spot_img
Tuesday, November 29, 2022
spot_img

တကျော့ပြန် မော်ချီး သယံဇာတ အဆိပ်သင့်ခြင်း

spot_imgspot_imgspot_imgspot_img

လင်းသန့်ရေးသားသည်။

မော်ချီးတောင်ကမ်းပါးယံတွင် သတိထားလျှောက်နေသော ဂျော်နီမင်း၏ ခြေလှမ်း တည်ငြိမ်မနေပါ။ ခြေလှမ်းမှားလိုက်သည်နှင့် တဖက်တွင် အချိန်မရွေး သူ့၏ အသက်ကို နုတ်ယူနိုင်သော ပေ ၁၀၀ဝ နီးပါးအမြင့်ရှိ ချောက်ကမ်းပါး ရှိသည်။ မလှမ်းမကမ်းတွင် သတ္တုတူးဖေါ်သည့် လုပ်ငန်းခွင် တစ်ခု။

ငြိမ်းချမ်းရေးလက်မှတ်ထိုးထားသည်မှာ ဆယ်စုနှစ်ကြာပြီဖြစ်သော လက်နက်ကိုင်အဖွဲ့က လုပ်ကိုင်ခွင့်ရထားသော သတ္တုတွင်းကို အစီရင်ခံစာတစ်ခုအတွက် ခိုးဝှတ်ပြီး ဓါတ်ပုံမှတ်တမ်းရယူနိုင်ရန် နိုဝင်ဘာလ၏ နေအပူရှိန်အောက် သူကြိုးစားနေသည်။

ကင်မရာမဆိုနှင့် ဓါတ်ပုံရိုက်ကူးနိုင်သည့် ဖုန်းတောင်မှ ယူဆောင်ခွင့်မပေးသော သတ္တုတွင်း လုပ်ကွက်၏ ပုံရိပ်များ မှတ်တမ်းတင်ခြင်းမှာ သာမာန်လူအတွက် လွယ်ကူသည့်အလုပ်မဟုတ်။

သတ္တုများ ရွေးထုတ်ပြီးသား ဗဟန်း (ဒေသအခေါ်) တင်းနစ်ဘောလုံးအရွယ် ကျောက်တုံးကို ချောက်ထဲသို့ အရှိန်ပြင်းပြင်းဖြင့် လွင့်ပစ်လိုက်ကာ “မော်ချီးကို အာဏာရှိတဲ့သူတွေက သူတို့ရဲ့ အိတ်ကပ်ထဲကို ထည့်ဖို့ပဲ စဉ်းစားနေကြတယ်”ဟု မောဟိုက်အသံဖြင့် သူ ညီးသည်။

တချိန်က ကြီးကျယ်ခမ်းနားခဲ့သော မော်ချီး၊ ခေတ်အဆက်ဆက် အလုအယှက်တူးဖေါ်မှုနှင့်အတူ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေခဲ့မှုက မြေပြိုအက်ကြောင်းများဖြင့် မော်ချီးသည် အကျည်းတန်ခဲ့ပြီ။

မော်ချီသတ္တုတွင်းဒေသရှိ နေရာတစ်ခု(ဓါတ်ပုံ-စိုင်းလင်းလင်းဦး)

ဒေသဖွံ့ဖြိုးရေးအတွက် လစ်လျူရှူခံထိနေပြီး ပျက်စီးခဲ့သော သဘာဝပတ်ဝန်းကျင်အား ပြန်လည်ကုစားပေးရေး ပျက်ကွက်နေသည့်အပြင် မော်ချီးသတ္တုတွင်းသည် အကျင့်ပျက်ခြစားမှုနှင့်အတူ ကြီးထွားလာသော တရားမဝင်သတ္တုမှောင်ခိုဈေးကွက်များဖြင့် ခရိုုနီတို့၏ မွေ့လျော်ရာဒေသဖြစ်နေသည်။

ယင်းတို့ကြောင့် ယခုအချိန်တွင် ၎င်းဒေသကို တကျော့ပြန် မော်ချီး သယံဇာတ အဆိပ်သင့်ကာ 
ဒေသခံများကို ခြိမ်းခြောက်နေပြီဟု ဂျော်နီမင်း သတိပေးသည်။

“ပေးဆပ်လိုက်ရတဲ့ အဖိုးအခနဲ့ ပြန်ရတာ မထိုက်တန်ဘူး” မော်ချီး၌ ထုတ်ယူသွားသော သဘာဝသယံဇာတများကို သူ ရည်ညွှန်းပြောဆိုသည်။

ဂျော်နီမင်းသည် Kayah Earehright Action Network-KEAN ၏ Mining Coordinator ဖြစ်ပြီး ပြည်နယ်အတွင်းရှိ သယံဇာတထုတ်ယူသုံးစွဲခြင်းနှင့် ပတ်သက်၍ အနီးကပ်စောင့်ကြည့်လေ့လာသူဖြစ်သည့်အပြင် မော်ချီဒေသခံတစ်ဦးလည်း ဖြစ်သည်။
သူတာဝန်ယူ ပြုစုနေသော မော်ချီးသတ္တုမိုင်း၏ ကျန်းမာရေး၊ လူ့အခွင့်အရေးအခြေအနေကို အစီရင်ခံစာတွင် ထည့်သွင်းနိုင်ရန် သူရည်ရွယ်နေသည်။

သမိုင်းကြောင်း

မော်ချီးသည် မြန်မာနိုင်ငံတွင် ခဲမဖြူ၊ အဖြိုက်နက်နှင့် ရှီးလိုက်ရောရာထွက်ရှိသော သတ္တုတွင်းများအနက် သက်တမ်းအရင့်ဆုံးသတ္တုတွင်းဖြစ်သလို အကြီးဆုံးလည်းဖြစ်သည်။ ကမ္ဘာ့ဈေးကွက်တွင် မော်ချီးထွက် ခဲမဖြူ၊ အဖြိုက်နက်သည် နာမည်ကြီးသည်။

ကယားပြည်နယ် ဖါးဆောင်းမြို့နယ်တွင် တည်ရှိသော ယင်းသတ္တုတွင်း၏ အကျိုးအမြတ်ကို တပ်မတော်နှင့် ငြိမ်းချမ်းရေးရယူထားသည် အဖွဲ့အစည်းများ၊ ၎င်း၏ အပေါင်းအပါများနှင့် ခရိုနီများမှ လက်ဝါးကြီးအုပ်ထားသည်မှာ ဆယ်စုနှစ် ၁ ခုပင်မကတော့။ 
မော်ချီးမှ ထွက်ရှိသော အခွန်အခနှင့် ထွက်ရှိသတ္တု၏ ကိန်းဂဏန်းအမှန်ကို ပြည်သူများမဆိုနှင့် အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသအစိုးရတောင် သိခွင့်မရှိခဲ့ပေ။

