တိုးတိတ် ရှိုက်သံများ မကြားချင်တော့ပြီ

စူးမယ်

အခုလို နွေအချိန်ဟာ တောင်ယာရှင်းလင်း ခုတ်ထင်းနေတဲ့အချိန်ဖြစ်လို့ တောင်စောင်းလေးပေါ်မှာ ခပ်နွမ်းနွမ်း အပြင် အကျီင်္လက်ရှည်ကို ဝတ်ထားပြီး ဝါးခမောက်ကို ဆောင်းထားတဲ့ အသက် ၄ဝ အရွယ် အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦး ဖြေးဖြေးနဲ့ မှန်မှန်ပဲ တောင်ယာရှင်းနေပါတယ်။

သူမဟာ ကယားပြည်နယ်ရဲ့ နာမည်ကျော် လောပိတ ရေတံခွန်နားက လောပိတကျေးရွာမှာ နေထိုင်သူဖြစ်ပြီး တောင်ယာကိုသာ အဓိက လုပ်ကိုင်စားသောက်နေပါတယ်။ တောင်ယာအလုပ်ကို လုပ်ကိုင်ရင်း မိသားစု စားဝတ်နေရေးကို သူမ တစ်ယောက်တည်းပဲ အဓိက လုပ်နေရပါတယ်။ သူမမှာ ကျန်းမာရေး အားနည်းတဲ့ အမျိုးသားနဲ့ အသက် ၁၁ နှစ်အရွယ် ၄တန်း သမီးလေး မော်ပလဲမြာ(နာမည်ရင်းမဟုတ်) တစ်ဦးရှိနေပါတယ်။

သမီးလေး ပညာရေးမှာ အောင်မြင်ဖို့ မျှော်လင့်ကြီးစွာနဲ့ ကျူရှင်ခကို ရှာပြီး ညဖက် ဆရာမ အိမ်မှာ အိမ်ပြီး ယုံကြည်စွာ ကျူရှင်နေခိုင်းပါတယ်။

ယခင်နှစ် နို်ဝင်ဘာလ ၁ဝ ရက်နေ့ တန်ဆောင်တိုင်ပွဲတော်မှာ လွိုင်ကော်မြို့နယ် လောပိတကျေးရွာအုပ်စုထဲက ရွာလေးမှာ ဘုန်းကြီးကျောင်းဝင်းအတွင်း စတိတ်ရှိုးပွဲရဲ့ ဆူညံသံ၊ မီးပုံးပျံ၊ အလှမီးပန်း၊ ဗျောက်အိုးဖောက်သံတွေနဲ့ ဆူညံနေတဲ့ ညမှာ အများက ပျော်ရွင်နေကြပေမယ့် ထိတ်လန့်စရာကြုံတွေ့နေခဲ့တဲ့ မော်ပလဲမြာ အတွက်တာတော့ အခုချိန်ထိ အဲဒီအရိပ်က ခြောက်လန့်နေဆဲပါ။

ကျောင်း ပညာရေးအတွက် ညနေဆိုရင် မိန်းကလေး သူငယ်ချင်း ငါးယောက်နဲ့အတူ ဆရာမ အိမ်မှာ အိပ်ပြီး စာကျက်လေ့ရှိတဲ့ မော်ပလဲမြာ ညနက်တဲ့အထိ လူတွေ မြူးပျော်နေတဲ့အချိန်မှာ သူ့အတွက် ကြောက်မဲ့ဖွယ်ကောင်းတဲ့ ဘဝအတွက် အရိပ်မဲကြီး ကျရောက်တဲ့ ညတည ဖြစ်ခဲ့ရပါတယ်။

သူမ စာကျက်ပြီး အိပ်နေကျ ဆရာမအိမ်ရဲ့ အခန်းတစ်ခန်းမှာ ဆရာမရဲ့ မောင်လေး အသက် ၂၃ နှစ်အရွယ် ခူးဆော်ရယ်( နာမည်အရင်းမဟုတ်)ကလည်း တစ်ခန်းထဲ အိပ်လေ့ရှိပါတယ်။ ပွဲတော်ရဲ့ ည ၁၂ နာရီဝန်းကျင် အားလုံး အိပ်မောကျနေချိန် မောင်ဆော်ရယ်ဟာ သူမကို အဓ္ဓမ ပြုကျင့်ဖို့ ကြိုးစားခဲ့တာကို ခံခဲ့ရပါတယ်။

