spot_imgspot_imgspot_imgspot_img
Monday, December 9, 2024
spot_imgspot_imgspot_imgspot_img

တိုင်းရင်းသားပါတီများကို ကရင်နီပြည်လူမျိူးစုလူငယ်များမှ ဝန်းရံသွားမည်

Author

Date

Category

နော်ဒွေးအယ်ခူ

လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ ကရင်နီပြည်လူမျိုးစုလူငယ်များမှ ကရင်နီပြည်အခြေစိုက် တိုင်းရင်းသားပါတီများကို ဝန်းရံသွားမယ်လို့ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ လွိုင်ကော်မြို့ ဝမ်ငေါ့ ကျေးရွာမှာ ပြုလုပ်သွားတဲ့ ကရင်နီပြည်လူမျိုးစုလူငယ်တွေ တွေ့ဆုံနှီးနှောဖလှယ်ပွဲမှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

ကရင်နီလူမျိူးစုလူငယ်ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဒေါမိနစ်စိန်က” ကိုယ့်ပြည်နယ်ရဲ့အနေအထားအရ ကိုယ့်ပြည်နယ်မှာရှိတဲ့သူတွေကတော့ ကိုယ့်အသံကိုပိုပြီးနားထောင်ရမယ်ဆိုတဲ့ဟာမျိုးပေါ့။ ၂၀၁၅မှာနိုင်ခဲ့တဲ့ NLD ဆိုရင် တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီးတော့မှ နားမထောင်ပေးဘူးပေါ့နော ပိုပြီးပိတ်ပင်မှုတွေများတယ် ။ ၂၀၂၀မှာတော့ တိုင်းရင်းသားပါတီကို ဝန်းရံခြင်းအားဖြင့် နိုင်ငံရေးကအစ တိုင်းရင်းသားအရေးက ပိုပြီးအဆင်ပြေမှာပေါ့” လို့ ဆိုပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာသာ တိုင်ရင်းသားပါတီ အနိုင်ရခဲ့မယ်ဆိုရင် လူငယ်တွေ နိုင်ငံရေးမှာပိုမိုပါဝင်နိုင်ဖို့၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူငယ်အသံပါဝင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ၎င်းကဆက်ပြောပါတယ်။
လူငယ်တွေက တိုင်းရင်းသားပါတီ တွေကို ဝန်းရံပေးမယ့်အပေါ် အားရကျေနပ်မှုရှိတယ်လို့ ကယန်းအမျိူးသားပါတီ (KNP) ဥက္ကဌခွန်းဘီထူးက ပြောဆိုလိုက်ပါတယ်။

ခွန်းဘီထူးက “လူငယ်အသင်းအဖွဲ့ လူငယ်အုပ်စုတွေထဲကနေ တိုင်းရင်းသားပါတီကို ဝိုင်းဝန်းကူညီသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်လည်း ပါလာတဲ့အတွက် ဒီအပေါ်မှာအားရတယ်။ ကျတော်တို့ဖက်က သမိုင်းပေးတာဝန်ရယ် ကျတော်တို့ရဲ့အမျိုးသားရေးကို ဒီနေရာမှာ တစ်နိုင်တစ်ပိုင်လေး ဝိုင်းလုပ်ကြရအောင်” လို့ပြောပါတယ်။

ပါတီစည်းရုံးရေးဆင်းတဲ့အခါမှာလည်း လူငယ်ဖက်က လူထုတွေကို ပညာပေး စည်းရုံးတဲ့နေရာမှာ ဝိုင်းဝန်ကူညီပေးစေချင်သလို လာမယ့်ရွေးကောက်ပွဲမှာလည်း တိကျတဲ့မဲပေးမှု၊ ပယ်မဲမဖြစ်အောင် ကူညီပေးဖို့ ၎င်းက တိုက်တွန်းပြောဆိုပါတယ်။

လက်ရှိမှာလည်း ကယန်းအမျိုးသားပါတီ (KNP) နဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ( KySDP) စတဲ့ အခြေစိုက်တိုင်းရင်းသားပါတီတွေက ပူးပေါင်းမဟာမိတ်ဖွဲ့ထားတာဖြစ်သလို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဆောင်ရွက်မယ့်ကိစ္စတွေကိုလည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“ ကျတော်တို့ကလည်း ကတိပြန်ပေးတယ် အထူးသဖြင့် လူငယ်တွေနဲ့ပတ်သက်ရင် ဒီထက်ပိုကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး လူငယ်တွေကိုကို ပိုပြီးကရုစိုက်မယ့်အခြေအနေမျိုးတွေ လူငယ်တွေနဲ့ပတ်သက်ရင် အစိုးရသော်လည်းကောင်း နိုင်ငံရေးပါတီသော်လည်းကောင်း ပိုကောင်းမွန်တဲ့ ချိတ်ဆက်မှုစနစ်တွေ တည်ဆောက်သွားမယ်ဆိုတဲ့ အကြောင်းကတိပေးတယ်” လို့ ခွန်းဘီထူးက ဆက်ပြောပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ နှစ်ပါတီသာလျှင် အစိုးရဖွဲ့နိုင်ခဲ့မယ်ဆိုရင် ဝန်းရံသွားမယ့် လူငယ်တွေအတွက် လူငယ်ရေးရာကိစ္စတွေကိုအကောင်အထည်ဖော်နိုင်မယ့် ကျစ်လျစ်တဲ့ကော်မတီ၊ ဘတ်ဂျက် စတာတွေကို စီစဉ်ဆောင်ရွက်သွားမယ်လို့ ကယန်းအမျိုးသားပါတီ ဥက္ကဌခွန်းဘီထူးက ဆိုပါတယ်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ခူးဖိုးရယ်ကလည်း “ရွေးကောက်ပွဲကြေညာစာတမ်းမှာလည်းရှိတယ် ကျတော်တို့ပါတီရဲ့မူဝါဒထဲမှာလည်းရှိတယ်။ လူငယ်တွေရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို ပါတီက ပြဌာန်းထားပြီးသားရှိတယ်။ ပြဌာန်းထားတဲ့ မူဝါဒနဲ့အညီ လူငယ်တွေကို ပံ့ပိုးသွားဖို့ရှိပါတယ်” လို့ ပြောဆိုထားပါတယ်။

၂၀၁၄ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ကယားပြည်နယ်မှာ လူဦးရေ (၂၈၆၆၂၇)ဦး ရှိထားပြီး လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၂သိန်းမပြည့်ဘူးလို့ သိရပါတယ်။

spot_img
spot_img

Recent posts