spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တိုင်းရင်းသားအရေးဖော်ဆောင်မည့်သူလိုလားနေကြ

Author

Date

Category

မီမြာ


ရွေးကောက်ပွဲအနိုင်ရရှိရေး ကယားပြည်နယ်အတွင်းမှာ ဒေသအခြေစိုက်ပါတီတွေကော လက်ရှိ အာဏာရ ပါတီတွေကော ထောက်ခံသူတွေအသီးသီးက အင်အားပြစီတန်းလှည့်လည်တာတွေက အပြိုင်အဆိုင်ပါပဲ။

ဒီလိုအင်အားအပြိုင်အဆိုင်နဲ့ ပါတီအသီးသီးကို ဝန်းရံသူနေကြသူတွေကတော့ သူတို့ ယုံကြည်ရာကို ထောက်ခံကြပြီး လိုက်ပါဝန်းရံသွားကြတာကိုတွေ့ရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ရက်နေ့က ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDPနဲ့ ကယန်းအမျိုးသားပါတီ KNP ပါတီစည်းရုံးရေးမှာ လာရောက်ဝန်းရံခဲ့တဲ့သူတွေက ပြည်သူတွေအတွက် မားမားမတ်မတ်ရပ်တည်ပေးမယ့် ကိုယ်စားလှယ်တွေကို အလိုရှိတယ်လို့ ကန္တာရဝတီတိုင်းမ်က လိုက်လံမေးမြန်းရာမှာ ဖြေကြားကြပါတယ်။

ဒီးမောဆိုမြို့နယ်မှာ နေတဲ့ ဦးဂျိုဝါးနီကတော့ “ပြည်သူကိုကာကွယ်ပေးတဲ့ ကိုယ်စားလှယ် မျိုးနောက်ပြီးတော့ ကိုယ်စားလှယ်ဆိုတဲ့ဟာမျိုးဟာလည်း လူထုရဲ့ကိုယ်စားဖြစ်တဲ့အတွက်ကြောင့် အသုံးချခံ ရတဲ့လူထုကိုမဟုတ်ပဲ တကယ်လူထုတွက် မားမားမတ်မတ်ရပ်တည်မယ့် ကိုယ်စားလှယ်မျိုးကိုလိုချင်ပါတယ်။” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့ကလည်း ဘောလခဲမြို့နယ်အတွင်းမှာလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)ကနေ လူအင်အား ရာနဲ့ချီ မဲဆွယ်စည်းရုံးရေးတွေ ပြုလုပ်ခဲ့ကြပါတယ်။
အမှန်တကယ်ပြုပြင်ပြောင်းလဲနိုင်ဖို့ ရည်ရွယ်ပြီးတော့ တစညပါတီကို ဝန်းရံအားပေးနေတာဖြစ်တယ်လို့ တစညပါတီကို ထောက်ခံသူတစ်ဦးဖြစ်တဲ့ ဘောလခဲမြို့နယ်က မောင်ဇူက ပြောပါတယ်။

“ ကျနော်တို့ကပါတီကိုမကြည့်ဘူးဗျ ပါတီကိုအဓိကထားတာမဟုတ်ဘူး လူကိုရွေးတာကျနော်တို့က သူတို့ရဲ့လုပ်ပေးနိုင်စွမ်းကို အဓိကကြည့်တယ်။ သူတို့ဘယ်လောက်ထိလုပ်ပေးနိုင်လဲ ပြည်သူ့အသံကိုနားထောင်ပြီး လွတ်တော်ထဲကိုတင်သွင်းပေးနိင်လာ ကျနော်တို့အဲ့လိုကြည့်တယ် အဲ့လိုကြည့်ပြီးတော့ရွေးချယ်တယ်။”

လက်ရှိအာဏာရအစိုးရက တိုင်းရင်းသားအရေးတွေကို ဖော်ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်တဲ့အတွက် အခုလို လွိုင်ကော်မြို့နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD စက်တင်ဘာလ ၂၅ ရက်နေ့က မဲဆွယ်စည်းရုံးရေးလိုက်ပါဝန်းရံခဲ့တဲ့ လွိုင်ကော်မြို့နေ ဦးသန့်ဇင်ဝင်း က ပြောပါတယ်။