“သူ ကျမ ထမိန်ကို ဆွဲချတယ်။ ကျမရဲ့ အောက်ပိုင်း ကိုယ်အင်္ဂါကို ကိုင်ပြီး ကျမ ကိုယ်ပေါ်ကို တက်တယ်။ ကျမ သူ့လက်ကို စမ်းပြီး ယောကျာင်္းလေးလက်ဆိုတာသိလို့ လန့်ပြီး ရုန်းတယ်။ သူ့ကို ကိုက်ပြီး တွန်းလိုက်တယ်။ပြီးတော့ ကျမက ထပြီး မီးဖွင့်လိုက်တော့ သူက အပြင်ကို ရောက်နေပြီ”  လို့ မော်ပလျားမြာ ပြောပြချက်ကို သူ့မိခင်က ပြန်ပြောပြပါတယ်။

နောက်နေ့ မနက်ရောက်တော့ အိပ်ယာလိပ်ကို သယ်ပြီး မိုင်တိုင်တိုင်နဲ့ အိမ်ကို ပြန်လာတဲ့ သူမကို မြင်တော့ မိခင်ဖြစ်သူက အိပ်ယာပေါ်မှာ သေးပေါက်ချလို့ ရှက်ပြီး စောင်သယ်ပြန်တာလားလို့ မေးခဲ့ပေမယ့် သူမက ဘာမှ ပြန်မပြောပဲ မျက်ရည်သာ ဝဲနေခဲ့တာလို့ မိခင်ဖြစ်သူက ပြောပါတယ်။

မိခင်မှ အချိန်အတန်ကြာ ချော့မေးမှ မဆူမဆဲပဲ နားထောင်ပေးရင် ပြောပြမယ်လို့ ပလျားမြာ ပြောလာတဲ့ အတွက် မိခင်ဖြစ်သူက မဆူပါဘူးဆိုတဲ့ ဂတိကို ပေးလိုက်မှ အဖြစ်မှန်ကို ပြောပြတာဖြစ်တယ်လို့ ပြောပါတယ်။

အဖြစ်အပျက်ကို ကြားကြားချင်း မိခင်ဖြစ်သူက ဒေါသတွေအရမ်းထွက်နေပေမယ့် သမီးလေး စိတ်ပို ထိခိုက်သွားမှာ စိုးသဖြင့် ဘာမှ မပြောရဲပဲ ကြိတ်ခံစားနေခဲ့ရတယ်လို့ မော်ပလျားမြာ မိခင်က ပြောပါတယ်။

၎င်း အဖြစ်အပျက်နဲ့ ပါတ်သက်ပြီး မော်ပလျားမြာတို့ဖက်က ခူးဆော်ရယ်ကို တရားစွဲထားလို့ အခု လက်ရှိမှာ ထောင်ကျနေပေမဲ့ ဘယ်လောက်ထိ ထောင်ကျမလဲဆိုတာကို မသိတဲ့အပြင် ဒီအမှုနဲ့ ပါတ်သက်ပြီး ထူးခြားမှု တစ်စုံ တစ်ခုမှ သူမတို့ဖက်က မသိခဲ့ကြပါဘူး။

ခူးဆော်ရယ် ထောင်မှ ထွက်လာလျှင် မော်ပလျားမြာကို အန္ဒာရာယ် ထပ်မံပေးမည်ကိုလည်း မိခင်က စိုးရိမ်နေပါတယ်။

မော်ပလျားမြာ မိခင်က “ထောင်ကျသွားတဲ့ကောင်လေး မိသားစုက ကျမတို့ကို မကျေနပ်တဲ့သဘောရှိတယ် သူများဆီကနေတဆင့် ပြန်ကြားရတာကတော့ ကျမတု့ိကို ခြိမ်းခြောက်တဲ့ ပုံစံမျိုးပေါ့”လို့ ပြောပါတယ်။