“ဒီလိုအချက်အလက်တွေကို သူတို့ ဖုံးကွယ်ထားတာ။ လူတွေ မသိနိုင်လေ သူတို့က ကြိုက်လေပဲ။”ဟု ဂျော်နီမင်းက ဆိုသည်။

မော်ချီးတွင် အလုပ်သမားများကို ခေါင်းပုံဖြတ်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းကို လျစ်လျူရှုမှုနှင့် လူအခွင့်အရေးချိုးဖေါက်မှုများကို တိတ်တဆိတ်သော်လည်းကောင်း၊ ပေါ်ပေါ်ထင်ထင်သော်လည်းကောင် ဖြစ်ခဲ့၊ ဖြစ်နေဆဲဟု ဂျော်နီးမင်းက အခိုင်အမာပြောသည်။

ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ခွဲဝေခြင်း ပြဿနာ

မော်ချီးသတ္တုတွင်းကို ၁၉၃ဝ ကတည်းက စတင်၍ နိုင်ငံခြားကုမ္ပဏီများက စတင်တူးဖေါ်ခဲ့ကာ ၂၀၀ဝ ခုနှစ် အတောအတွင်း နိုင်ငံတော်က ဦးစီးပြီး တူးဖေါ်လုပ်ကိုင်ခဲ့သည်။

ယင်းနောက် စစ်တပ်မှ ပုဂိ္ဂုလ်အများစုဖြင့် ဖွဲ့စည်းခဲ့သော ကယားပြည်နယ်သတ္တုတူးဖေါ်ထုတ်လုပ်ရေးကုမ္ပဏီ(KMPC)အား ၂၀၀၂ တွင် အစိုးရက မော်ချီးတွင် သတ္တလုပ်ငန်းလုပ်ကိုင်ရန် တရားခွင့်ပြုပေးခဲ့ပြီး သတ္တုတွင်းဝန်ကြီးဌာန အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် သတ္တုထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့် တူးဖေါ်လုပ်ကိုင်လာသည်မှာ ယနေ့အထိဆိုလျှင် ၁၅ နှစ်ကျော်ရှိလာပြီဖြစ်သည်။

မော်ချီး၏ သတ္တုများ အဓိကထွက်ရှိသော မြေဧက ရ ထောင် ကျော်တွင် မြန်မာဦးပိုင်ကုမ္ပဏီလက်အောက်ရှိ KMPC က လုပ်ကိုင်ခွင့်ရရှိထားလေသည်။ KMPC  နှင့် အကျိုးတူ ရှယ်ယာများထည့်ဝင်သူများလည်းရှိခဲ့ကာ ရဲထွဋ်ကျော်ကုမ္ပဏီသည် ရာနှုန်းပြည့် ပူးပေါင်းလုပ်ကိုင်သည်။ 

KNPC ၏ သတ္တုလုပ်ကွက်တစ်ခု(ဓါတ်ပုံ-လင်းသန့်)

ဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်း အသေးစား/အလတ်စားလုပ်ကွက်များကို အများအပြားခွင့်ပြုပေးခဲ့သေးသည်။ ထိုအထဲတွင် ငြိမ်းချမ်းရေးယူထားသော ပြည်သူ့စစ်အသွင်ပြောင်း အဖွဲ့အစည်းများ၏ ကုမ္ပဏီများလည်း ပါဝင်သည်။

စမ်းသပ်တိုင်းတာ တူးဖေါ်ခွင့်ကို ယခင်က ဆယ်ကဏန်အထိ ခွင့်ပြုထားသော်လည်း လုပ်ကွက်နှင့် ကုမ္ပဏီအချို့ကို ထုတ်လုပ်ခွင့်နှင့် စမ်းသပ်တိုင်းတူးဖေါ်ခွင့်များကို ၎င်းတို့က ၂၀၁၅ အတောအတွင်း ပြန်လည်အပ်နှံခဲ့သည်။ ၂၀၁ရ ခုနှစ် လက်ရှိတွင်မူ အကြီးစားတူးဖေါ်ခွင့်ရ ကုမ္ပဏီ ၁ ခုနှင့် အသေးစားကုမ္ပဏီ ၄ ခု https://goo.gl/vrKWmJ သာ လုပ်ကိုင်ခွင့်ရထားသည်။

အစိုးရတွင် တရားဝင်မှတ်ပုံတင်ထားရှိ လုပ်ကိုင်နေသော ကုမ္ပဏီများ(၂၀၁၇)

သတ္တုတူးဖေါ်သူသည် ယင်းဒေသရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ထိခိုက်ပျက်စီးမှုမရှိအောင် စီမံဆောင်ရွက်ရမည်ဟု ၁၉၉၆ မြန်မာ့သတ္တုတွင်းဥပဒေနှင့် နည်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ထို့အပြင် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်က ပြင်ဆင်လိုက်သော မြန့်မာသတ္တုတွင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင်လည်း သဘာဝသယံဇာတတူးဖေါ်ထုတ်လုပ်သည့် ဒေသတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအစီအစဉ်တို့ကို တူးဖေါ်ထုတ်လုပ်သည့် ကုမ္ပဏီ(သို့မဟုတ်)လုပ်ကိုင်ခွင့်ရရှိသူက ရန်ပုံငွေထားရှိကာ နှစ်စဉ်အကောင်အထည်ဖေါ်ရမည်ဟု အတိအလင်းဖေါ်ပြထားပြီးသားဖြစ်သည်။

သို့တိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဆောင်မှုသည် ကုမ္ပဏီ၏ သဘောထားအပေါ်မူတည်လျှက်ရှိပြီး မည်သည့်အတိုင်းအတာ လုပ်ဆောင်ရမည်ဆိုသော ဥပဒေနှင့် ပြဋ္ဌာန်းထားခြင်းမရှိသေးပေ။

“သူတို့က ပြောတယ်။ ဒေသဖွံ့ဖြိုးရေးလုပ်ဖို့ နည်းဥပဒေမရှိလို့တဲ့။ သူတို့လုပ်ပေးသလောက်ပဲ ရမယ့်သဘောပေါ့။”ဟု ကယားပြည်နယ် ဖါးဆောင်းမဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဆွေက ကန္တာရဝတီတိုင်း(မ်)နှင့် တွေ့ဆုံစဉ် ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဆွေသည် မော်ချီးဒေသတွင် နေထိုင်လျှက်ရှိသူတစ်ဦးဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ် မဖြစ်ခင်ကတည်းက ၎င်းကိုယ်တိုင် KMPC ကုမ္ပဏီအောက်ရှိ အကျိုးတူ သတ္တုတူးဖေါ်လုပ်ငန်းလုပ်ကိုင်သူ ဒေသအခေါ် ကျင်းဦးစီးတစ်ဦးလည်းဖြစ်သည်။