“မျှော်လင့်ထားတာတွေက အများကြီးပေါ့ ယုံကြည်ပါတယ် လုပ်နိုင်မယ်လို့လည်း ဘယ်လိုကဏ္ဍတွေ လုပ်နိုင်မယ်လို့ထင်လဲဆိုတော့ ကျနောတို့ပြည်နယ်အတွက် ကြည့်မယ်ဆိုရင်တော့ အဓိက တိုင်းရင်းသားပေါ့ တိုင်းရင်းသားအရေးကိုပိုပြီး ဦးစားပေးလုပ်ဆောင်သင့်တယ် ကျနောတို့ တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေကိစ္စတွေကို အဓိကဖြေရှင်း ပေးသင့်တာပေါ့။ အဲ့ဒါတွေကိုအဓိက လုပ်ဆောင်ပေးဖို့ မျှော်လင့်တယ်။ လုပ်ဆောင်ပေးဖို့လည်းတိုက်တွန်းပါတယ်။”

အခုလို ဒေသခံတွေမျှော်လင့်နေတဲ့ ဒေသလိုအပ်ချက်တွေ ပိုမိုနားလည်နိုင်တာက ဒေသခံတိုင်းရင်းသားပါတီဖြစ်တာကြောင့် ဒေသခံအခြေစိုက်ပါတီကို ထောက်ခံအားပေးသင့်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP ဒုဥက္ကဌ စိုင်းနိုင်နိုင်ထွေးက ပြောပါတယ်။

“ကျနောတို့ တိုင်းရင်းသားပါတီလို့ ပြောရင် ပြည်နယ်ကိုအခြေခံတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေဖော်ဆောင်ဖို့ အတွက် ပြည်နယ်ကိုအခြေခံထားခြင်းဖြစ်တယ်။ ဒါကြောင့် ဖယ်ဒရယ်စနစ်မှန်တည်ဆောက်မယ် ဆိုရင်တော့ ပြည်နယ်ကိုအခြေခံတဲ့ နိုင်ငံရေးစနစ်ထွန်းကားဖို့ ပြည်နယ်ကိုအခြေခံတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေသည် ပြည်သူလူထုလက်ဝယ်မှာ ကျနောတို့ ပွင့်လင်းမြင်သာစွာဆောင်ရွက် နိုင်တဲ့အစိုးရကောင်းတစ်ရပ်ရှိဖို့ကတော့ ပြည်နယ်အခြေစိုက်ပါတီတွေကို အားပေးသင့်တယ်လို့ မြင်ပါတယ်။”

ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ ပိုပြီးခိုင်မာအားကောင်းနိုင်လိမ့်မယ်လို့ စိုင်းနိုင်နိုင်ထွေးက ဆိုပါတယ်။
တိုင်းရင်းသားပါတီတွေ အနိုင်ရလာရင် ဆိုတဲ့အပေါ်မှာလည်း ဘယ်လောက်အထိအနိုင်ရမလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDအစိုးရလက်ထက်မှာ တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေးမဖော်ဆောင်နိုင်တာက အချိန်တိုအတွင်းမှာ ဖြေရှင်းလို့မရတဲ့ဘူးလို့ NLD ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။

“ငြိမ်းချမ်းရေးမရနိုင်သေးဘူးဆိုတာကတော့ ပြည်နယ်တော်တော်များများမှာလည်း လက်နက်ကိုင်ပဋိပက္ခရှိနေတယ်လေ လက်နက်ကိုင်ပဋိပက္ခဆိုတာက နှစ်ပိုင်း လပိုင်းလောက်နဲ့ လုပ်လို့မရဘူးလေ ဒါတွေက နှစ်ပေါင်း ၇၀ကြာပြီဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခကို အချိန်တိုအတွင်းမှာဖြေရှင်းလို့မရဘူး။”