မော်ပလျားမြာလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ခံနေရတဲ့ အမျိုးသမီးတွေဟာ အပျို မိန်းကလေးငယ်တွေပဲ မဟုတ်ပဲ ကယားပြည်နယ်မှာ ရှိနေတဲ့ မြို့နယ်အချို့က အိမ်ထောင်ရှင် အမျိုးသမီးတွေကလည်း အိမ်ထောင်ဖက်တွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကို ခံနေရပါတယ်။  

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလို့ ပြောလိုက်တာနဲ့ မုဒိမ်းမှုကိုပဲ မြင်နေကြပေမယ့် လင်မယားကြား အလိုမတူပဲ ခံနေရတဲ့ အမျိုးသမီးတွေဟာ အရှက်တရားကြောင့် ရေငုံနုတ်ပိတ်နေကြတာတွေလည်း ရှိနေပါတယ်။

ဖရူဆိုမြို့ပေါ်က ကော်ယော်(မနော်)လူမျိုး အမျိုးသမီးတစ်ဦးဖြစ်တဲ့ အသက် ၄၆ နှစ်အရွယ် နော်စေးစေး(နာမည်လွဲ)ဟာ ဆွေမျိုးတွေရဲ့ ပေးစားမှုကြောင့် မမြင်ဖူးတဲ့ သူမထက် အသက် ၁ဝ နှစ် ငယ်တဲ့ အမျိုးသား တစ်ယောက်နဲ့ လက်ထပ်ထားတာဟာ အခုဆိုရင် ၈ နှစ် ကြာခဲ့ပြီး ကလေး နှစ်ယောက် ရနေပါပြီ။

သူမဟာ နေ့စား တောင်ယာအလုပ်နဲ့ အိမ်တွေမှာ အဝတ်လိုက်လျှော်တဲ့ အလုပ်ကို လုပ်ပြီး မိသားစု စားဝတ်နေရေးကို ရှာနေရပါတယ်။

နော်စေးစေးဟာ သူမထက် အသက် ၁ဝ လောက် ငယ်တဲ့ သူမရဲ့ အမျိုးသားရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပ်ိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိုလည်း မကြာခဏ ခံနေရပါတယ်။

နော်စေးစေးက “ကျမက သူ့ထက် အသက်ကြီးတယ်လေ။ ပြီးတော့ ကျန်းမာရေး မကောင်းလို့ ကလေးနှစ်ယောက် စလုံးကိုတောင် ခွဲမွေးရတာ။ အသက်ကလည်း ကြီးလာပြီဆိုတော့ စိတ်မပါတာလည်း ပါတာပေါ့။ နေ့ခင်းဖက်လည်း တောင်ယာတွေ သွားထားတော့ ပင်ပန်းတာလည်း ပါတယ်။ အဲဒီအချိန်ဆိုရင် သူက ဒေါတဖြစ်ပြီ။ ငါက နင့်ယောကျာင်္းလေ။ ငါနဲ့ မနေချင်ရင် နင်က တခြား တစ်ယောက်နဲ့ ဖာသွားခံထားလို့လားဆိုပြီး ရန်ရှာတယ်။ ပြီးတော့ ရိုက်တယ်။ ညသန်းခေါင်လည်း ထသောင်းကျန်းတာပဲ။ ကျမက သူ့ထက်ကြီးတော့ နောက်ဆုံး အလျှော့ပေးပြီး ပြန်နေပေးလိုက်ရတယ်။”လို့ အသံ တုန်တုန်နဲ့ ပြောပါတယ်။

ထမင်းစားတဲ့ အချိန်မှာ သူတောင်းဆိုလို့ မရရင် ပန်းကန်တွေကို လွင့်ပစ်တတ်ကြောင်း၊ ကလေးတွေရှေ့မှာလည်း တောင်းဆိုတာတွေ ရှိကြောင်း နော်စေးစေးက ဆက်ပြောပါတယ်။