သတ္တုတူးဖေါ်ရေးကုမ္ပဏီများမှ ၂၀၁၆-၁ရ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ-CSR ပတ်သက်၍ ၎င်းကိုယ်တိုင် ၂၀၁ရ ဖေဖေါ်ဝါရီလက ကယားပြည်နယ်လွှတ်တော်တွင် မေးခွန်းမေးမြန်ခဲ့သေးသည်။

ဒေသဖွံ့ဖြိုးရေးရန်ပုံငွေထားရှိဆောင်ရွက်ရန် နည်းဥပဒေမရှိသဖြင့် အတိအကျဆောင်ရွက်ရန် အစီအစဉ်မရှိကြောင်း ကယားပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က ဖြေဆိုခဲ့သည်။

ယင်းသည်အကြောင်းပြချက်သက်သက်သာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ စံချိန်စံညွှန်းများ ကုမ္ပဏီများက ထင်သလိုချယ်လှယ်ရန် လမ်းဖွင့်ထားသလိုဖြစ်နေသည်ဟု ကိုဒီးဒီက ထောက်ပြပြောဆိုသည်။

“ဒေသဖွံ့ဖြိုးရေးကိစ္စ အစိုးရအပေါ်မူတည်တယ်။ ဒေသဖွံ့ဖြိုးရေးကို လုပ်ပေးချင်လုပ်ပေးမယ်၊ မလုပ်ပေးချင်မလုပ်ဘူးဆိုတာက ကုမ္ပဏီရဲ့သဘောပဲဖြစ်နေတယ်။ တိတိကျကျသတ်မှတ်ဖို့ လုပ်ရမယ်။ ဥပဒေပြဋ္ဌာန်တာပဲဖြစ်ဖြစ်။”ဟု Myanmar Alliance for Transparency and Accountability – MATA ကယားပြည်နယ် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဒီးဒီက ပြောသည်။

သို့သော် ဝန်ကြီးဌာနမှ ဖြေဆိုထားသော ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ခြင်း စာရင်းတွင် ကျပ်သိန်း ၁၄၀ဝ စာရင်းပြထားပြီး မြေပြင်တွင် ဟန်ပြလောက်သာဆောင်ရွက်မှုနှင့် အစိုးရထံ မျက်နှာလိုမျက်နှာရရန် ကိုယ်ကျိုးအတွက် ရည်ရွယ်ခြင်းဖြစ်ဟု ကိုဒီးဒီက ဝေဖန်သည်။

၂၀၁၅ အောက်တိုဘာလအတွင်းက မော်ချီးတွင် မြေပြိုကျမှုကြီးဖြစ်ပွားခဲ့ကာ လူပေါင်း ၂၈ အထိ သေဆုံးခဲ့ကြရသည်။ သတ္တုတူးဖေါ်သော ဒေသအတွင်း အခြေခံ ဖွံ့ဖြိုးရေဆိုင်ရာ လုပ်ငန်းများကို မျက်ကွယ်ပြုခဲ့ခြင်းကြောင့်ဟု သဘာဝပတ်ဝန်းကျင်အရေးတက်ကြွှလှုပ်ရှားများက ညွှန်းဆိုလေ့ရှိသည်။

၂၀၁၅ အောက်တိုဘာလက မြေပြိုမှုများဖြစ်ခဲ့စဉ်(ဓါတ်ပုံ-စိုင်းလင်းလင်းဦး)

မြေထိန်းနံရံများ မရှိခြင်း၊ ရေစီးလမ်းကြောင်းအတွက် ရေမြောင်းများမရှိခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းအစီအစဉ်များမရှိခြင်းကလည်း အားနည်းချက်ဖြစ်ခဲ့ကြောင်း အဆိုပါမြေပြိုကျပြီးနောက်ပိုင်း သတ္တုတွင်းဝန်ကြီးဌာနက ကွင်းဆင်းပြုလုပ်ခဲ့သော မော်ချီးဒေသမြေပြိုမှု ဘူမိဗေဒအစီရင်ခံစာ www.mining.gov.mm/ https://goo.gl/GQ4oUG တွင် ဖေါ်ပြထားသည်။

ထို့အပြင် သတ္တုလုပ်ကွက်များအား ရေပန်းဖြင့်ထိုးကာ မြေအလွှာများ ပြိုကျစေသည့် အပြုမှုများကို စည်းကမ်းမဲ့ လုပ်ဆောင်ခဲ့ကြောင်းလည်း ဒေသခံများ၏ ဝေဖန်သံများ မကြာခဏဆိုသလို ထွက်ပေါ်နေသည်။

ထို့အပြင် သတ္တုထုတ်လုပ်ခြင်းနှင့် စီးပွားရေးလုပ်ငန်းပြိုင်ဆိုင်လုပ်ကိုင်လာခြင်းနှင့်အတူ သယံဇာတခွဲဝေမှုများကို ဗဟိုချုပ်ကိုင်မှုအားပေးထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ဌာနေတိုင်းရင်းသားဒေသတွင် ပဋိပက္ခများ ဖြစ်ပွားနိုင်စေကြောင်း အရပ်အဖွဲ့အစည်းများ၏ အစီရင်ခံစာများ https://goo.gl/8FzEoa https://goo.gl/A9xhcr က ကြိုတင်သတိပေးမှုများ မကြာခဏဆိုသလို ထုတ်ပြန်လေ့ရှိသည်။

မော်ချီ၌ အကြီးစားထုတ်လုပ်နေသော ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးရဲထွဋ်ကမူ ဒေသဖွံ့ဖြိုးရေးကို ၎င်းတို့က အစဉ်တစိုက်ကြိုးပမ်းလုပ်ဆောင်ပေးနေလျှက်ရှိကြောင်း ကန္တာရဝတီတိုင်း(မ်)က ၎င်းနှင့် နှစ်ကြိမ်တွေ့ဆုံမေးမြန်ခဲ့စဉ်ကလည်း ဖြေဆိုထားသည်။

မော်ချီး ဒေသရှိ လူနေအိမ်များအတွက် လျှပ်စစ်မီးနှင့် သောက်သုံးရေကဲ့သို့သော ကိစ္စရပ်များကို အထူးတလည် လုပ်ဆောင်နေလျှက်ရှိဟု ၎င်းက ပြောကြားထားသည်။

