယ်အစိုးရထက်ပိုပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရတာဟာ တိုင်းဒေသကြီးမှာနေထိုင်တဲ့ ပြည်သူတွေက ပြည်နယ်ဒေသမှာ နေထိုင်တဲ့ ပြည်သူတွေထက်ပိုပြီး ကိုယ်ဒေသအပေါ်မှာ စေတနာရှိလို့ပဲ ဖြစ်ပါတယ်။

တိုင်းဒေသကြီးမှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ အဖွဲ့အစည်းအများအပြား ဖွဲ့စည်းတည်ထောင်တာ မရှိဘဲ ပြည်နယ်ဒေသကသာ အဖွဲ့အစည်းအမျိုးမျိုး ပေါ်ထွက်လာတာ ကိုကြည့်လိုက်ရင် ပြည်နယ်ဒေသမှာ နေထိုင်တဲ့ပြည်သူတွေဟာ တိုင်းဒေသကြီးက ပြည်သူလောက် ကိုယ့်ပြည်နယ်ဒေသကို ကိုယ်စားမပြုနိုင်ဘူးဆိုတာကို ပြသလိုက်တာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိဖို့အတွက် လွပ်လပ်ရေးကြိုးပမ်းခဲ့တဲ့အချိန်တုန်းက တိုင်းရင်းသားခေါင်းဆောင်တွေ တော်တော်များများ ပါဝင်ခဲ့ပါတယ်။ လွပ်လပ်ရေးကြိုးပမ်းမှုမှာ တိုင်းရင်းသားခေါင်းဆောင်တွေ ပါဝင်ခဲ့ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က တိုင်းရင်းသားဒေသမှာ ကိုယ်ပိုင်ပြဌာန်းခွင့် ရဖို့ပဲဖြစ်ပါတယ်။

တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ရည်ရွယ်ချက်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ဆန္ဒအပေါ် နားလည်မှု အများဆုံးပေးနိုင်တဲ့ လွပ်လပ်ရေး ခေါင်းဆောင်တစ်ဦးပဲ ရှိပါတယ်။ အဲဒီခေါင်းဆောင်တစ်ဦးကတော့ ဗိုလ်ချုပ်အောင်ဆန်းပါ။ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ၁၉၄ရ ပင်လုံညီလာခံကို ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်ကတော့ တိုင်းရင်းသားဒေသမှာ တိုင်းရင်းသားတွေ လွတ်လပ်စွာ နေထိုင်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိဖို့ပဲ ဖြစ်ပါတယ်။

၁၉၄ရ ခုနှစ် ပင်လုံညီလာခံ ကျင်းပနေတဲ့အချိန်မှာ  တိုင်းရင်းသားတစ်ဦးစီရဲ့ စိတ်ထဲမှာ ရယ်မောရွှင်ပျခဲ့ကြသလို လက်ချင်းတွဲပြီး နှလုံးသားချင်း သွေးနီးခဲ့ကြတဲ့ အချိန်မှာလည်း ဖြစ်ပါတယ်။ တိုင်းရင်းသားတွေကို ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိအောင် ဖန်တီးပေးနိုင်မှသာ ကိုယ်ပိုင်ပြဌာန်းခွင့်ရဲ့ အကျိုးအဆက်အနေနဲ့ တိုင်းရင်းသားအချင်းချင်း စိတ်ချင်းညီတူ၊ မူချင်းမျှတ၊ ဘဝချင်းဆက်၊ လက်ချင်းနွေးထွေး၊ သွေးချင်းရောနှော၊ တစ်သဘောတည်းသာရှိခဲ့ကြမှာ ဖြစ်ပါတယ်။ ဒါတွေ မကသေးပါဘူး။ ရိုးသားခြင်း၊ စေတနာထားတတ်ခြင်း၊ ကိုယ်ပိုင်ယဉ်ကျေးမှုရှိခြင်း၊ ငြိမ်းချမ်းစွာ အတူတကွပူးပေါင်းနေထိုင်လိုတဲ့ စိတ်တို့ဟာ ကိုယ်ပိုင်ပြဌာန်းခွင့်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အကျိုးရလဒ်တွေပဲ ဖြစ်ပါတယ်။

ပြည်ထောင်စုဆိုတာ တောင်တန်းနှင့် မြေပြန့် တိုင်းရင်းသားတို့အားလုံး တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း နေထိုင်တာကို  ဆိုလိုတာ မဟုတ်ပါဘူး။ ပြည်ေထောင်စုဆိုတာ တိုင်းရင်းသားမျိုးနွယ်စု အမြောက် အများရှိပေမဲ့ စိတ်နှလုံးတစ်လုံးတစ်စည်းတည်းရှိနေတာကို  ဆိုလိုတာကိုပဲဖြစ်ပါတယ်။ များပြားလှတဲ့ တိုင်းရင်းသားတွေရဲ့ စိတ်ထားတွေ တစ်စုတစ်ပေါင်းတည်းဖြစ်ဖို့ လုပ်ဆောင်ပေးနိုင်ဖို့ အခြေအနေဟာ တိုင်းရင်းသားတွေကို ကိုယ်ပိုင်ပြဌာန်းခွင့်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဗိုလ်ချူပ်အောင်ဆန်းမရှိတဲ့ နောက်ပို်င်း မှာ တိုင်းရင်းသားတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ခရီးလမ်းဟာ နေဝင်ဆည်းဆာချိ်န်ကို ဦးတည်သွားခဲ့ပါ တယ်။