“အိမ်တွင်းမီး အပြင်မလောင်စေနဲ့”ဆိုတဲ့ စကားပုံအတိုင်း ပါတ်ဝန်းကျင်ကို အားနာတဲ့စိတ်၊ ရှက်တဲ့စိတ်ကြောင့် ပြန်မပြောရဲပဲ အိမ်ထောင်ဖက်ရဲ့ ရိုက်နက်ခြင်းကို ၈ နှစ်လောက် ခံလာခဲ့ရတာ ဖြစ်ပါတယ်။

ညှင်းပန်းနှိပ်စက်ခံနေရပေမဲ့ နော်စေးစေးအနေနဲ့ အမျိုးသားနဲ့ ကွာရှင်းချင်ပေဖို့ ကလေးတွေရဲ့ ရှေ့ရေးကို စဉ်းစားမိပြီးတိုင်း မကွာရှင်း ဖြစ်ခဲ့သလို ကိုယ့်ဘာသာ တစ်ယောက်တည်း ကလေးနှစ်ယောက်နဲ့ မရပ်တည်နိုင်မှာကို စိုးရိမ်ကြောင်း ပြောပါတယ်။

သို့ပေမယ့် လက်ရှိအခြေအနေမှာ သူမအနေနဲ့ အိမ်မှုကိစ္စ၊ ကလေးနှစ်ယောက်ရဲ့ တာဝန်အပြင် အိမ် ဝင်ငွေအတွက် ရှာနေရပါတယ်။

“သူက တစ်ခါတလေမှ ကြုံရာ အလုပ်တွေကို လိုက်လုပ်တာ။ သူက လက်ကြောမတင်းတော့ လူ လုံးဝ ရှာမရမှ သူများသူ့ကို အလုပ်ခိုင်းတာ။ တခါတလေ သူ ပိုက်ဆံရှိလို့ ပြန်လာပေးရင် ငါ့ပိုက်ဆံ ငါ့ပိုက်ဆံ ဆိုပြီး အမြဲတမ်းပြောတယ်။ ကျမလည်း ရှာနေရတာပဲ။ သူ့ကို ကလေးကြည့်ထား ငါလည်း အလုပ်ထွက်လုပ်ရင် ငါ့ပိုက်ဆံဆိုပြီး ငါပြောလို့ရတယ်လို့ ပြန်တောင်ပြောချင်တယ်။ ဒါပေမယ့် မပြောလိုက်ရပါဘူး”လို့ ပြောပါတယ်။

ကလေးနှစ်ယောက်မှာ မိဘတွေ စကားများ ရန်ဖြစ်ရင်း ရိုက်နက်တာတွေကို အမြဲတွေ့မြင်လာတော့ အတုယူပြီး လိုက်ပြောတတ်ကြောင်း၊ ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေ သုံးတတ်လာကြောင်းနှင့် ကလေးတွေကို ကိုယ်ဝန်ဆောင်စဉ်ကတည်းက ရန်ဖြစ်ရင် ငါမချစ်တဲ့ မင်းကို လက်ထပ်မိတာ နောင်တရကြောင်း ပြောပြီး ဗိုက်ပါ အကန်ခံရကြောင်း နော်စေးစေးက ဆက်ပြောပါတယ်။

ကယားပြည်နယ်မှာ မတွေ့မြင်ဖူးပဲ လူကြီးသူမတွေရဲ့ စောစီးစွာ အိမ်ထောင်ချပေးမှုက ရှိနေဆဲပါ။ ရှားတောမြို့နယ်က ကယားရွာလေးတစ်ရွာမှာ နေထိုင်တဲ့ မော်ဘော်မယ်( နာမည်လွဲ)ဟာ တခြားရွာမှ အမျိုးသားတစ်ဦးနဲ့ မိဘတွေက အိမ်ထောင်ချပေးဖို့ စကားပြောထားကြပါတယ်။