သို့သော် ၂၀၀၉ မှ ၂၀၁၆ အထိ ရ နှစ်တာ ကာလအတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ကျပ်သိန်းပေါင်း ၃ ထောင် ဆောင်ရွက်ခဲ့ပြီဟု KMPC က ၂၀၁၆ ခုနှစ်မှသာ ပြည်နယ်အစိုးရထံသို့ တင်ပြသည်။

သို့သော် ယင်းလုပ်ငန်းများ၏ အသေးစိတ် အစီရင်ခံစာများကိုမူ ပြည်သူများ မသိရှိရပေ။

သယံဇာတထုတ်လုပ်ခြင်း ပွင့်လင်းမြင်သာမှုအတွက် စိန်ခေါ်မှု

သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံ EITI အဖွဲ့ဝင်ဖြစ်ရေးအတွက် ၎င်း၏အစိုးရက ကြိုးပမ်းမည်ဟု ၂၀၁၂ ခုတွင် ကြေညာလိုက်သောအခါ လူအများ တအံ့တဩ ဖြစ်ခဲ့ကြရသည်။ EITI (Extractive Industries Transparency Initiative) ဟူသည် သဘာဝသယံဇာတ ထုတ်နုတ်တူးဖော်ခြင်းကိစ္စနှင့် ပတ်သက်သော ပွင့်လင်းမြင်သာမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

သဘာဝသယံဇာတကို ပွင့်လင်းမြင်သာစွာ စီမံခန့်ခွဲရေးတွင် ပထမဆုံး လှမ်းလိုက်သည့် ခြေလှမ်းတစ်ခုအဖြစ် EITI ကို လူအများ ကျယ်ကျယ်ပြန့်ပြန့် အားပေးကြိုဆိုခဲ့ကြသည်။ EITI ၏ လိုအပ်ချက်တစ်ရပ်မှာ အစိုးရ၊ ကုမ္ပဏီနှင့် အရပ်ဘက်ဟူသောသုံးပွင့်ဆိုင်အဖွဲ့အစည်း-MSGတို့ သုံးဦးသုံးဖလှယ် ပါဝင်လုပ်ဆောင်ရမည့် အချက်ဖြစ်သည်။

ကုမ္ပဏီများ၏ သတ္တုကျင်းလုပ်ကွက်များ(ဓါတ်ပုံ-လင်းသန့်)

သို့ပြင်ငြား မြန်မာနိုင်ငံ၌ အစိုးရအကူးအပြောင်းကာလ ရောက်ရှိလာခဲ့ရာ EITI လေးစားလိုက်နာရေး လုပ်ငန်းအစီအစဉ်များမှာလည်း ရပ်တန့်သွားခဲ့သည်။ အစိုးရအပြောင်းအလဲနှင့်အတူ အဓိကပါဝင်သူများအဖွဲ့ MSG မှာ ပြိုပျက်သွားခဲ့ရာ ယခုအထိ ပြန်လည်မဖွဲ့စည်းနိုင်သေးချေ။ 
သုံးပွင့်ဆိုင်ပါဝင်သော EITI အဖွဲ့ ကယားပြည်နယ်အဆင့်ကိုလည်း ဖွဲ့စည်းနိုင်ခြင်းမရှိသေးပါ။

သို့ပြင် သယံဇာတထုတ်ယူခြင်းနှင့်ဆိုင်သော ပွင့်လင်းမြင်သာမှု ကိစ္စရပ်များကို်လည်း NLD အစိုးရက အာရုံစိုက်မှု အားနည်းနေလျှက်ရှိကြောင်း မော်ချီးသတ္တုတွင်းကို အနီးကပ်လေ့လာစောင့်ကြည့်သူ ကိုစစ်မုန်းက ဆိုသည်။

EITI လုပ်ငန်းစဉ်အပေါ် လက်ရှိအစိုးရ အာရုံမစိုက်နိုင်သည့်တိုင် မော်ချီးတွင် စာရင်အင်းများ ပွင့်လင်မြင်သာမှု ရှိမနေခြင်းကိုလည်း အာဏာပိုင်များက မသိကျိုးကျွံပြုနေကြဆဲဟု ၎င်းက ထောက်ပြသည်။

အခွန်အခ တိမ်းရှောင်ရန် စာရင်းအင်းများ လိမ်လည်ခြင်း

သတ္တုတူးဖေါ်ရေးကုမ္ပဏီများမှ အခွန်အခများနှင့် ထွက်ရှိသတ္တုတန်ချိန်များကို စာရင်းအင်းများ လိမ်လည်မှုများကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်လိုက်သော မြန်မာ EITI အစီရင်ခံစာ https://goo.gl/cAfzti တွင် အထင်အရှား တွေ့ရမည်ဖြစ်သည်။

၂၀၁၃ ဧပြီ မှ ၂၀၁၄ မတ်လအတွင်း ရေနံ၊ သဘာဝဓါတ်ငွေနှင့် သတ္တုတွင်းကဏ္ဍအတွက် ပြုစုခဲ့သော အဆိုပါအစီရင်ခံစာတွင် မော်ချီးတွင် ခဲသတ္တုတူးဖေါ်လုပ်ကိုင်နေသော ရင်းနှီးမြှပ်နှံထားသော KMPC ၏ စာရင်းအင်း အမှားအယွင်းများနှင့် ပတ်သက်၍ လေ့လာဆန်းစစ်ထားသည်ကိုလည်း တွေ့မြင်ကြရမည်။

ကိန်းကဏန်အမှားများကို ပြုပြင်ထားသော KNPC ၏ အစီရင်ခံစာ(Source-Myanmar EITI)

၂၀၁၃-၁၄ ဘဏ္ဍာနှစ်က ထုတ်လုပ်ခဲ့သော သတ္တုအကျိုးအမြတ်အတွက် နိုင်ငံတော်သို့ ဝင်ငွေခွန်နှင့် ကုန်သွယ်ခွန်များပေးသွင်းထားသည့် စာရင်းများကို နှစ်ခါပြန် ဖေါ်ပြထားခြင်း၊ ပြင်ဆင်ဖြည့်စွတ်ထားသော စာရင်းများဖြင့် ဖေါ်ပြထားသည်ဟု ၎င်း အစီရင်ခံစာက ဆိုထားသည်။