ပြည်နယ်ဒေသမှာ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိဖို့ဆိုရင် ပြည်ထောင်စုအစိုးရအနေနဲ့ ဧည့်သည် နေရာမှာ နေရမှာဖြစ်ပြီး ဒေသခံတိုင်းရင်းသားတွေဟာ အိမ်ရှင်နေရာမှာ နေရမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးရောက်ရှိဖို့အတွက် ပြည်ထောင်စုအစိုးရထက် ဒေသခံတိုင်းရင်းသားအဖွဲ့အစည်း ေတွေမှာ ပိုပြီး တာဝန်ရှိပါတယ်။

တိုင်းရင်းသားတို့ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အခြေခံဥပဒေရေး ဆွဲနိူင်ဖို့အတွက် ၂၁ရာစု ဒုတိယပင်လုံညိလာခံမှာ တာဝန်ရှိတဲ့အဖွဲ့အစည်းတွေ ညှိနှိုင်းဆွေးနွေးကြ ပါပြီ။ ညှိနှိုင်းဆွေးနွေးချက်တွေကို အကောင်အထည်ဖော်ဖို့ဆိုရင် တိုင်းရင်းသား အဖွဲ့အစည်း အချင်းချင်းစည်းလုံးညီညွတ်တဲ့ နည်းလမ်းကလွဲရင် အခြားဘယ်နည်းလမ်းကမှ အကောင်အထည်ဖော်လို့ရမှာ မဟုတ်ပါဘူး။ စည်းလုံးညီညွတ်မှုရဲ့ အကျိုးရလဒ်ဟာ ကိုယ်ပိုင်ပြဌာန်း နှိုင်တဲ့ အခွင့်အရေးတစ်ခုတည်း မဟုတ်ပါဘူး။ စည်းလုံးညီညွတ်မှုရဲ့ အကျိုးရလဒ်ဟာ ကိုယ်ပိုင် ပြဌာန်းခွင့်၊ ကိုယ်ပိုင် လွတ်လပ်ခွင့်နှင့် တန်းတူခွင့်၊ ထာဝရငြိမ်းချမ်းရေးကိုပါ ရရှိစေမှာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေး (NCA) သဘောတူစာချူပ်ဟာ တိုင်းရင်းသားတွေ ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိဖို့အတွက် အဓိကရည်ရွယ်ပြီး ချူပ်ဆိုထားတဲ့ သဘောတူစာချူပ်ဖြစ်ပါတယ်။ NCA သဘောတူစာချူပ်ရဲ့ အခန်း(၁) အပိုဒ်၁(က)မှာ ဖော်ပြထားတာကေတော့ – ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကိုရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှု တို့ကိုအခြေခံပြီး ပင်လုံစိတ်ဓာတ်နဲ့အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်လို့ ဖော်ပြပါရှိပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ရရှိစေမဲ့ NCA စာချူပ်ဖြစ်ဖို့အတွက် တို်င်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းကသာ တာဝန်ရှိတာ မဟုတ်ပါဘူး။ တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသား အရပ်လူ့အဖွဲ့အစည်းနှင့် တိုင်းရင်းသားပြည်သူအားလုံးတို့မှာ အပြည့်အဝ တာဝန်ရှိပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအနေနဲ့ NCA သဘောတူစာချူပ်မှာ ဘယ်လောက်ပဲ လက်မှတ်ထိုးနေပါစေ တိုင်းရင်းသားအဖွဲ့အစည်း အချင်းအချင်းစည်းလုံးညီညွတ်မှု မရှိသရွေ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဘယ်တော့မှ ရရှိမှာ မဟုတ်ပါဘူး။ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု နှင့်ပတ်သက်ပြီး NCA သဘောတူစာချူပ် အခန်း(၁) အပိုဒ်၁(စ)မှာ ဖော်ပြတာကတော့ ပြည်ထောင်စု သမ္မတမြန်မာနို်င်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၏ နောက်ခံသမိုင်း၊ ရိုးရာယဉ်ကျေးမှု၊ ဘာသာစကားနှင့် အမျိုးသားလက္ခာဏာများ မတူကွဲပြားမှုကို လက်ခံအသိအမှတ်ပြု ၍ လူမျိုးပေါင်းစုံတို့ဖြင့် ပြည်ထောင်စုလက္ခာဏာတစ်ရပ်ကို နိုင်ငံသားအားလုံး စုပေါင်းဖော်ဆောင်ရန် လို့ ဖော်ပြပါရှိပါတယ်။

ချင်းတွင်းမြစ်ရေ အမြဲစီးဆင်းခွင့်ရရှိဖို့အတွက် ဒေသခံတိုင်းရင်းသားအားလုံးမှာ တာဝန်ရှိသလို မေခနှင့် မေလိခမြစ် ထာဝရဆုံဆည်းနိုင်ဖို့အတွက် တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်မှုဟာ အလွန်အရေးကြီးပါတယ်။ ထိုနည်းတူ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတစ်ခုကို သံလွင်မြစ်ရေကာတာ ယူဆောင်လာနိုင်ဖို့အတွက် တိုင်းရင်းသားတစ်ဦးနှင့်တစ်ဦး စိတ်တူကိုယ်တူ တစ်ပေါင်းတစ်စည်းတည်းဖြစ်ဖို့ အားလုံးမှာ တာဝန်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ တိုင်းရင်းသားတို့၏ ကိုယ်ပို်င်ပြဌာန်းခွင့်နီးသည်ထက် နီးလာနိုင်ပါစေ။

Comments

comments

Next Post

ကန္တာရဝတီတိုင်း(မ်)ကာတွန်း

Sat Oct 7 , 2017
Comments comments