လက်ထပ် မထားသေးပေမယ့် လူကြီးသူမ နားဖောက်ထားလို့ အဝင်အထွက်ရှိတဲ့ အမျိုးသား အနေနဲ့ သူမကို အတူနေအမြဲတောင်းဆိုတတ်ပြီး သူမဖက်က လက်မခံလျှင် စိတ်ဆိုးပြီး သူ့ရွာကို ပြန်သွားတတ်ကြောင်း ပြောပါတယ်။

“သူ့ကို လက်မခံလို့ သူစိတ်ဆိုးပြီး ဘာမှ မပြောပဲ ပြန်သွားပြီဆိုရင် လူကြီးတွေက ကျမကိုပဲ ဆူတယ်။ မိဘကိုလည်း ကြောက်ရတော့ အရမ်းစိတ်ညစ်ရတယ်” လို့ မော်ဘော်မယ်က ရှိုက်ပြီးပြောပြသွားပါတယ်။

အမျိုးသမီးတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကလေးငယ်၊ မိန်းကလေးငယ် အပြင် အိမ်ထောင်ရှင် အမျိုးသမီးတွေဟာလည်း ခံနေရပေမယ့် တခြားသူတွေကို ပြန်လည်ရင်ဖွင့်ဖို့နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်တယ်ဆိုတဲ့ အကြောင်းကို မသိပဲ လိင်မယားကြားဆိုလျှင် ကာမပိုင် သူ့မိန်းမပဲ ဝတ္တရားရှိတယ်ဆိုတဲ့ စိတ်နဲ့ ငြိမ်ခံနေတတ်ကြပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှာ မုဒိမ်းမှုကျူးလွန်သူကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ-၃၇၆ဖြင့် တစ်သက်တစ်ကျွန်းဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ မုဒိမ်းကျင့်ခံရသော မိန်းမသည် မိမိ၏ မယားဖြစ်ပြီး အသက်တစ်ဆယ့်နှစ်နှစ်အောက် မဟုတ်လျှင် မုဒိမ်းကျင့်သော ထိုလင်ကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ 

ကာမကို လည်လိမ်ရယူခြင်းကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၄၁ရဖြင့် မည်သူမဆို လိမ်လည်မှု ကျူးလွန်လျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

လင်မယားကြားမှာ မိန်းမက အလိုမတူပဲ ငြင်းဆန်ခြင်း၊ မိန်းမက ခွင့်မပြုခြင်း၊ မိန်းမက ခွင့်ပြုသော်လည်း ထိုသို့ခွင့်ပြုရခြင်းမှာ ထိုမိန်းမကို သေစေမည်ဟုသော်လည်းကောင်း၊ နာကျင်စေမည်ဟုသော်လည်းကောင်း ကြောက်ရွံ့အောင်ပြုသဖြင့် ခွင့်ပြုရခြင်း၊ မိန်းမက ခွင့်ပြုသော်လည်း ယောကျာ်းက မိမိသည် ထိုမိန်းမ၏ လင်မဟုတ်ကြောင်း သိသည့်အပြင် ထိုမိန်းမက ခွင့်ပြုခြင်းမှာလည်း မိမိကို ဥပဒေနှင့်အညီ လက်ထပ်ထားသော၊ သို့တည်းမဟုတ် လက်ထပ်ထားသည်ဟု ယုံကြည်သော အခြားယောကျာ်ဖြစ်သည်ဟု ယုံကြည်၍သာ ခွင့်ပြုကြောင်းကို ထိုယောကျာ်းက သိခြင်းနဲ့ မိန်းမက ခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ ထိုမိန်းမသည် အသက် တစ်ဆယ့်ခြောက်နှစ်အောက် အရွယ်ရှိသူ ဖြစ်ခြင်း တို့သည် မုဒိမ်းမှုကို ကျူးလွန်သည်။

မြန်မာနိုင်ငံမှာ အိမ်ထောင်ရှင်အမျိုးသမီး ၅ ဦးမှာ ၁ဦးက အိမ်ထောင်ဖက်ရဲ့ အကြမ်းဖက်မှုကို ခံနေရ တယ်လို့  မြန်မာနိုင်ငံ လူနေမှု ဘဝနဲ့ ကျန်းမာရေးစစ်တမ်းမှာ ဖော်ပြထားပါတယ်။