EITI ၏ လုပ်ငန်းစဉ်သဘောမှာ နိုင်ငံ၏ သယံဇာတများကို ထုတ်ယူသော မည်သည့်ကုမ္ပဏီများထံမှ နိုင်ငံတော်အစိုးရက အခွန်ဘဏ္ဍာ မည်မျှရရှိသည်ကို ဖော်ပြသိရှိနိုင်စေရန် ရည်ရွယ်၍ လုပ်ဆောင်ရခြင်းဖြစ်ရာ ကျယ်ပြောများပြားလှသော သယံဇာတများကို အလွဲလွဲအမှားမှား စီမံလုပ်ဆောင်နေမှု၊ အဂတိလိုက်စားမှု၊ ခြစားမှုများဖြင့် နာမည်ပျက်နေသော သယံဇာတထုတ်ယူမှုစနစ်ကို ပြည်သူများ မြင်တွေ့ရပြီဖြစ်သည်။

ကိန်းကဏန်အမှားများကို ပြုပြင်ထားသော KNPC ၏ အစီရင်ခံစာ(Source-Myanmar EITI)

အစီရင်ခံစာ၏ ညွှန်းဆိုချက်အရ ပြုပြင်ထားသော စာရင်းအင်းများကို ကုမ္ပဏီများမှ ဖြစ်တက်ကဆန်ပြုလုပ်ခဲ့ခြင်းအပေါ် အံ့ဩကြရပြီး ယင်းကိစ္စရပ်သည် အလွန်ထိလွယ်ရှလွယ်သော ပြဿနာရပ်ဖြစ်သည်။

၂၀၁၅ မှသာ ထုတ်ပြန်နိုင်သော EITI တွင်သာ မော်ချီး၏ သယံဇာတ အခွန်နှင့် စာရင်းအင်းများကို သိရှိလိုက်ရကာ အစီရင်ခံစာတွင် မပါဝင်နိုင်ခဲ့သော ကျန် ၁ဝ နှစ်အတွက် ကိန်းကဏန်းများကို ပြည်သူများ မသိရှိနိုင်ခဲ့ကြပေ။

  KNPC ၏ အခွန်အား ဝေဖန်ထားသော အစီရင်ခံစာ(Source-Myanmar EITI)

မော်ချီးအား သတ္တုထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့် ထုတ်လုပ်ခဲ့သော ၁ဝ နှစ်တာကာလအတွင်း သယံဇာတများကို အလွဲလွဲအမှားမှား စီမံလုပ်ဆောင်နေမှု၊ အဂတိလိုက်စားမှု၊ ခြစားမှု ပမာဏသည် မည်လောက်ထံ ရှိခဲ့သည်ကိုလည်း လူအများ မမှန်းဆနိုင်အောင် ရှိနေဆဲဖြစ်သည်။

နိုင်ငံ့အခွန်ဆုံးရှုံးစေသော တရားမဝင် သတ္တုမှောင်ခိုဈေးကွက်

မော်ချီး၏ သယံဇာတခွဲဝေမှု၊ စီမံခန့်ခွဲစနစ်အားနည်းချက်နှင့် အတူယှဉ်တွဲပါလာသော တရားမဝင် သတ္တုမှောင်ခိုဈေးကွက်ကို မေ့မထားသင့်ပေ။ ယင်းသည် မော်ချီးတွင် သာမက မြန်မာတစ်နိုင်ငံလုံးတွင် သယံဇာတနှင့် ပတ်သက်၍ အလွဲလွဲအမှားမှားနှင့် ရင်ဆိုင်နေကြရသော ပြဿနာဖြစ်သည်။

သို့ရာတွင် မော်ချီး၏ သတ္တမှောင်ခိုဈေးကွက် အသွားအလာသည် သမာရိုကျမဟုတ်။ မော်ချီးသတ္တုတွင်းအား တာဝန်ယူကိုင်တွယ်သူ အစိုးရ၏ သတ္တုတွင်းဝန်ကြီးဌာနအောက်ရှိ အမှတ်(၂) သတ္တုတွင်းလုပ်ငန်း၊ သတ္တုတွင်းဦးစီးဌာန(မော်ချီး)၏ စီမံခန့်ခွဲရေးဆိုင်ရာ အားနည်းချက်၊ အဂတိလိုက်စားမှုများနှင့် ရင်းနှီးမြုပ်နှံသူ ကုမ္ပဏီများ၏ အဂတိလိုက်စားမှုများက အခရာကျသည်။

ကန္တာရဝတီတိုင်း(မ်)မှ ၂ နှစ်အကြာ လေ့လာစုံစမ်းများ ပြုလုပ်ခဲ့ရာမှ ထွက်ပေါ်လာသော အချက်အလက်အရ မှောင်ခိုဈေးကွက် အသွားအလာ ၂ ခုရှိသည်။

မှောင်ခိုထွက်ရှိရာ လမ်းကြောင်း

တစ်ခုမှာ မော်ချီးဒေသရှိ ကုမ္ပဏီလက်အောက် တာဝန်ခံထုတ်ယူပေးနေသည့် ခဲကျင်းများမှ ထွက်ပေါ်လာသော သတ္တုများကို တရားမဝင်ရောင်းချခြင်းဖြစ်သည်။

မော်ချီးတွင် ကျင့်သုံးသော သတ္တုထုတ်လုပ်နည်း နှစ်မျိုးရှိသည်အနက် မော်ချီး၏ သတ္တုထုတ်လုပ်မှုအများစုကို လုပ်ကိုင်ခွင့်ရကုမ္ပဏီက ချုပ်ကိုင်ထားကာ ၎င်းတို့ ကိုယ်တိုင်ထုတ်လုပ်ခြင်းနှင့် ဒေသခံကျင်းဦးစီးများထံသို့ လုပ်ကွက်များခွဲဝေးပေးကာ အချိုးကျ ပြန်လည်ထည့်ဝင်စေသည့် စနစ်ကို အသုံးပြုသည်။

ထုတ်လုပ်မှုအပေါ် ထွက်ရှိလာသည့် အချိုးကျ ခွဲဝေယူစနစ်သည် အားနည်းချက်များရှိနေလျှက်ရှိကာ လိုအပ်သော အရင်းအနှီးများကို ကုမ္ပဏီများ အချိန်မှီထုတ်ပေးနိုင်ခြင်းမရှိသည့်အခါတွင် ကျင်းဦးစီးများက မှောင်ခိုထုတ်ရောင်းကာ လုပ်အားကုန်ကျစရိတ်များ ပြန်ဖားထေးရသည်။

ထို့ပြင် ကုမ္ပဏီများမှ သတ်မှတ်ထားသော သတ္တုကြမ်းခင်းဈေးနှုန်းများ နည်းပါးခြင်းကြောင်းလည်း မှောင်ခိုဈေးကွက်သို့ ရောင်းချရသည့် အကြောင်းအရင်းဖြစ်နေသည်ကို တွေ့ရသည်။

