spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တောမီးကြောင့် ဒီးမော့ဆိုမြို့ ဒေါဘူးငံရယ် ကျေးရွာရှိ နေအိမ် ၄လုံးခန့် မီးလောင်

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ်၊ ဒေါဘူးငံရယ် ၅မိုင် ကျေးရွာမှာ ဧပြီလ ၁၄ ရက်နေ့က တောမီးလောင်ကျွမ်းပြီးနောက် ကျေးရွာအနီးထိ ကူးစက်မှုရှိလာပြီး နေအိမ် ၄လုံးခန့် မီးလောင်ခဲ့တယ်လို့ နေအိမ်သန့်ရှင်းရေးပြန်လုပ်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

“နေ့လည် ၁၁ နာရီခွဲလာ၊ ၁၂ နာရီ၀န်းကျင်ပေါ့။အဲ့အချိန်လောက်မှာစလောင်တယ်လေး။ စစ်ရှောင်ရင်းနဲ့ရွာကိုပြန်ရှင်း ရင်းနဲ့ပေါ့။သူတို့တောင်ယာရှင်းတာလား ဘာလဲတော့မသိဘူး။အဲ့ကနေစပြီးတော့ ဒီ ဒေါပိုးစီ ရွာဖက်ကနေ စပြီးတော့လောင်ပြီးတော့ ကူးလာတာပေါ့။ အဲ့ဒါ ၅မိုင်ရွာဖက် ကူးလာတာပေါ့။ အိမ် ၄လုံးပါသွားတယ်နဲ့တူတယ်။ အတိအကျလည်း လိုက်မကြည့်နိုင်ဘူးလေ။ လိုက်လည်းမကြည့်ရဲဘူး အရှေ့မှာ မိုင်းရှိတယ် ဘာညာပြောတော့ သွားလည်းမကြည့်ရဲဘူး။ “လို့ သန့်ရှင်းရေးပြန်လုပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

တောမီးကြောင့် ၅မိုင်ရှိ နေအိမ် ၄လုံးခန့် မီးလောင်ပြာကျသွားခဲ့တယ်လို့သူကဆက်ပြောပါတယ်။ မီးလောင်နေစဥ်မီးရှိန်များတာကြောင့် မီးငြိမ်းဖို့ ရေမရှိသလို လူအင်အားလည်းမရှိတဲ့အတွက် မီးမငြိမ်းနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

ယမန်နေ့ တစ်နေ့လုံး မီးလောင်ခဲ့ပြီးနောက် ဧပြီ ၁၅ရက်နေ့ မနက်ပိုင်း သွားကြည့်တဲ့အခါ မီးဆက်လောင်တာမရှိတော့ပေမယ့် ထင်းပုံတွေမီးစွဲနေတုန်းပဲလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒေါဘူးငံရယ် ၅မိုင် ကျေးရွာရှိ ရွာသူရွာသားတွေဟာ စစ်ရှောင်နေတာ ၂နှစ်ဝန်းကျင်ရှိနေပြီး နေရပ်ပြန်နေထိုင်ခြင်းမရှိကြသေးပေမယ့် နေအိမ်သန့်ရှင်းရေးပြန်လုပ်ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လကတည်းက ရွာတွင်း နေအိမ် သန့်ရှင်းရေးပြန်လုပ်နေကြပေမယ့် နေအိမ်အများစုမှာ ခြုံထူနေဆဲပဲလို့ ဆိုပါတယ်။ မိုင်းအန္တာရာယ်လည်း စိုးရိမ်ရတာကြောင့် ဒေသခံအများစုဟာ နေအိမ်သန့်ရှင်းရေး ပြန်မလုပ်သလို သန့်ရှင်းရေးပြန်လုပ်သူကလည်း သတိနဲ့သွားလာရတယ်လို့ ပြောပါတယ်။

လွိုင်ကော်-ဒီးမော့ဆိုသွားတဲ့လမ်းမကြီးတစ်လျှောက်က ကျေးရွာတွေဖြစ်တဲ့ ဒေါပိုးစီ၊ ဒေါဘူးငံရယ်၊ ၆မိုင်၊ ဘက်တလင်၊ ဒေါခလိုက်လင်း၊ ငွေတောင် ကျေးရွာဖက်က ဒေသခံတွေက ၂၀၂၁ခုနှစ် မေလက စတင်ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေကြောင့် အစောဆုံး စစ်ရှောင်ခဲ့ရတဲ့ ကျေးရွာတွေဖြစ်ကြပါတယ်။ အဆိုပါ နေရာတွေမှာ စစ်ကောင်စီတပ်က တပ်စွဲနေထိုင်လျက်ရှိနေပြီး ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက်ရှိနေပါတယ်။

spot_img
spot_img