ကမာ္ဘပေါ်မှာ ရှိတဲ့ အမျိုးသမီး ၃ ဦးမှာ ၁ ဦးက အကြမ်းဖက်မှု၊ အဓ္ဓမပြုကျင့်မှု ခံနေရတယ်လို့ ကမာ္ဘ့ ကျန်းမာရေးအဖွဲ့ (WHO)က တရားဝင် ထုတ်ပြန်ထားပါတယ်။ ကမာ္ဘ့လူဦးရေ သန်းခြောက်ထောင်မှာ တဝက်က အမျိုးသမီးဖြစ်တယ်လို့ ယူဆတွက်ချက်တာကြောင့် အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီး အရေအတွက်ဟာ ခန့်မှန်း ကိန်းဂဏန်းအားဖြင့် သန်းတထောင် ရှိနေပါတယ်။

ဒါတွေကို ကယားပြည်နယ်ရဲ့ နေရာတော်တော်များများမှာ မြင်တွေ့နေရပါတယ်။ ဒါတွေကို တွန်းလှန်ဖို့လည်း အမျိုးသမီးတွေမှာ အင်အားမရှိကြပါဘူး။ အမျိုးသမီးတွေ မတွန်းလှန်နိုင်တာနဲ့ ပါတ်သက်လို့ ကရင်နီ အမျိုးသမီး အစည်းအရုံး အထွေထွေ အတွင်းရေးမှူး မမီးမီးက အခုလို ပြောပါတယ်။

“အကြမ်းဖက်မှုသည် များသောအားဖြင့် အမတို့ ကရင်နီအမျိုးသမီးအစည်းအရုံးမှာဆိုရင်လည်း Safe House ရှိတယ်လေ။ ရောက်လာတဲ့ အမှုတွေ တော်တော်များများဟာလည်း အိမ်တွင်း အကြမ်းဖက်မှုတွေ များတယ်ပေါ့။ လိင်ပိုင်းဆိုင်ရာနဲ့ အကြမ်းဖက်တာတွေပေါ့နော်။ အကြမ်းဖက်တာတွေ ထဲမှာမှ အိမ်တွင်း အကြမ်းဖက်မှု မုဒိမ်းမှု နောက် သက်ငယ် မုဒိမ်းမှု အဲလိုတွေက တအားများတယ်။ ဘာကြောင့်လဲဆိုရင် ခုဏလိုပဲ ဆက်စပ်တယ်။ အစဉ်အဆက်က ဒါ အမျိုးသမီးဟာ ဒီလိုပဲ အမျိုးသားတွေဟာ အမျိုးသမီးထက် မြင့်မြတ်တယ်။ အမျိုးသမီးဆိုတာ အမျိုးသားရဲ့ ကိုယ်ပိုင်ပစ္စည်းလို ပုံစံမျိုးပေါ့နော်။ အဲလိုပုံစံမျိုးနဲ့ သတ်မှတ်ပြီးတော့ အမျိုးသမီးတွေကို သူတို့ထက် တစ်ဆင့်နှိမ့်ပြီးတော့ နှိပ်ချ ဆက်ဆံတာပေါ့။ အဲလို ဆက်ဆံရာကနေပြီးတော့ နောက်ဆက်တွဲက အဲလိုတွေ ဖြစ်လာတာ။ ဒါဟာထုံးစံပဲ သူတို့ပိုင်တဲ့ ပစ္စည်းပဲပေါ့။ စေ့စပ်ပြီးကတည်းက ဒါ ငါတို့ပိုင်သွားပြီဆိုတဲ့ ပုံစံမျိုးနဲ့ ငါတို့ပိုင်တာ ငါတို့လုပ်ချင်တာ လုပ်လို့ရပြီ အဲလိုမျိုးတွေ သူတို့က အစဉ်အဆက် သတ်မှတ်လာတဲ့ဟာကို အမျိုးသားတွေကလည်း အဲလိုပဲ ကျင့်သုံးလာတယ်ပေါ့။ အဓိက အရေးကြီးတာက အမျိုးသား အမျိုးသမီး မခွဲခြားပဲနဲ့ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် လေးစားဖို့တော့ လိုတယ်။ သူ့မှာလည်း ဂုဏ်သိက္ခာရှိတယ်ဆိုတာကို နားလည်ဖို့လိုတယ်”လို့ ပြောပါတယ်။ 