သတ္တုထုတ်လုပ်မှုလမ်းကြောင်း

ထွက်ရှိ သတ္တုအပေါ် ဈေးနှိမ်ဝယ်ယူခြင်းနေသည့်အပြင် အစိုးရပေါက်ဈေးထက် များစွာ လျော့နည်းနေကာ ရံဖန်ရံခါ ထုတ်လုပ်မှုကုန်ကျစရိတ်များသည့်အတွက် ကုန်ကျစရိတ်များ ပြန်လှည်ဖာထေးရန် ပြင်ပမှောင်ခိုဈေးနှုန်းဖြင့် ရောင်းချကြသည့် အနေအထားများဖြင့် ရပ်တည်နေကြရသည်ဟု KMPC ၏ သတ္တုကျင်းတစ်ခုတွင် ဦးစီးလုပ်ကိုင်နေသူ ကျော်သူရက ပြောသည်။

“မှောင်ခိုပျောက်ဖို့ လက်ရှိ သတ္တုပေါက်ဈေးတွေကို တိုးပေးဖို့လိုမယ်။ လုပ်ငန်းခွင်ဆိုင်ရာ ပံ့ပိုးမှုတွေကို တိုးမြှင့်ပေးဖို့လိုလိမ်မယ်။”ဟု ကိုကျော်သူရက ပြောသည်။

ထို့ပြင် သတ္တုဈေးနှုန်းများကို ဈေးနှိမ်ခြင်းသည်လည်း ကုမ္ပဏီက အလုပ်သမားဖြစ်သော ၎င်းတို့အပေါ် ထိခိုက်နစ်နာစေကြောင်း ကိုကျော်သူရက ပြောသည်။

“ခဲလုပ်တဲ့သူတွေ ဂုဏ်သိက္ခာရှိရှိ လုပ်ကိုင်လို့ရအောင် သူမနာ ကိုယ်မနာတဲ့ နှုန်းထားတွေ အစိုးရက သတ်မှတ်ပေးဖို့လိုလိမ့်မယ်။ ဖြစ်နိုင်ရင် ဘယ်သူကမှ ခိုးကြောင်ခိုးဝှတ်လုပ်ရတဲ့ မှောင်ခိုအလုပ်ကို မလုပ်ချင်ကြဘူးလေ။”ဟု သတ္တုကျင်းလုပ်သက် ၁၅ နှစ်ရှိ မော်ချီး ၁၃ ကုန်းကျေးရွာနေ ကျင်းဦးတစ်ဦးက ပြောသည်။

ခဲကျင်းဦးစီးများမှ ဦးဆောင်ထုတ်လုပ်ရသော သတ္တုကျင်းလုပ်ကွက်တစ်ခု(ဓါတ်ပုံ-စို်င်းလင်းလင်းဦး)

ယင်းသတ္တုမှောင်ခို သံသရာသည် ယခင်တည်းက အမြစ်တွယ်ခဲ့ပြီး ပြန်လည် ကုစားဖို့ ကိစ္စသည် အင်မတန်ခက်ခဲသည်ဟု မော်ချီးသတ္တုတွင်းစီမံကိန်း(ရုံခွဲ) တာဝန်ခံ ဦးစန်းဝင်းအောင်က ကန္တရဝတီတိုင်း(မ်)ကို ပြောကြားသည်။

“ဒီလုပ်ကွက်တွေကို ကုမ္ပဏီတွေကို ငှားထားတာ မှောင်ခိုကိစ္စဖြင်လာရင် သူတို့ပဲ တာဝန်ခံ ရှင်းရမယ်လေး။ စီမံကိန်းဌာနကတော့ တက်လာတဲ့အပေါ် အတည်ပြုချက်ပေးရုံပဲ။”ဟု ဦးစန်းဝင်းအောင်က ပြောသည်။

သယံဇာတထုတ်ယူရေးသည် အလွန်တရာ ခက်ခဲသော အခြေအနေတွင်ရှိနေပြီး ကုန်ကျစရိတ်ကာမိအောင် သတ္တုထုတ်လုပ်ရေးကုမ္ပဏီများက ကြိုးစားနေကြရသည်ဟု ကယားပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က ပြောသည်။

“မော်ချီးကုမ္ပဏီတွေက အစိုးရကို သူတို့ အခွန် ၃ဝ ရာခိုင်နှုန်းပေးတယ်။ ဒါတင်မကဘူး လက်နက်ကိုင်တွေကိုလည်း ပေးရသေးတယ်။ ကုန်ကျစရိတ်များတယ်တဲ့ ရှုံးတယ်တဲ့။ အဲ့တော့ သူတို့ ဘာလုပ်မှာလဲ စဉ်းစားကြည့်ပေါ့”ဟု ၎င်းက မှတ်ချက်ပေးသည်။

မော်ချီးမှ ထွက်ရှိလာသော မှောင်ခိုသတ္တုများကို လွိုင်ကော်ရှိ တရုတ်ကုန်သည်များက ဒိုင်ခံ ဝယ်ယူသည်။ လွိုင်ကော်မြို့ နေရာ ၅ ခုထက်မနည်း အရောင်းအဝယ်လက်ခံနေကြောင်းကို ၂၀၁ရ ခုနှစ် ဇူလိုင်လအတွင်း မြေပြင်အချက်အလက်အရ ကန္တာရဝတီတိုင်း(မ်)က စုံစမ်းသိရှိထားသည်။

သို့သော် လွန်ခဲ့သော လအနည်းငယ်က သတ္တုဝယ်ယူသိုလှောင်ထားသော ယင်းနေရာသို့ https://goo.gl/jwYARv ကယားပြည်နယ် အာဏာပိုင်များက ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ကြသည်။ သို့သော် ပိုင်ရှင်မဲ့အဖြစ်သာ အမှုဖွင့်ခဲ့ပြီး ယင်းအမှုသည် ယနေ့ထိတိုင်အောင် လက်သည်မပေါ်သေးပေ။

တရားမဝင်ခဲသတ္တုများ ဝယ်ယူသိုလှောင်ထားသော နေရာသို့ အာဏာပိုင်များက ဝင်ရောက် ရှာဖွေဖမ်းဆီးခဲ့စဉ်(ဓါတ်ပုံ-လင်းသန့်)

ယင်းနေရာများမှတဆင့် ထုတ်ပိုးပြီး တရုတ်နိုင်ငံသို့ မူဆယ်၊ ကျယ်ဂေါင်နယ်စပ်ဂိတ် အသီးသီးမှ ထွက်ခွာနေလျှက်ရှိကြောင်း အမည်မဖေါ်လိုသော လွှတ်တော်ကော်မတီအဖွဲ့ဝင်တစ်ဦးကလည်း ကန္တာရဝတီတိုင်း(မ်)သို့ အတည်ပြုချက်ပေးသည်။