လွှတ်တော်မှာဆိုရင် တပ်မတော်က ၂၅ ရာခိုင်နှုန်းက အသင့်ရှိနေပါတယ်။ ကယားပြည်နယ်မှာဆိုရင် ပြည်နယ်လွှတ်တော်မှာ တိုင်းရင်းသားတွေ အပြည့်နိုင်ခဲ့မယ်ဆိုရင် တိုင်းရင်းသားပါတီကနေ ဝန်ကြီးချုပ်ဖြစ်လာနိုင်ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာဆိုရင် တိုင်းရင်းသားပါတီတွေ တော်တော်များများ အနိုင်ရခဲ့ရင် အင်အားစုတစ်ခုအနေနဲ့ တိုင်းရင်းသားတွေ ပြည်ထောင်စုလွှတ်တော်ကို တက်လာမှာ ဖြစ်ပါတယ်။

အကယ်၍တိုင်းရင်းသားတွေ အနိုင်ရလာမယ်ဆိုရင် ပြည်မမှာ အနိုင်ရလာမယ့်ပါတီကြီးတွေနဲ့ ပြည်ထောင်စုမှာ မဖြစ်မနေညွှန့်ပေါင်းအစိုးရဖွဲ့ ရပါလိမ့်မယ်။အကယ်၍ သူတို့က တိုင်းရင်းသားတွေနဲ့ ညွှန့်ပေါင်းမဖွဲ့ရင် အဆင့်သင့်ရှိနေတဲ့ တပ်မတော်နဲ့ ပေါင်းမှာလား ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ပေါင်းမလားဆိုတဲ့ အနေအထားမှာရှိပါတယ်။

ညွှန့်ပေါင်းအစိုးရဖွဲ့ခဲ့ရင် ပြည်သူတစ်ရပ်လုံးလိုလားနေတဲ့ ဖယ်ဒရယ်စနစ်ကို သွားရတာပိုပြီးတော့ လွယ်ကူနိုင်ပါတယ်။ညွှန့်ပေါင်းဖွဲ့နိုင်ခဲ့မယ်ဆိုရင် ကောင်းကျိုးရှိသလို အခက်အခဲလည်းရှိနိုင်တယ်လို့ ဥပဒေအကြံပြု ကျော်ဝဏ္ဏအောင်က သုံးသပ်ထားပါတယ်။

“ညွှန့်ပေါင်း အစိုးရဖြစ်တဲ့တွက် တစ်ခုခုဆုံးဖြတ်ရင် ကြာနိုင်တယ်။ ချက်ချင်းဆုံးဖြတ်လို့မရတာမျိုးတွေပေါ့ တစ်ပါတီတည်းမဟုတ်တဲ့အတွက်။ ဒါပေမယ့် ဘာကောင်းလဲဆိုရင်တော့ အရွေ့တစ်ခုကိုသွားတဲ့အချိန်မှာတော့ စုပေါင်းအားနဲ့ သွားတဲ့အရွေ့ရှိတယ်ပေါ့။ ကျနောတို့ကတော့ ဖယ်ဒရယ်ကိုပဲပြောပြော ဒီမိုကရေစီဖယ်ဒရယ်ပဲပြောပြော သွားမယ်ဆိုရင် အားပိုရှိမယ်လို့ ယူဆတယ်ပေါ့။”

အခုလက်ရှိ NLDအစိုးရ ၅နှစ်သက်တမ်းမှာဆိုရင် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ၊ တပ်သိမ်းမြေကိစ္စနဲ့ ပန်းဥယျာဉ်မြေယာရှုခင်းကိစ္စတွေစတဲ့ ပြည်သူနဲ့ အစိုးရကြား အမြင်မတူမှုတွေရှိခဲ့ပါတယ်။ ငြိမ်းချမ်းရေးမဖော်ဆောင်နိုင်ဘူး၊ ဗဟိုချုပ်ကိုင်မှုတွေများတယ် ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

လက်ရှိအာဏာရပါတီအနေနဲ့ တိုင်းရင်းသားအရေးတွေကို ဖော်ဆောင်ရာမှာ ဗဟိုချုပ်ကိုင်မှုတွေများပြီး လွှတ်တော်ကိုယ်စားလှယ်တွေမှာ ဘာမှ လုပ်ပိုင်ခွင့်မပေးထားဘူးလို့ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ဦးထူးချစ်က သုံးသပ်ပြောဆိုသွားပါတယ်။