ကယားပြည်နယ်တွင် ရိုးရာ ယဉ်ကျေးမှု ဓလေ့တွေသည် အရင်ကတည်းက ကျင့်သုံးလာပြီး လက်ရှိအချိန်ထိ ကျင့်သုံးနေတာတွေ ရိုးရာအရ ဖြေရှင်းပေးမှုသည် အမျိုးသမီးအတွက် အခက်အခဲ ဖြစ်နေတဲ့ အပိုင်းတွေ ရှိနေတဲ့အတွက် အမျိုးသမီးများအနေနဲ့ မတရား ခံနေရတဲ့ အခြေအနေဖြစ်နေလျှင် ရိုးရာအရ ဖြေရှင်းတဲ့သူတွေကို  သတိ္တရှိရှိနဲ့ ပြန်ပြောဖို့ လိုအပ်ကြောင်း ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ)မှ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ပြောပါတယ်။

ဒေါ်လှလှရီက ဆက်လက်ပြီး ၎င်းကျင့်သုံးမှုတွေသည် မြန်မာနိုင်ငံက  ပြဌာန်းထားသော ဥပဒေ မဆန့်ကျင်ဘူး ဒီအမျိုးသမီးရဲ့ တရားမျှတမှုနဲ့ မဆန့်ကျင်ဘူးဆိုှ ကျင့်သုံးသင့်ပြီး လူမှုအသိုင်းအဝန်းကလည်း ခံရသူ အမျိုးသမီးဖက်မှ ရပ်တည်ပေးဖို့ လိုအပ်တယ်လို့ ပြောသွားပါတယ်။

 

Comments

comments

Next Post

အပြန်အလှန်စွပ်စွဲအငြင်းပွားနေသောလွိုင်ကော်က မြေလုပွဲ

Sat May 13 , 2017
ကန္တာရဝတီတိုင်း(မ်)- လွိုင်ကော်မြို့နယ် နမ့်ဘော်ဝမ်ရပ်ကွက်အနီး စစ်တပ်တောင်ကွင်းအမှတ် ၁၆၆ ရှိ မြေ ၇ရ ဧကကို  မြို့ပြ စီမံကိန်းမြေ (Town Plan)နေရာဟုဆိုကာ အစိုးရ၏ ဌာနဆိုင်ရာအဆောက်အဦးများ တည်ဆောက်ရန် ရည်ရွယ်နေပြီး ယင်းမြေနေရာကို ကန့်ကွက်နေသူများက ၎င်းတို့၏ စိုက်ပျိုးမြေများဖြစ်ကြောင်းဟု ဆိုကာ အပြန်အလှန်စွပ်စွဲမှုများ အငြင်းပွားနေကြသည်။ ယင်းမြေနေရာများသည် မြို့ပြစီမံကိန်းအတွက် ရေးဆွဲလျာထားသည့်အတွက် မြေနေရာတိုင်းတာခြင်း၊ အဆောက်အဦးများဆောက်လုပ်ခြင်းများ ဆက်လက်လုပ်ဆောင်ရန်သာ ရှိသည်ဟု လွိုင်ကော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက မေလ ၁၂ ရက်နေ့တွင် ကန္တာရဝတီတိုင်း(မ်)ကို ပြောကြားသည်။   “၂၀၁၃ ကတည်းက Town Plan (မြို့ပြစီမံကိန်း) ရေးဆွဲထားပြီးသား။ ဒီမြေနေရာတွေ အစိုးရဌာနဆိုင်ရာရုံး ၃၄ ရုံး အတွက် […]