အကြီးစား တရားမဝင်မှောင်ခိုလုပ်ငန်းများကို သတ္တုတူးဖေါ်/ရောင်းဝယ်သော ကုမ္ပဏီများကသာ ပြုလုပ်ကြသည်ကို တွေ့ကြရအုန်းမည်ဖြစ်သည်။

မော်ချီးဒေသ ထွက်ရှိသော ခဲသတ္တု မစ်ထရစ်တန်ချိန် ၄၂ တန်ကို အစိုးရတာဝန်ရှိသူများမှ လက်မှတ်ထိုးထားသော စာရွက်စာတမ်းအတုဖြင့် လိမ်လည်ကာ တရားမဝင်သယ်ဆောင်သွားမှု https://goo.gl/osJZgU ၂၀၁ရ ဩဂုတ်လ ၁၈ ရက်နေ့က ရှမ်းပြည်နယ် တီဂျစ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။

မော်ချီးသတ္တုတွင်းစီမံကိန်း(ရုံခွဲ) တာဝန်ခံ ဦးစန်းဝင်းအောင်ကိုယ်တိုင် ယင်းခဲသတ္တုများသည် ၎င်းတို့ဌာနမှ တရားဝင်ခွင့်ပြုထားခြင်းမရှိဟု ဆိုထားသော်လည်း ပြည်ထောင်စုအဆင့် အမှတ်(၂)သတ္တုတွင်းလုပ်ငန်၏ အဆင့်မြင့်အရာရှိတစ်ဦး၏ ထောက်ခံချက်ပါသော စာများဖြင့် အာဏာပိုင်များမှ လွှတ်ပေးခဲ့သည်။

အစိုရ၏ စစ်ဆေးရေးဂိတ်အသီးသီးကို တရားဝင်မှတ်ပုံတင်ထားသော ကုမ္ပဏီများက အလားတူ နည်းလမ်းအမျိုးမျိုးဖြင့် ကျော်ဖြတ်နေကြသည်မှာ သိသာထင်ရှားလှသည်။ ယင်းကဲ့သို့ မှောင်ခိုသယ်ယူတိုင်း အာဏာပိုင်များမှ အဂတိလိုက်စားမှုများလည်း တပါးတည်း ပေါ်ပေါက်လာသည်။

 Myanmar Golden Bonanza ကုမ္ပဏီက လာရောက် ငှားရမ်းရင်းနှီးမြှပ်နှံထားသော ခဲမဖြု/အဖြိုက်နက်ခွဲခြားသန့်စင်စက်ရုံ(လွိုင်ကော်)ကို အာဏာပိုင်များမှ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့စဉ်(ဓါတ်ပုံ-ဦးညီ)

ဦးသိန်းစိန်အစိုးရလက်ထက်အတွင်း ၂၀၁၁ မှ ၂၀၁၄ အထိ တရားမဝင်ခဲသယ်ယူမှုသည် အမြင့်ဆုံးအချိန်ဖြစ်ကြောင်း ကန္တာရဝတီတိုင်း(မ်)၏ သတင်းရင်းမြစ်က ပြောသည်။ ယင်းအတောအတွင်း မော်ချီးမှ တရုတ်နိုင်ငံအထိ နည်းအမျိုးမျိုးဖြင့် ခဲမှောင်ခို သယ်ဆောင်သွားမှု တန် ၄၀၀ဝ အထိ ရှိခဲ့နိုင်သည်ဟု ယင်းကိစ္စအနီးကပ် လေ့လာနေသူက (လုံခြုံရေးအရ သတင်းရင်းမြစ်၏ နာမည်ကို ဖေါ်ပြမထားပါ။) ဆိုသည်။

၎င်းက မော်ချီး၏ သတ္တုမိုင်းတွင်းရှိ ကျင်းဦးစီးထံသို့ လစဉ်ထွက် ခဲသတ္တုတန်ချိန်များကို စာရင်းပြုစုခဲ့ပြီး သတ္တုတူးဖေါ်ကုမ္ပဏီများ၏ သတ္တုတွင်းဦးစီးဌာနသို့ အမှန်တကယ် ရောက်ရှိသွားသော စာရင်းနှင့် လွန်စွာကွာခြားသည်ဟု ၎င်းက ဆိုသည်။

“သူတို့ နည်းအမျိုးမျိုးနဲ့ သယ်တယ်။ စစ်ဆေးရေးဂိတ်တွေကို ပိုက်ဆံပေးပြီးသယ်တယ်။ မရရင် လက်နက်ကိုင်တွေနဲ့ သယ်ခိုင်းတယ်။ ဒါမှမရရင် လက်မှတ်ထိုးထားတဲ့ စာရွက်စာတမ်းတွေနဲ့ မှောင်ခိုသယ်တယ်။ ခဲစာရင်းဘောင်ချာတွေ ကျနော် ကြည့်ခဲ့ရတယ်။ ကုမ္ပဏီတွေက သူတို့ ခဲထုတ်တာ ရှုံးကြတယ်ပြောပြီး မှောင်ခိုသယ်သွားတာကိုပြော မဟကြဘူး။”ဟု သူက ဆိုသည်။

၂ဝေ၁၅ မြေပြိုပြီးနောက်ပိုင်း မော်ချီတောင်ပေါ်ဒေသရှိ အစိုးရမှ တရားဝင်အသိအမှတ်မပြုထားသော မူလတန်းစာသင်ကျောင်း(ဓါတ်ပုံ-လင်းသန့်)

နယ်စပ်ရှိ တရားမဝင် ဂိတ်၏ မှောင်ခိုဈေးကွက်တွင် အစိုးရက သတ်မှတ်ထားသည့် သတ္တုအရည်အသွေး ၆၅ ရာခိုင်နှုန်းအထက်ရှိ ခဲ ၁ ပိဿာကို ၄၅၀၀ဝ ကျပ် အနည်းဆုံး ပေါက်ဈေးရှိကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

ကယားပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးကမူ https://goo.gl/yRpHMq သယံဇာတမှောင်ခို ထုတ်ယူခြင်းကဲ့သို့ ယင်းပြဿနာကဲ့သို့ ယင်းကိစ္စရပ်များကို ပြည်နယ်အစိုးရက မျက်နှာလွှဲထားသည်ဟု ဝေဖန်သည်။ မကြာခဏဆိုသလို ကယားပြည်နယ်လွှတ်တော်တွင်း အစိုးရ၏ တာဝန်နှင့် ဝတ္တရားများကို လွှတ်တော်အမတ်များက လွှတ်တော်အစည်းအဝေးပြုလုပ်တိုင်း မေးခွန်းထုတ်လေ့ရှိပြီး တာဝန်ရှိသူများကမူ တုံ့ဆိတ်နေကြသည်။