“ပြည်ထောင်စုပါတီကတော့ သူတို့ရဲ့ ဌာနချုပ်က နေပြည်တော်မှာပဲဖြစ်ဖြစ်၊ ရန်ကုန်မှာပဲဖြစ်ဖြစ်ရှိတယ်။ သူတို့ရဲ့ ဗဟို ဦးစီးချုပ်ကိုင်မှုက တအားကြီးတယ်။ တကယ်လို့များ ပြည်နယ်သားဖြစ်တဲ့ တိုင်းရင်းသားဖြစ်တဲ့ ပြည်ထောင်စုပါတီရဲ့ အမတ် တစ်ယောက်ယောက်က သူ့ ပြည်နယ် တိုးတက်ရာ၊ တိုးတက်ကြောင်း လုပ်ချင်တာတောင်မှ သူ မလုပ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆို သူတို့ရဲ့ ဗဟိုက ဆုံးဖြတ်ချက်နဲ့ အလုပ်လုပ်ရတယ်။ ဥပမာအားဖြင့် လွှတ်တော်မှာ အဆို တင်တာတောင်မှပဲ သူတို့ကို ပြရတယ်။ သူတို့ သဘောမတူဘူးဆိုရင် လုပ်လို့မရဘူး။”

အရပ်ဖက်အဖွဲ့အစည်းတွေကနေ ဗဟိုထိန်းချုပ်မှုများတယ်ဆိုတဲ့အပေါ်မှာက ဗဟိုကနေ တာဝန်ယူဆောင်ရွက်ရတာများတာဖြစ်တယ်လို့ မုံရွာအောင်ရှင်က ကန္တာရဝတီတိုင်းမ်ကို အောက်တိုဘာ ၇ရက်နေ့က ပြောပါတယ်။

“ကျနောကတော့ ဗဟိုချုပ်ကိုင်မှုဆိုတာထက် ဗဟိုကတာဝန်ယူတဲ့ ကိစ္စများနေတယ်လို့ပဲပြောချင်ပါတယ်။ ဗဟိုချုပ်ကိုင်မှုမဟုတ်ပါဘူး ဗဟိုကနေပြီးတော့ တချို့ကိစ္စတွေမှာ တာဝန်ယူပြီးလုပ်ရတာများလို့ ဗဟိုချုပ်ကိုင်မှုနဲ့ ဗဟိုက တာဝန်ယူတာနဲ့တော့ နည်းနည်းရှင်းရှင်းလင်းလင်းတော့ မြင်ဖို့ကောင်းတယ်လို့ပဲ ပြောချင်ပါတယ်။”

တိုင်းရင်းသားအရေးတွေကို NLDက အလေးအနက်ထားတဲ့အကြောင်း တိုင်းရင်းသားတွေနဲ့ပတ်သက်
လာရင် ကိုယ်ပိုင်ပြဌာန်းခွင့် အသိအမှတ်ပြုတယ်ဆိုတဲ့အကြောင်းတွေကို ၁၉၈၈ ခုနှစ်ကတည်းက ပါတီရဲ့ မူဝါနဲ့ သဘောထားတွေပါရှိထားတယ်လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

ကယားပြည်နယ်မှာဆိုရင် လာမယ့်ရွေးကောက်ပွဲမှာ ပါတီပေါင်း ၁၃ပါတီ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ရွေးကောက်ပွဲမှာဆိုရင် ကယားပြည်နယ်မှာ မဲဆန္ဒနယ်( ၃၄) နေရာမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD( ၂၆) နေရာအနိုင်ရခဲ့ပြီး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP (၇)နေရာ၊ တသီးပုဂ္ဂလ (၁)နေရာ အနိုင်ရရှိခဲ့ကြပါတယ်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ တိုင်းရင်းသားပါတီကိုယ်စားလှယ်တစ်ဦးအနိုင်ရခဲ့ပါတယ်။

spot_img
spot_img

Recent posts