ကန္တာရဝတီတိုင်း(မ်)
၂၀၂၄ခုနှစ်၊ မေလ (၃၁)ရက်နေ့မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တော်လှန်ရေးကာလ သုံးနှစ် ပြည့်မြောက်ခဲ့ပြီး သုံးနှစ်တာကာလအတွင်း KNDF တပ်ဖွဲ့ဝင် (၃၆၈)ဦး ကျဆုံးခဲ့ရတယ်လို့ KNDF စစ်ရေးချုပ် ခူးရီးဒူ က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
“ ဒါကတော့ စစ်ရေးအရ ပြန်ပြီးတော့ ကြည့်မယ်ဆိုလို့ရှိရင် တစ်ဖက်က အောင်မြင်မှုတွေရရှိတယ်။ သို့သော် အဲ့ဒီရဲ့ နောက်ကွယ်မှာတော့ ပေးဆပ်မှုတွေများတယ် ဆိုတဲ့ အရာလည်း ကျနော်တို့ အနေနဲ့ သတိချပ်ဖို့ လိုတယ်ဆိုတဲ့ဟာပေါ့။ “ လို့ ခူးရီးဒူက ပြောပါတယ်။
KNDF ဖွဲ့စည်းပြီး သုံးနှစ်မြောက်အတွင်း မယ်စဲ့မြို့သိမ်းတိုက်ပွဲ၊ ထိုင်း-ကရင်နီ နယ်စပ်တစ်လျှောက် စစ်ကောင်စီတပ်စခန်း၊ ဖားဆောင်းမြို့နယ်အတွင်း တိုက်ပွဲ၊ ရှားတောဗျူဟာကုန်းတိုက်ပွဲ၊ ၁ လေးလုံး လွိုင်ကော်မြို့ပြစစ်ဆင်ရေး၊ မိုးဗြဲ – ဖယ်ခုံ အခြေစိုက် စစ်ကောင်စီတပ်စခန်း တွေကို တော်လှန်ရေးပူးပေါင်းတပ်ကနေ တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
ကျဆုံးခဲ့ရတဲ့ တပ်ဖွဲ့ဝင် အများစုကတော့ ထိတွေ့တိုက်ပွဲတွေအတွင်း ကျဆုံးခဲ့တာဖြစ်တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောပါတယ်။
“ တိုက်ပွဲထဲမှာကျတာ ဖြစ်ပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်၊ လေကြောင်းတိုက်ခိုက်မှု ၊ မိုင်း
စသည် တို့ကြောင့် ကျဆုံးတာဖြစ်ပါတယ်။ “ လို့ သူက ဆိုပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဟာ ကရင်နီပြည်မှာ ရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအထဲ တပ်အင်အား အများဆုံးဖြစ်ပါတယ်။ ၂၀၂၄ခုနှစ်၊ မေလ အထိ တပ်ရင်း (၂၈)ရင်း၊ ဗျူဟာ (၇) ခုနဲ့ ဖွဲ့စည်းထားပြီး တပ်အင်အား တစ်သောင်းကျော် ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်းမှာလည်း KNDF ထံ ဝင်ရောက်လာကြတဲ့ သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
အာဏာသိမ်းပြီးနောက် တော်လှန်ရေးကာလသုံးနှစ်အတွင်း ကရင်နီပြည်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင် (၅၇၈)ဦး ကျဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ဇွန်လ (၁)ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။