တကျော့ပြန်လည် ကုစား အဖြေရှာခြင်း

မော်ချီးတွင် ခဲသတ္တုများ အဓိကထွက်ရှိသော နေရာတွင် ယခင်ကတည်းက လူနေထိုင်သော ရပ်ကွက်များနှင့် ကျေးရွာများရှိနေကြသည်။ သတ္တုများ ထုတ်ယူရာ မြေအောက် သတ္တုတွင်းများ၏ အထက်တွင် လူထောင်နှင့်ချီ နေထိုင်ကြသည်။

“ကျနော်တို့ ဒေသအတွက် မလုပ်ပေးသေးတဲ့ ဒေသဖွံ့ဖြိုးရေးတွေ ပြန်လိုချင်တယ်။ ဒါပဲပြန်ရရင် ကျေနပ်တယ်။”ဟု ရီဝေဝေမျက်ဝန်းဖြင့် အသက် ၆ဝ အရွယ် ဦးထွန်းဟန် ပြောသည်။

မြေပြိုအက်ကြောင်းများဖြင့် ပြည့်နက်နေသော မော်ချီဒေသရှိမြင်ကွင်းတစ်ခု(ဓါတ်ပုံ-လင်းသန့်)

နှစ်ပေါင်း ၃ဝ နီးပါး မော်ချီးတွင် အခြေချကာ သတ္တုလုပ်ကိုင်လာခဲ့ပြီးနောက်ပိုင်း ဒုံရင်းသာ ရှိနေသော လူမှုဘဝဖွံ့ဖြိုးမှုအခြေအနေနှင့် တဖြည်းဖြည်း တိုး၍ပျက်စီးလာနေသော သဘာဝပတ်ဝန်းကျင်ကို ရည်ရွယ်၍ သူဆိုသည်။

“အရင်စီမံကိန်းလက်ထက်တုန်းကဆို ကျနော်တို့တွေ ကျန်းမာရေးအတွက်ပြောမလား ဆေးခန်းတွေအသင့်ရှိတယ်။ အတိုင်းအတာတစ်ခုအထိ ကျေနပ်စရာဖြစ်ခဲ့တယ်။ ကုမ္ပဏီတွေကို ပေးပြီးနောက်ပိုင်း အရင်က ရခဲ့တဲ့ အခွင့်အရေးတွေ အားလုံးမရှိတော့ဘူး။”ဟုဆိုသည်။

ခဲလုပ်သားများ လုပ်ကိုင်ရာ ပတ်ဝန်းကျင်အနီးတွင် အိမ်ဆိုင်ထဲတွင် အဆာပြေ မုန့်အချို့နှင့် ယင်းဒေသရှိ အလုပ်သမားများ သောက်သုံးသော ယမကာတံဆိပ် ၅ မျိုးလောက်အထိ သူရောင်းချသည်။

၂၀၁၅ မြေပြိုပြီး တောင်ပေါ်နေဒေသခံမာျးမှ နေရပ်ထွက်ခွာရှောင်တိမ်းခဲ့စဉ်(ဓါတ်ပုံ-စိုင်းလင်းလင်းဦး)

“အရင်ကလှပခဲ့တဲ့နေရာမှာ မြေပြိုလာတွေ အချိန်မှီထိန်းဖို့ လိုတယ်။ မလုပ်ပေးနိုင်ရင်လည်း ဦးတို့ဘဝက ကံပဲပေါ့”ဟု သူညီးတွားသည်။

၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ၁ နှစ်တည်းမှာပင် မော်ချီးတွင် အသေးစားတူးဖေါ်သည့် ရဲထွဋ်ကျော်သတ္တုတူးဖေါ်ရေးကုမ္ပဏီနှင့် ကယားဌာနီကုမ္ပဏီတို့၏ ကုန်သွယ်ခွန်နှင့် ဝင်ငွေခွန်စုစုပေါင်းသည် သိန်း ၁၀၀ဝ နီးပါးရှိခဲ့သည်။ ယင်းသည် ၂၀၁၅-၁၆ ကယားပြည်နယ်၏ စုစုပေါင်း အခွန်ရရှိငွေ၏ ၁ဝ ရာခိုင်နှုန်းနီးပါးရှိနေသည်။

အကြီးစားတူးဖေါ်သော KNPC ကုမ္ပဏီ၏ အခွန်ငွေစာရင်းကိုမူ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွက် Myanmar EITI အစီရင်ခံစာတွင်သာ မြင်တွေ့ရုံကလွဲပြီး ကျန်နှစ်များအတွက်ကိုမူ အတိအကျမသိရှိရသော်လည်း အသေးစားတူးဖေါ်သည့် ကုမ္ပဏီများထက် ထုတ်လုပ်မှုများ များပြားမည်ဖြစ်သည်။ ထို့အတူ အခွန်ငွေများလည်း များပြားမည်ဖြစ်သော်လည်း ကိန်းကဏန်အတိအကျအား ပြည်သူများ သိခွင့်မရခဲ့ပေ။

ခဲလုပ်သားတစ်ဦး မြေစာစွန့်ပစ်နေစဉ်(ဓါတ်ပုံ-လင်းသန့်)

ခေတ်အဆက်ဆက် တာဝန်ဝတ္တရားအရ ဆောင်ရွက်ပေးရမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကုမ္ပဏီများမှ လစ်လျူရှု့ခဲ့သည့်အပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တောင်းဆိုနေသော ဒေသခံများ၏ ဆန္ဒသဘောထားများကို မျက်ကွယ်ပြုခဲ့သည်။

“တစ်နှစ် တစ်နှစ် ကုမ္ပဏီက ရခဲ့တဲ့ အမြတ်ရဲ့ ၂ ရာခိုင်နှုန်းလောက်ဖြစ်ဖြစ် ဒေသဖွံ့ဖြိုးရေးအတွက်ပဲ ပြန်သုံးကြည့်ပါလာ။ မြေပြိုတဲ့နေရာတွေ ထိန်းသိမ်းနိုင်တဲ့အပြင် စာသင်ကျောင်း၊ ဆေးရုံ တောင်မပြောနဲ့ တောင်ပေါ်တက်တဲ့ လမ်းတွေကို ကတ္တရာတွေ ထူနေအောင်ခင်းပစ်လို့ရမှာသေချာတယ်။”ဟု မော်ချီးဒေသခံ ဦးထွန်းလင်းက ဆိုလိုက်သည်။

Related Stories